အထက်လူကြီးရဲ့ ကြမ်းတမ်းတဲ့ဆက်ဆံရေးပုံစံ

ကျွန်တော့်ရဲ့အထက်လူကြီးက စကားပြောရင် လေသံ၊ မျက်နှာထား၊ သုံးတဲ့စကားအသုံးအနှုန်းတွေကပါ ကြမ်းပါတယ်။ ဒီလိုအထက်လူကြီးနဲ့ ဘယ်လိုအဆင်ပြေအောင် နေထိုင်လုပ်ကိုင်ရပါမလဲ။ အဲဒီလိုဖြစ်တဲ့ အခြေအနေကိုလည်း မကြိုက်ပါဘူး။ အလုပ်ထွက် သင့်ပါသလား။

အထက်လူကြီးရဲ့ ကြမ်းတမ်းတဲ့ဆက်ဆံရေးပုံစံ၊ အပြောအဆိုတွေနဲ့ မျက်နှာထားကအစ ခံစားနေရတဲ့ ဝန် ထမ်းအဖို့ အပြောင်းအလဲဘယ်လိုလုပ်သင့်တယ်ဆိုတာ အလေးထားပြီးတော့ စဉ်းစားတာမှန်ပါတယ်။ ပထမဆုံး စဉ်းစားရမှာကတော့ ဒီလိုဆက်ဆံတဲ့ပုံစံက လက်အောက်ငယ်သားတွေအများအပေါ်မှာလား၊ တစ်နေရာတစ်အုပ်စု ပေါ်မှာလားဆိုတာပါ။ တစ်အုပ်စုအပေါ်မှာဆိုရင် တော့ သူလိုလားတဲ့လုပ်ဆောင်မှုမရလို့လား၊ ဘာတွေကို သဘောမကျဖြစ်နေတာလဲ၊ ကိုယ့်လုပ်ကိုင်ပုံတွေနဲ့ပတ်သက်ပြီး ဘယ်လိုအရာတွေက သူ့ကိုအဆင်မပြေဖြစ်စေတာလဲဆိုတာ သတိထားကြည့်ဖို့ လိုပါလိမ့်မယ်။
ကိုယ့်ဘက်က အကောင်းဆုံးလုပ်နေရက်သားနဲ့ အမြဲပဲမကျေနပ်နိုင်တဲ့ ဆက်ဆံရေးပုံစံနဲ့ဖြစ်နေတာဆိုရင် တော့ ပြောင်းရွှေ့ဖို့ စဉ်းစားတာမမှားပါဘူး။ ဒါပေမဲ့ ကိုယ့်ဘက်ကများ ကောင်းမယ်ထင်တဲ့ပြောင်းလဲမှုတွေ (လုပ်နိုင်မယ်ဆိုရင်) လုပ်ကြည့်နိုင်၊ ကြိုးစားကြည့်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ လက်တွဲဖြုတ်ဖို့ စဉ်းစားတာလည်း အဖြေတစ်မျိုးဖြစ်နိုင်မှာပါ။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)