အမြဲတမ်း Well Perform လုပ်နိုင်ခဲ့တဲ့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့အရည်အချင်းတွေကို သိပ်မပြနိုင်တော့တဲ့အခါ

အမြဲတမ်း Well Perform လုပ်နိုင်ခဲ့တဲ့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့အရည်အချင်းတွေကို သိပ်မပြနိုင်တော့တဲ့အခါ Performance တက်အောင် ဘယ်လိုပြန်ပြီး လုပ်ပေးသင့်ပါသလဲ။

အလုပ်မှာ အမြဲကောင်းအောင်စွမ်းဆောင်၊ လုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ရဲ့အပြောင်းအလဲ၊ တစ်နည်းအားဖြင့် စွမ်းဆောင်ရည် နိမ့်ကျလာရတဲ့ကိစ္စမှာ အကြောင်းရင်း တော့ ရှိပါလိမ့်မယ်။ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်မယ်ဆိုရင် ကျန်းမာရေးမကောင်းဘူးလား၊ မိသားစုအိမ်တွင်းရေးလားဆိုတာ စဉ်းစားနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ပြောတတ်တဲ့သူဆိုရင်တော့ သူ့ဘက်ကဖွင့်ပြောလာဖို့ရှိပါတယ်။ သူကပြောမလာသည့်တိုင် ကိုယ်ကအရင် အခြေအနေကိုသိချင်တယ်၊ ကူညီဖို့စိတ်ရှိတယ်ဆိုတာကလည်း မှန်ကန်တဲ့ Human Resources Management လို့ ပြောရမှာပါ။

ပထမဦးဆုံးအနေနဲ့ကတော့ သတိထားပြီး တာဝန်ပေးပြီး စကားပြောခွင့်ဖန်တီးပါ။ စကားပြောရင်းနဲ့ အကဲခတ်နိုင်ပါတယ်။ ပေးလိုက်တဲ့တာဝန်နဲ့ ကိုယ့်ဆီပြန်လာတွေ့တဲ့အခါ သူလုပ်လာတဲ့အလုပ်နဲ့ဖြစ်စေ၊ ပေါ့ပေါ့ပါးပါး အလုပ်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အကြံဉာဏ်တောင်းတာ၊ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ကိစ္စကြီးငယ်ရှိသလား စတဲ့မေးခွန်းမျိုးတွေ မေးတာ၊ ပြောတာ လုပ်နိုင်ပါတယ်။

သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခုရှိနေတာမျိုးသိရရင်လည်း ကူညီပေးတာ၊ နားထောင်ပေးတာ၊ အနားယူဖို့လိုတယ်ဆိုတာသိရရင်လည်း နားခွင့်ပေးတာ၊ အကြံဉာဏ်ပေးတာမျိုး လုပ်နိုင်ပါတယ်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)