အလုပ်လုပ်ရင်း ကိုယ်လက်လှုပ်ရှားမှု လုပ်နည်းများ

ရုံးလုပ်ငန်းလုပ်တဲ့သူတွေဟာ ရုံးလုပ်ငန်းတွေရဲ့ထုံးစံအတိုင်း အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတဲ့အတွက် အဝလွန်ခြင်းအပြင် နှလုံးရောဂါ လေဖြတ်တာ၊ ကင်ဆာရောဂါ အစရှိတာတွေကိုပါ ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။

ဒီလိုအထိုင်များတဲ့ ရုံးလုပ်ငန်းတွေကို အရှုံးမပေးဘဲ ရုံးခန်းအတွင်းမှာ မကြာခဏမတ်တတ်ရပ်တာမျိုး၊ လမ်းလျောက်တာမျိုးတွေလုပ်ပေးရင် ထိုင်နေတာထက် ကယ်လိုရီ ၅၀ လောက် ပိုမိုလောင်ကျွမ်းစေပါတယ်လို့ ကျန်းမာရေးပညာပေးတွေကဆိုပါတယ်။

အကြောဆန့်တာ၊ ခြေထောက်ကို လှုပ်ရှားပေးတာလိုမျိုး လှုပ်ရှားမှုအသေးစားလေးတွေဟာ ထိုင်နေတဲ့အခါထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ၂၀-၄၀ ရာခိုင်နှုန်း လောက် ပိုမိုမြန်ဆန်ပါတယ်။ အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်ရတော့မယ်ဆိုရင် မကြာခဏထရပ်တာနဲ့ လမ်းလျောက်တာကို ဘယ်လိုဖြည့်ပြီး ထပ်လုပ်ရမလဲလို့ မေးမယ်ဆိုရင် အဓိကကတော့ ပုံမှန်လုပ်နေကျအလုပ်ရဲ့ လုပ်ငန်းဆောင်တာအစီအစဉ်တွေကြားမှာပဲ လမ်းလျောက်တာ၊ မတ်တတ်ရပ်တာကို အာရုံစိုက်၊ သတိထားပြီး ထပ်ဆောင်း ပြုလုပ်နိုင်ဖို့ပါပဲ။

၁။ အလုပ်လုပ်နေတဲ့တစ်နေ့တာအတွင်း လမ်းလျောက်ဖို့ အခွင့်အလမ်းများကို ရှာကြံပါ။

ရုံးရဲ့ဥယျာဉ်အတွင်းမှာ လမ်းလျောက်အနားယူတာဟာ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပြီး စိတ်ကို ပိုမိုကြည်လင်စေ သလိုပဲ ဖုန်းပြောနေစဉ်အတွင်း မတ်တတ်ထပြောတာ၊ တစ်နာရီခြားတစ်ခါ ရုံးခန်းထဲမှာပဲ လမ်းထလျောက်တာဟာလည်း စိတ်ကို ကြည်လင်စေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ တစ်နေ့တာအတွင်းမှာ ကိုယ်လက်လှုပ်ရှားမှုတွေကို အချိန်ရရင် ရသလို ရှာဖွေပြုလုပ်သင့်ပါတယ်။

အနားယူချိန် – အလုပ်လုပ်နေစဉ်မှာ အနားယူချိန်ကို သတ် သတ်မှတ်မှတ် မရှိရင်တောင်မှ အချိန်ကြာမြင့်လာရင် စိတ် တွေထိုင်းမှိုင်းလာတာကိုတော့ သတိထားမိမှာပါ။ အဲလို ထိုင်းမှိုင်းလာပြီဆိုရင် ကော်ဖီနောက်တစ်ခွက်ထပ်သောက် တာမျိုးမလုပ်ဘဲ ရုံးခန်းအတွင်းမှာ ငါးမိနစ်၊ ဆယ်မိနစ်လောက် လမ်းလျောက်လှုပ်ရှားတာမျိုး လုပ်သင့်ပါတယ်။

နေ့လယ်စာစားချိန် – နေ့လယ်စာစားချိန်ဟာ ၃၀ မိနစ်၊ တစ်နာရီလောက်ရတယ်ဆိုရင် အဲဒီအချိန်မှာ ကိုယ်လက်လှုပ် ရှားတာမျိုး၊ အကြောဆန့်၊ အကြောလျော့တာမျိုး လုပ်သင့် ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နေ့လယ်စာစားပြီး တခြားသရေ စာမစားဘဲ သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး လမ်းထွက် လျောက်သင့်ပါတယ်။

အလုပ်မသွားမီနဲ့ အလုပ်ပြီးချိန် – ဆယ်မိနစ်လောက်ပဲဖြစ် ဖြစ်၊ မိနစ်အနည်းငယ်လောက်ကို အလုပ်မသွားမီ၊ ဒါမှမဟုတ် အလုပ်ပြီးချိန်တွေမှာ အချိန်ယူပြီး ကိုယ်လက်လှုပ်ရှား လေ့ ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ အလုပ်ပြီးချိန်မှာ သင့်ကလေး အားကစားလုပ်နေတာကို သွားကြိုတော့မယ်ဆိုရင် အားကစားဝတ်စုံယူသွားပြီး ကလေးအားကစားလုပ်နေတဲ့အချိန်မှာ လမ်း လျောက်ပြီး လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

၂။ အလုပ်စားပွဲမှာ မတ်တတ်ရပ်ပြီး ဖုန်းပြောပါ။

အလုပ်မှာ မတ်တတ်ရပ်ပေးတာဟာ ထိုင်နေတာထက်စာရင် ခန္ဓာကိုယ်ကိုအလေးချိန်ဖိအားပိုစေတဲ့အတွက် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါ တယ်။ တစ်နေ့တာလုပ်ငန်းခွင်မှာ မတ်တတ်ရပ်ပေးတာဟာ ခြေထောက်တွေကိုလည်း ကြံ့ခိုင်ပြီး ခံနိုင်ရည် ရှိစေပါတယ်။ ဒါအပြင် ဖုန်းပြောနေစဉ်တစ်ချိန်လုံး ထိုင်မနေဘဲ မတ်တတ်ရပ်ပြောတာဟာ လုပ်လက်စအလုပ်အပေါ်မှာ အာရုံစုစည်းမှုမရှိစေတော့ဘဲ တစ်ဖက်ဖုန်းပြောသူအ ပေါ်ကို စိတ်ပါဝင်စားမှုအပြည့်နဲ့ ဖုန်း ပြောဆိုနိုင်ပါတယ်။

– ကြိုးမဲ့ Hand-free ဖုန်းကို ဝယ်ယူအသုံးပြုထားမယ်ဆိုရင် ရုံးအတွင်းမှာ နေရာမရွေး မတ်တတ်ရပ်ပြီး ဖုန်းပြောဆိုနိုင်ပါတယ်။ အထူးသဖြင့် ဒီနည်းလမ်းဟာ စိတ်အနှောင့်အယှက်ဖြစ် စရာ လုပ်ဖော်ကိုင်ဖက်တချို့နဲ့ ဝေးရာ ကို ခဏထွက်သွားနိုင်တာဖြစ်တဲ့အတွက် ကြိုးဖုန်းနဲ့ ခြေချုပ်မိမနေသင့်ဘဲ မတ်တတ်ရပ်၊ လမ်း လျောက်ပြီး ပြောနိုင်တဲ့ကြိုးမဲ့ဖုန်းကို အသုံးပြုသင့်ပါတယ်။ (ရုံးကိုလည်းရှင်းပြပြီး ကြိုးမဲ့ဖုန်းတွေလဲခိုင်းသင့်ပါတယ်)။

– ဖုန်းပြောနေစဉ်အတွင်း မှတ်စရာ၊ ရေးစရာရှိလာရင် ပြန် ထိုင်ပြီးရေးမှတ်ပါ။ ဒီလိုထိုင်လိုက်၊ ထလိုက် ပြုလုပ်ပေး တာဟာ ကိုယ်လက်လှုပ်ရှားရာရောက်တဲ့အတွက် ကယ် လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ တစ်ချိန်လုံးထိုင်မြဲတိုင်းထိုင်ပြီး လုပ်နေတာဟာ ထိုင်းမှိုင်းလာစေမှာ ထက်စာရင် ထိုင်နေစဉ်အတွင်း ကိုယ်နေဟန်ထားပြောင်း လဲတာဟာ လုပ်လက်စအလုပ်အပေါ်မှာ စိတ်အာရုံဝင်စားမှုကို အားကောင်းစေပါတယ်။

၃။ မတ်တတ်ထပြီး ကိုယ်လက်လှုပ်ရှားမှုကို သတိပေးနိုင်ဖို့ Alarm ပေးထားပါ။

အလုပ်ထဲမှာ နစ်မျောပြီး မနားတမ်းအလုပ်တွေ ဆက်လုပ် သွားမိနိုင်တာကြောင့် လမ်းထလျောက်ဖို့ သတိပေးနိုင်တဲ့ Alarm ပေးတာတို့၊ အချိန်မှတ်တာတို့ ပြုလုပ်ထားသင့်ပါ တယ်။ အစည်းအဝေးကြီးတွေ၊ အရေးပေါ်အစည်းအဝေးတွေ ပြုလုပ်ရမယ်ဆိုရင်တော့ Alarm ပေးထားတာကို ပြန် ပြင်ပြီးနောက်မှ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့ အစီအစဉ် ပြန်ဆွဲပါ။

– လက်ပတ်နာရီကို အသုံးပြုပါ။ ရုံးခန်းအတွင်းမှာ တစ် နေ့လုံးအလုပ်လုပ်နေရတဲ့အတွက် မိမိလက်ပတ်နာရီကို အသုံးပြုပြီး သတိပေးထားတာဟာ အဆင်ပြေဆုံး နည်း လမ်းပါ။

– ကွန်ပျူတာက Alarm ပေးထားပါ။ ကွန်ပျူတာရှေ့မှာ တစ်ချိန်လုံးအလုပ်လုပ်နေရတဲ့သူတွေအတွက် ကွန်ပျူတာ မှာရှိတဲ့နာရီက Alarm ဟာ အသင့်တော်ဆုံးပါ။ နာရီ အနည်းငယ်ကြာတိုင်းထပြီး အကြောလျော့အကြော ဆန့်ပြုလုပ်ဖို့ Alarm ပေးမယ်ဆို အကျိုးရှိစေပါ လိမ့်မယ်။ ရုံးတွင်းမှာ လေ့ကျင့်ခန်းလုပ်နည်းဆော့ဖ်ဝဲတွေကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားနိုင်တဲ့အတွက် လမ်းထလျောက်တာ အကြောလျော့၊ အကြောဆန့်တာအပြင် တခြားလေ့ကျင့်ခန်းတွေကိုပါထည့်သွင်းပြုလုပ်နိုင်ပါတယ်။

၄။ ရုံးမဆင်းမီ အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်ပါ။

တစ်နေ့တာလုပ်ငန်းတွေ ဆောင်ရွက်ပြီး ညနေဘက် ရုံးမဆင်းမီမှာ အလုပ်စားပွဲနေရာမှာ ပစ္စည်းတွေ နေရာတကျပြန်စီပြီး ရှင်းလင်းရေးပြုလုပ်တာဟာလည်း ကိုယ်လက်လှုပ်ရှားမှုပြု စေတဲ့နည်းလမ်းကောင်းတစ်ခုပါ။ ဒါအပြင် ရုံးအတွင်းမှာ အလုပ်သမားတိုင်း စားပွဲတွေကို ရှင်းလင်းစေတာဟာ ရုံးနဲ့ ပတ်သက်တဲ့ လျို့ဝှက်ချက်နဲ့သတင်းအချက်အလက်တွေ ပေါက်ကြားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရုံးခန်းစားပွဲနေရာတွေကို Top Secret အဖြစ်ယူဆပြီး စာရွက်စာတမ်းတွေကို စီရီလုံခြုံအောင် နေရာချပြီး မလိုအပ်တဲ့ပစ္စည်းတွေနဲ့ အမှိုက်တွေကို စွန့်ပစ်သင့်ပါတယ်။

– စားပွဲရှေ့မှာရပ်ပြီး စာရွက်တွေကို ညီအောင် နေရာချပါ။ ဒီလိုမတ်တတ်ရပ်ပြီး စာရွက်စာတမ်းတွေကို စီရီ နေရာချတာဟာ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတဲ့အပြင် ရှုပ်ပွနေတဲ့စားပွဲမှာ ဘယ်နေရာမှာ ဘာရှင်း ရမလဲဆိုတာ ပိုမြင်သာစေပါတယ်။

– သင့်ရဲ့ရုံးစားပွဲနေရာမှာ ပစ္စည်းတွေ စီစဉ်နေရာချပြီး သန့်ရှင်းရေးလုပ်လို့ မပြီးမချင်း ရုံးဆင်းပြီး အိမ်ပြန်ဖို့ လုံး၀ မပြုလုပ်ပါနဲ့။ ညနေတိုင်း ရုံးမဆင်းမီ အလုပ် နေရာကို ရှင်းလင်းရေးတွေ ပြုလုပ်တာဟာ အချိန် ကြာလာတာနဲ့အမျ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူလာပြီး ရလဒ်ကောင်းတွေရတဲ့အထိ အဆင်ပြေချောမွေ့လာစေပါတယ်။

၅။ သင်နဲ့အတူ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ အဖော်တစ်ယောက်ရှာပါ။

ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုပြုလုပ်ဖို့အတွက် သူငယ်ချင်း အဖော်တစ်ယောက်ရတာဟာ ပျင်းရိငြီးငွေ့စရာမကောင်း တော့တဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် အားပေးပြီး ပြု လုပ်နိုင်ပါတယ်။ မတ်တတ်ထလိုက်၊ လမ်းလျောက်လိုက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို နှစ်ယောက်လုပ်နေရတဲ့အတွက် တခြားလုပ်ဖော်ကိုင်ဖက်တွေအမြင်မှာ အူကြောင်ကြောင်ဖြစ် မနေတော့ဘဲ အဲဒီလုပ်ဖော်ကိုင်ဖက်တွေကိုလည်း အတူလိုက် လုပ်ဖို့ ဖိတ်ခေါ်နိုင်ပါသေးတယ်။

– ရုံးအတွင်းကို လမ်းလျောက်ဖို့အချိန်ကို ညှိထားပါ။ နေ့လယ်စာစားချိန်နဲ့ ခေတ္တအနားယူချိန်တွေ တူနေမယ်ဆို ရင် အဲဒီအချိန်တွေမှာ အတူလမ်းလျောက်လို့ရပါတယ်။ ဒါဟာ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတဲ့အပြင် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အလုပ်ကိစ္စတွေမှာပါ ပိုမိုရင်း နှီးကျွမ်းဝင်စေပါတယ်။

– နေ့လယ်စာကို မတ်တတ်ရပ်စားလို့ရတဲ့ စားပွဲခပ်မြင့် မြင့်မှာ အတူစားပါ။ ထိုင်ခုံမှာထိုင်ပြီး နေ့လယ်စာ စားတာဟာ လုပ်ဆောင်နေကျဖြစ်ပေမဲ့ စားပွဲအမြင့်မှာ စားဖို့ ကြိုးစားကြည့်ပါ။ လမ်းလျောက်ပြီး စားစရာ မလိုပေမဲ့ အနည်းဆုံးတော့ မတ်တတ်ရပ်ပြီး နေ့လယ်စာ စားတာဟာ ကြာကြာထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေ အတွက် အညောင်းအညာပြေစေပါတယ်။

၆။ တစ်နေ့တာအတွင်းမှာ ပျော်ပျော်ရွှင်ရွှင်သွက်သွက်လက်လက်နဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပါ။

လုပ်ချင်တဲ့ကိုယ်လက်လှုပ်ရှားမှု၊ လမ်းလျောက်ခြင်းတို့ကို ပိုမိုလုပ်ဆောင်ရာမှာ စက်ရုပ်တစ်ရုပ်လို လုပ်ဆောင်ရမှာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ရွေးချယ်စရာ၊ လုပ်စရာ ဘာမှမရှိတော့ဘူးလို့ထင်မိတဲ့ထိအောင် တစ်ချိန်လုံး ထိုင်နေမိတတ် ပါတယ်။ ရွေးချယ်စရာ၊ လုပ်စရာတွေ ရှိပါသေးတယ်။ စိတ်ပျော်ရွှင်စရာတွေကို ရှာဖွေပြီး ဂိမ်းတစ်ခုအနေနဲ့ ဆောင်ရွက်လိုက်ပါ။

– အောင်မြင်မှုကြီးကြီးမားမား၊ သဘောတူညီမှု ကြီးကြီး မားမား၊ ဒါမှမဟုတ် လုပ်နေတဲ့အလုပ်တစ်ခုပြီးသွား ရင်တောင် ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်ပစ်လိုက်ပါ။ အောင်မြင်မှုတစ်ခုခုရတိုင်း၊ အလုပ်တစ်ခုခုပြီးစီးတိုင်း ကခုန်မြူးတူးလိုက်တာဟာ ကယ်လိုရီတွေ ဘယ်လောက် လောင်ကျွမ်းသွားနိုင်တယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ဒီလို ကခုန်မြူးတူးတာဟာ ရှက်စရာလို့ ထင်ရင်ပဲဖြစ် ဖြစ်၊ ဒီလိုခုန်ပေါက်လိုက်လို့ ကယ်လိုရီတွေ လောင် ကျွမ်းနိုင်တာမသိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်နေ ရင်ဖြစ်ဖြစ်ဆိုရင်တော့ တံခါးအလုံပိတ်ထားတဲ့အခန်းထဲမှာ ခုန်ပေါက်လိုက်ပါ။ ဒီလိုအရာတွေက သင် ခုန် ပေါက်ပျော်ရွှင်တာကို မရပ်တန့်နိုင်ပါစေနဲ့။

– အလုပ်စားပွဲနေရာမှာ အကြောဆန့်ပါ။ မတ်တတ်ရပ်ပြီး လက်တွေကို အပေါ်ဆန့်တန်းလိုက်ပါ။ လက်တွေ ခြေမကို ထိအောင် ခန္ဓာကိုယ်ကို တစ်ဖက်တစ်ချက်စီ ကိုင်းလိုက်ပါ။ ဒါမှမဟုတ် ထိုင်နေရက်အကြောဆန့်၊ အကြောလျော့တာဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လန်း ဆန်းသွားစေနိုင်ပါတယ်။ ဒီလိုမျိုး အကြောဆန့်၊ အကြောလျော့တာဟာ အချိန်ဘယ်လောက်မှ မကြာပေမယ့် အလုပ်လုပ်ရာမှာ အထောက်အကူအများကြီး ပေးပါတယ်။

၇။ ဘယ်နေရာရောက်ရောက် တစ်နေ့တာအတွင်းမှာ မတ်တတ်ရပ် အလုပ်လုပ်ရင်း လုပ်ငန်းတွေကို ပိုမိုပြီးစီးအောင် ဆောင်ရွက်ပါ။

မတ်တတ်ရပ်ရင်း အလုပ်လုပ်တာကို အလေ့အကျင့်တစ်ခုဖြစ်စေဖို့ ရက်သတ္တပတ်အနည်းငယ်လောက် အချိန်ယူလိုက်ပေ မယ့် ဇက်ကြောတက်မှုနည်းလာတာ၊ လည်ပင်းနဲ့ပခုံးမှာ အကြောတင်းမှုနည်းလာတာ၊ ခြေသလုံးကြွက်သားမှာ ဖိအားခံရမှုတွေ နည်းလာတာ၊ ဝမ်းဗိုက်မှာ အဆီတွေ ကျသွားတာ စတဲ့ အကျိုးရလဒ်တွေကို သိမြင်လာပါလိမ့်မယ်။ အချိန် ကြာလာတာနဲ့အမျ ကိုယ်လက်လှုပ်ရှားမှုတွေဟာ သင့်ကိုကျန်းမာပြီး နားလည်လက်ခံ၊ ညှိယူနိုင်စွမ်း ပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာစေပြီး အလုပ်လုပ်ဆောင်ရာမှာ တိုးတက်မှုတွေရှိလာကာ အလုပ်မှာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာစေမှာပါ။

သွင်ထူး