အစုရှယ်ယာထည့်ဝင်ငွေနှင့် ဝင်‌ငွေခွန်

၂၀၂၀ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့က အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ဥပဒေပုဒ်မ ၂၅ ကို မူလဥပဒေကြမ်း (ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ပြင်ဆင်ချက်မပြုလုပ်ရသေးသော)တွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ဖော်ပြထားပါသည်။ သို့သော် အတည်ပြုလိုက်သည့်အခါတွင်မူ နှုန်းထားအသစ်ဖြင့် ဆက်လက်သက်သာခွင့်ပေးထားသည်ကို တွေ့ရှိရပါသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဆိုသည်မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၄ အရ မည်သူမဆို မိမိမည်ကဲ့သို့ရရှိခဲ့သည်ကို အတိအကျမဖြေရှင်းနိုင်သည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း၊ သို့မဟုတ် ငွေအပါအဝင် ဖြစ်သော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းတစ်ရပ်ရပ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်းတန်ဖိုး၊ သို့မဟုတ် ဝင်ငွေအပေါ်တွင် အခွန် ထမ်းဆောင်ရမည်။ ဤပုဒ်မအရဝင်ငွေကို နည်းဥပဒေများဖြင့် ပြဌာန်းထားသည့်အတိုင်း တွက်ချက်ရမည်ဟု ဖော်ပြထားပါသည်။ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ(စကလက) ဟူသောစကားရပ်မှာ မူလဝင်ငွခွေန် ဥပဒေတွင်ပါရှိခဲ့သော ရလမ်းမဖော်ပြနိုင်သည့်ဝင်ငွေ (ရလမဖ)ကို ၂၀၁၄ ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၉ အရ အစားထိုးခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ် ဖော်ပြချက်မှာမူ ထပ်တူဖြစ်ပါသည်။ အဆိုပါ စကလက ၏အရင်းအမြစ် ရလမဖ ဆိုသော ဝင်ငွေအမျိုးအစားမှာ ၁၉၂၂ မြန်မာနိုင်ငံအမြတ်ခွန်အက်ဥပဒေ Burma Income Ta_ Act 1922 တွင် ဖော်ပြထားခြင်းမရှိခဲ့ဘဲ ၁၉၇၄ ဝင်ငွခွေန်ဥပဒေတွင်မှ ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့် ထည့်သွင်းခဲ့ရပါသနည်း။ ၁၉၆၂ ပြည် သူပိုင်သိမ်းပစ္စည်း အိမ်၊ ခြံ၊ ကား အချို့ကို မည်သူတို့က မည်ကဲ့သို့ရယူခဲ့ကြသည်ကို စစ်တမ်းလိုက်ကြည့်ပါက ၁၉၇၄ တွင် အဘယ်ကြောင့် ထိုဝင်ငွေခေါင်းစဉ်ပေါ်ပေါက်လာရသည်ကို ဆန်းစစ်နိုင်ကြပါလိမ့်မည်။ ထိုဂယက်သည် ထိုစဉ်ကတည်ရှိနေသော ၁၉၂၂ မြန်မာနိုင်ငံအမြတ်ခွန်အက်ဥပဒေကိုလည်း မဖျက်သိမ်းပဲ ၁၉၇၆ အမြတ်ခွန် ဥပဒေပေါ်ပေါက်လာခဲ့ခြင်းနှင့်လည်း ဆက်စပ်နေခဲ့ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန ဆရာ့ဆရာများက Trishaw Act ဟုအမည်ပေးခဲ့ကြသည်အထိ သမိုင်းကြောင်းရှိခဲ့သော ဥပဒေဖြစ်ပါသည်။

ထိုကဲ့သို့ စတင်ပေါက်ဖွားလာသော စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ၏ အရင်းအမြစ်ရလမ်းမဖော်ပြနိုင်သော ဝင်ငွေကို ၁၉၇၄ ဝင်ငွေခွန်ဥပဒေမှာ ယခုတောင်းဆိုတင်ပြဆွေးနွေးအတည်ပြုခဲ့ကြသလို သက်သာသောနှုန်းထားမဟုတ်ခဲ့ပါ။ အထောက်အထားသက်သေအဖြစ် ၁၉၈၉-၉၀ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှုန်းထားများကိုဖော်ပြထားသည့် The State Budget Law 1989 ကိုညွှန်းဆိုပါမည်။ ယင်း Budget Law မှာ Private Sector လစာဝင်ငွေအပေါ်-

– ၁ ကျပ်မှ ၅၀၀၀ ကျပ် ဝင်ငွေခွန် ၃ ရာခိုင်နှုန်း

– ၅၀၀၁ ကျပ်မှ ၁၀၀၀၀ ကျပ် ဝင်ငွေခွန် ၇ ရာခိုင်နှုန်း
—————————————-
– ၅၀၀၀၁ ကျပ်မှ ၇၅၀၀၀ ကျပ် ဝင်ငွေခွန်၂၅ ရာခိုင်နှုန်း

– ၇၅၀၀၁ကျပ်မှ အထက် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း

လစာမှအပ သက်မွေးပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခြင်း၊ ရလမ်းမဖော်ပြနိုင်သော ဝင်ငွေနှင့် အခြားဝင်ငွေရလမ်းများအပေါ်-

– ၁ကျပ်မှ ၅၀၀၀ ကျပ် ဝင်ငွေခွန် ၃ ရာခိုင်နှုန်း

– ၅၀၀၁ ကျပ်မှ ၁၀၀၀၀ကျပ် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း
—————————————
– ၁၀၀၀၁ ကျပ်မှ ၁၅၀၀၀၀ ကျပ် ဝင်ငွေခွန် ၄၈ ရာခိုင်နှုန်း

– ၁၅၀၀၀၁ ကျပ်မှ အထက် ဝင်ငွေခွန် ၅၀ ရာခိုင်နှုန်း ဖြစ်ပါသည်။‌

ထိုသမိုင်းြကောင်းအရ ရလမ်းမဖော်ပြနိုင်သောဝင်ငွေဆိုသည်မှာ သက်သာခွင့်ခံစားရသော ဝင်ငွေမဟုတ်ဘဲ အများနည်းတူ အခွန်ထမ်းဆောင်ရမည့်အချိန်တွင် ထမ်းဆောင်ရန်ပျက်ကွက်ခဲ့ပြီး မိမိလုပ်ငန်း၏ စာရင်းဇယားအထောက်အထား အချက်အလက်များကိုလည်း ဖော်ပြနိုင်ခြင်းမရှိတော့သည့်လုပ်ငန်းများမှ ဝင်ငွေကို အများနည်းတူ အခွန်ပြန်လည်ထမ်းဆောင်‌စေသော ဝင်ငွေ အမျိုးအစားသာဖြစ်ခဲ့ပါသည်။

၁၉၈၈ အရေးအခင်းပြီးသည့်အခါ ဆိုရှယ်လစ်စီးပွားရေးစနစ် နိဂုံးချုပ်လျက်ဈေးကွက်စီးပွားရေးစနစ် သို့ ပြောင်းလဲလိုက်ပြီးသည့်နောက် အထက်ဖော်ပြပါ ဝင်ငွေခွန်နှုန်းများကိုလည်း စီးပွားရေးစနစ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲလျော့ချလာခဲ့သည်မှာ လက်ရှိ ကျပ်သိန်းသုံးရာအထက် ၂၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲလာခဲ့ပေသည်။ ထိုသို့တစ်ဖက်က အခွန်နှုန်းထားကို လျော့ချပေးခဲ့သော်လည်း ဆိုရှယ်လစ်စီးပွားရေးစနစ်အတွင် ဖော်ထုတ်ရန် မဝံ့ရဲခဲ့ကြသည့် မိမိတို့ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင်ဆိုင်မှုများကို မှန်ကန်စွာဖော်ပြပြီး ဈေးကွက်စီးပွားရေးစနစ်တွင် လွတ်လပ်စွာလုပ်ကိုင်နိုင်စေရန် ရည်ရွယ်လျက် ဆန္ဒခွန် (မိမိတို့ဆန္ဒအလျောက် ဖော်ထုတ်ကြေညာပြီး သက်သာသောနှုန်းထားများဖြင့် အခွန်ပေးဆောင်ခွင့်) နှစ်ကြိမ်ခွင့်ပြုပေးခဲ့ပါသေးသည်။ သို့သော် ထိုသို့ မိမိတို့ဆန္ဒအလျောက် ဖော်ထုတ်ကြေညာခွင့်ပြုခဲ့သော်လည်း အချို့သောလုပ်ငန်းရှင်များအနေဖြင့် ကျသင့်အခွန်ပေးဆောင်ခဲ့ခြင်းမရှိခဲ့သောကြောင့် အခွန်ကြွေးကျန်များပေါ် ပေါက်ခဲ့သည့် မှတ်တမ်းများလည်းရှိခဲ့ပါသည်။

ထိုသို့သော သမိုင်းနောက်ခံဖြင့် ပေါ်ထွက်လာသော ရလမ်းမဖော်ပြနိုင်သောဝင်ငွေကို အခြားသောဥပဒေနှင့်အညီလိုက်နာအခွန်ထမ်းဆောင်သောလုပ်ငန်းများနှင့်တန်းတူသော အခွန်နှုန်းထား သတ်မှတ်ထားခြင်းသည် တရားမျတမှုမရှိအခွန်ယဉ်ကျေးမှုမဲ့စေသည့်အတွက် ၂၀၁၂ ခုနှစ်တွင် ဘဏ္ဍာ‌ရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ၁၁၁/၂၀၁၂ ထုတ်ပြန်ပြီး အခွန်နှုန်းထားကိုလည်း သုံးဆယ်ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၂၀၁၂-၁၃ စည်းကြပ်နှစ်မှ စတင်လျက် ဥပဒေကိုလေးစားလိုက်နာသော အခွန်ထမ်းများအတွက် အမြင့်ဆုံးအခွန်နှုန်း ၂၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရလမ်းမဖော်ပြနိုင်သော ဝင်ငွေအတွက် သုံးဆယ်ရာခိုင်နှုန်းဖြင့်လည်းကောင်း ကောက်ခံခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၄ ခုနှစ်တွင် အဆိုပါရလမ်းမဖော်ပြနိုင်သော ဝင်ငွေကိုစည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဟုအမည်ပြောင်း သမိုင်းကိုဖျောက်ကာအခွန်နှုန်းမြင့်မားလွန်းပါသည်ဟု အဆိုတင်သွင်းပြီး သိန်း ၃၀၀ အထိကို ၃ရာခိုင်နှုန်းဟု သက်သာခွင့်စတင်ပြဌာန်းခဲ့ကြခြင်း ဖြစ်ပါသည်။ မည်သည့်အကြောင်းရင်းများကြောင့် မည်သူကအဆိုပြုသဖြင့် မည်သူများကအတည်ပြုပြောင်းလဲပေးခဲ့ကြသည်ဆိုသည်မှာလည်း လေ့လာစရာတစ်ရပ်ဖြစ်ပါသည်။ ပုံမှန်အခွန်စည်းကြပ်မှုနှုန်းထား (လစာ၊ စီးပွားရေးလုပ်ငန်း၊ အသက်မွေဝမ်းကျောင်းပညာလုပ်ငန်း စသည်တို့မှာ သိန်းသုံးရာအထိ နှစ်ဆယ် ရာခိုင်နှုန်းနှင့် သိန်းသုံးရာကျော်လွန်ပါက ၂၅ ရာခိုင် နှုန်း)နှင့် လွန်စွာကွာခြားနေသည့်အတွက် ၂၀၁၆ ခုနှစ် တွင် သိန်းသုံးရာအတွက် ၁၅ရာခိုင်နှုန်းဟုတိုးမြှင့်ပြင်ဆင်နိုင်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်မှစတင်လျက် ထိုသို့မိမိမည်သို့ရရှိခဲ့သည်ကို တိကျစွာမဖော်ပြနိုင်သော ဝင်ငွေအတွက်ကိုသာ အခွန်နှုန်းထားသက်သာခွင့်တောင်းခံခဲ့ကြသော်လည်း ပုံမှန်အားဖြင့် နှစ်စဉ်လုပ်ငန်းမှ ဝင်ငွေကို ဥပဒေနှင့်အညီ ပေး‌ဆောင်နေသူများအတွက် စည်းကြပ်နေသည့် ပုဒ်မ ၁၉(ဂ) ပါနှုန်းထားကိုမူ ယနေ့အချိန်အထိ မည်သူကမျ သက်သာအောင်ပြင်ဆင်ပေးရန် တင်ပြခဲ့ခြင်းမရှိခဲ့ကြပါ။ ပုံမှန်လုပ်ငန်းများအနေဖြင့် တစ်ဦးချင်းလုပ်ငန်းများ၊ အစုစပ်နှင့်သမဝါယမအသင်းများသည် သိန်းနှစ်ဆယ်အထိသာ သုညရာခိုင်နှုန်းဖြင့် သက်သာခွင့်ရသော်လည်း ဝင်ငွေသိန်းငါးဆယ်အထိ ငါးရာခိုင်နှုန်း၊ သိန်းတစ်ရာအထိ တစ်ဆယ်ရာခိုင်နှုန်း၊ သိန်းနှစ်ရာအထိ ဆယ့်ငါးရာခိုင်နှုန်း၊ သိန်းသုံးရာအထိ နှစ်ဆယ်ရာခိုင်နှုန်းဖြစ်ပြီး သိန်းသုံးရာကျော်လွန်သည်နှင့် ၂၅ရာခိုင်နှုန်း ပေးဆောင်ကြရမည်ဖြစ်ပါသည်။ ကုမ္ပဏီများ၊ နိုင်ငံပိုင်လုပ်ငန်းများတို့မှာမူ မြတ်စွန်းငွေ၏ ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ကြရမည်ဖြစ်ပါသည်။

အဆိုပါ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် ခွင့်ပြုသည့်သက်သာသောနှုန်းထားကို ၂၀၁၉ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် တစ်ကြိမ်သာ ဆက်လက်သက်သာခွင့်ပြုပါမည်ဟု အကြံပြုခဲ့ကြသော်လည်း ယခု ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် ဖော်ပြပါပုဒ်မ ၂၅ အားပြင်ဆင်ချက်ဖြင့် ဆက်လက်အတည်ပြုလိုက်သည့်အတွက် သိန်းတစ်ထောင်အထိခြောက်ရာခိုင်နှုန်း၊ သိန်းသုံးထောင်အထိ တစ်ဆယ်ရာခိုင်နှုန်း၊ သိန်းသုံးသောင်းအထိ နှစ်ဆယ်ရာခိုင်နှုန်းနှင့် သိန်းသုံးသောင်းအထက် သုံးဆယ်ရာခိုင်နှုန်းဖြင့် ပေး‌ဆောင်နိုင်ကြမည်ဖြစ်ပါသည်။

ဖော်ပြပါနှုန်းထားသည် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအားလုံးအတွက် ခွင့်ပြုခြင်းမဟုတ်ပါ။ အခြေခံပစ္စည်း (မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏ အခန်းများ၊ ယာဉ်နှင့်လုပ်ငန်းဆိုင်ရာမတည်ပစ္စည်းများ၊ အစုရှယ်ယာနှင့် ကတိခံဝန်ချုပ်တို့အပြင် ငွေချေးသက်သေခံလက်မှတ်များနှင့် ယင်းတို့ကဲ့သို့ အလားတူစာချုပ်စာတမ်းများ)ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်း ငါးရပ်ကိုသာ သက်သာသောနှုန်းထား ခွင့်ပြုပေးခြင်းဖြစ်ပါသည်။ လုပ်ငန်းသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်းအတွက် သက်သာသောနှုန်းထားဖြင့် ဆွဲဆောင်မှုပြုခြင်းမှာ သင့်သယောင်ရှိသော်လည်း (သင့်သယောင်ဟုဆိုရခြင်းမှာ အမှန်တကယ် ရင်းနှီးမြှုပ်နှံကြမည့်အခြေအနေမရှိခြင်း၊ သိန်းသုံးသောင်းအထိ သက်သာခွင့်မှာများလွန်းနေခြင်း) အခြေပစ္စည်း ဝယ်ယူခြင်းကို သက်သာခွင့်ပြုခြင်းမှာမူ ပုံမှန်အားဖြင့် အခွန်ထမ်းဆောင်နေသူများ၏ အခွန်ယဉ်ကျေးမှုကို ဖျက်ဆီးသည့်သဖွယ်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ဥပဒေကားအတည်ဖြစ်ခဲ့ပါပြီ။ ကုမ္ပဏီများအပါအဝင် လုပ်ငန်းများအနေဖြင့် မိမိတို့၏လုပ်ငန်းအသစ်တည်ထောင်ရာတွင် ထည့်ဝင်သည့် အစုရှယ်ယာများ၊ လုပ်ငန်းတိုးချဲ့သဖြင့် ထပ်မံထည့်ဝင်ရသည့် အစုရှယ်ယာများသည် ဝင်ငွေရလမ်းစိစစ်မှုခံယူပြီးသည့် ဝင်ငွေများဖြစ်ရမည်ဖြစ်ပါသည်။ မိမိတို့ထည့်ဝင်လိုသည့်/ ထည့်ဝင်ပြီးသည့် အစုရှယ်ယာထည့်ဝင်ငွေများသည် အခွန်စိစစ်မှု ခံယူခြင်းမပြုရသေးပါက ယခု သတ်မှတ်ပေးသော သက်သာသည့်နှုန်းထားဖြင့် ‌ပေး‌ဆောင်နိုင်ပြီဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် ပြည် ထောင်စု အခွန်အကောက်ဥပဒေ၊ ပုဒ်မ ၂၅ (ခ) အရ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မတိုင်မီက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကိုဆိုသည်ဟု ဆို သည့်အတွက် မည်သည့်ကာလက အစုရှယ်ယာထည့် ဝင်ခဲ့သည်ဖြစ်စေ၊ လုပ်ငန်းမတည်ငွေထူထောင်ခဲ့သည် ဖြစ်စေ၊ လုပ်ငန်းတည်ထောင်ရန် တိုးချဲ့ရန်ထည့်ဝင်ခဲ့သည်ဖြစ်စေ အခွန်စိစစ်မှုခံယူခဲ့ခြင်းမရှိခဲ့သည့်အပြင် ယနေ့အချိန်တွင်လည်း ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိပါက ပုဒ်မ ၂၅(ဂ)အရ မည်သို့ရသည်ကို ဖော်ပြရန်မလိုအပ်ပဲ သက်သာသောနှုန်းထားဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အတွင်း အခွန်ပြန်လည် ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ တစ်ဦးချင်းမှ ပုဂ္ဂလိကပိုင်ဆိုင်သည့် ငွေကြေးများအတွက်ကိုမူ မော်တော်ယာဉ်ဝယ်ယူခြင်းနှင့် အိမ်ခြံမြေဝယ်ယူခြင်း၊ တည်ဆောက်ခြင်းတို့မှအပ မည်သည့်လုပ်ငန်းတွင်မျ ထည့်ဝင်ခြင်းမဟုတ်သော ငွေများကိုမူခွင့်ပြုမည်မဟုတ်ပါ။ မိမိတို့ထည့်ဝင်သောငွေကြေးသည် လက်ခံသောလုပ်ငန်း/ ကုမ္ပဏီ၏ ငွေစာရင်းတွင် အမှန်အတိုင်း ဝင်ရောက်သည့် အထောက်အထား ခိုင်မာရန်မူအရေးကြီးပါသည်။ မိမိတို့ထည့်ဝင်မှုအထောက်အထားခိုင်မာမှု မရှိပါက သက်ဆိုင်ရာလုပ်ငန်းအပေါ် အခွန် စိစစ်သည့်အခါ အခက်အခဲရှိလာမည်ဖြစ်ပါသည်။

ထို့အပြင် ပုဒ်မ ၂၅ အရ နိုင်ငံသားမည်သူမဆိုဟု ပြဌာန်းထားသည့်အတွက် လူတစ်ဦးချင်းကို စိစစ်ခွင့်ပြုမည်ဖြစ်ရာ ကုမ္ပဏီ/ လုပ်ငန်းမတူသည့် နေရာများတွင် ခွဲခြမ်းထည့်ဝင်ပြီး အခွန်ထမ်း‌ဆောင် ခွင့်မပြုထားပါ။ မိမိတို့ထည့်ဝင်သည့် ငွေအားလုံးစုစုပေါင်း အပေါ်တွင်သာ သက်သာခွင့်ပေးမည်ဖြစ်ပါသည်။

နိုင်ငံခြားသားပိုင်/ နိုင်ငံခြားသားများ ပါဝင်သော ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အစုရှယ်ယာ ထည့်ဝင်သည့် နိုင်ငံသားများကိုသာ ယခုသက်သာခွင့်ဖြင့် အခွန်ထမ်းဆောင်ထည့်ဝင်စေရမည်ဖြစ်ပြီး နိုင်ငံခြားသားမှ ပြည်ပမှ သယ်ယူလာခဲ့သော အစုထည့်ဝင်ငွေအတွက်မူ အခွန်ထမ်း‌ဆောင်ရန် တာဝန်မရှိပါ။ ဝင်ငွေခွန်ဥပဒေသည် ယင်းဥပဒေ ပုဒ်မ ၂ အရ မြန်မာနိုင်ငံ တော်တစ်ဝန်းလုံးတွင် အာဏာတည်ခြင်း၊ နိုင်ငံတော်ပြင်ပနေ မြန်မာနိုင်ငံသားများအပေါ် အာဏာတည်ခြင်းရှိပြီး နိုင်ငံတော်ပြင်ပရှိ နိုင်ငံခြားသားများအပေါ် အာဏာတည်ခြင်း မရှိသည့်အတွက် နိုင်ငံခြားသားမှပေးဆောင်ရန်တာဝန်မရှိပါ။

ထိုသက်သာခွင့်သည် ပုံမှန်လုပ်ငန်းလုပ်ကိုင်နေသူများအတွက် မည်သည့်အခွင့်အရေး သက်သာခွင့်မျ ခံစားရခြင်းမရှိသော်လည်း လုပ်ငန်းမတည်လိုသူ၊ တိုးချဲ့လိုသူ၊ အစုရှယ်ယာထည့်ဝင်လိုသူတို့အတွက် အထူးအခွင့်အရေးတစ်ရပ်အဖြစ် ခံစားရခြင်းဖြစ်ပါသည်။ အမှန်တကယ်ရင်းနှီးမည့်သူများအတွက် အထူးအခွင့်အလမ်းဖြစ်ပြီး လုပ်ငန်းသို့ထည့်ဝင်ငွေပြ ထို့နောက်အခွန်ဆောင်ပြီးသော ငွေဖြူအဖြစ်နည်းလမ်းရှာပြန်ထုတ်သုံးမည့်သူများအတွက်လည်း အချောင်ရအခွင့်အရေးတစ်ရပ်ရရှိ ခြင်းပင်ဖြစ်ပါသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု လွယ်ကူမြန်ဆန်စေရန် စီမံချက်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလျက်လက်ရှိအချိန်တွင် ဝန်ဆောင်မှုပြုပေးလျက်ရှိပါသည်။ ထိုစီမံချက်အဖွဲ့အနေဖြင့် အစုရှယ်ယာထည့်ဝင်မှုများကို စိစစ်ခြင်းမဟုတ်ကြောင်းနှင့် ထည့်ဝင်ပြီး အစုရှယ်ယာများအပေါ် မဖြစ်မနေ အခွန်ထမ်းဆောင်ရန် တွန်းအားပေးနေခြင်းလည်း မဟုတ် ကြောင်း အသိပေးကြေညာထားပါသည်။ အမှန်စင်စစ် မည်သည့်လုပ်ငန်းမဆို (ကုမ္ပဏီအစုရှယ်ယာထည့်ဝင်ခြင်း သာမကတစ်နိုင်တစ်ပိုင်လုပ်ငန်းများ၏ မတည်ရင်းနှီးမှုများအထိ) ဝင်ငွေရလမ်းစိစစ်ပြီးသော အများအခေါ် ငွေဖြူဖြင့်သာလုပ်ငန်းမတည်ငွေထည့်ဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့သော်လည်း ယခုသက်သာခွင့်ပြုခြင်းသည် ဖော်ပြပါ စိစစ်မှုမပြုခဲ့ရသေးသော စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေများကိုပြန်လည်အခွန်ထမ်း ဆောင်ခွင့်ပေးခြင်းဖြစ်သည့်အတွက် ခွင့်သာခိုက်တွင် လိုက်နိုင်သူလိုက်လိုသူများအနေဖြင့်လိုက်ပါလျက် ကိုယ့် အကျိုးလည်းရှိ တိုင်းပြည်အကျိုးကိုလည်းကြည့်သည့် အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ထည့်ဝင်လုပ်ကိုင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

မောင်မျိုးထွဋ်(ရုက္ခဗေဒ)

#CEO_November2020_Issue