အဂတိပယ်ခွာပြည်သာယာ (၁၄)

အုပ်ချုပ်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှု
ငယ်စဉ်အခါက စာသင်ကျောင်းများတွင် ဖြောင့်မတ်တည်ကြည်မှုအကြောင်းသင်ကြားလေ့ကျင့်ပေးခြင်း မခံရသူများသည် အသက်အရွယ်ရလာ၍ လုပ်ငန်းခွင်သို့ ရောက်ရှိလာသောအခါ သူတို့နှင့်အတူဖြောင့်မတ်တည်ကြည်မှု အရည်အချင်းများပါရှိလာလိမ့်မည်ဟု မမျော်လင့်အပ်ပါ။ တစ်ဖန်ဖြောင့်မတ်တည်ကြည်မှုမရှိသူများက ရာထူးဌာနန္တရများ၊ လုပ်ပိုင်ခွင့်အာဏာများရရှိလာသည့်အခါ အဆိုပါ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားမပြုလုပ်မိစေရန် မည်သူကမည်ကဲ့သို့ ထိန်းကျောင်းနိုင်ပါမည်နည်း။

ဖြောင့်မတ်တည်ကြည်မှုသည် ရိုးသားမှု၊ ပွင့်လင်းမှု၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်မှု စသည်တို့အပါအဝင် လူတစ်ဦးချင်းစီ၌ ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်ဖြစ်သည်။ ထို့အပြင် ယင်းသည်လူ့အသိုက်အဝန်း၊ လူ့အဖွဲ့ အစည်းတစ်ခုလုံး၏ လူနေမှုဘ၀ (တစ်နည်း) ဘဝနေနည်းတစ်ခုလည်း ဖြစ်သင့်ပါသည်။ ဖြောင့်မတ်တည်ကြည်သော အတွေးအမြင် အပြုအမူအနေအထိုင်အလုပ်အကိုင်နှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တို့သည် တစ်ဦးကောင်း တစ်ယောက်ကောင်းရှိနေရုံမျဖြင့် အကျိုးမများ အရာမရောက်လှပေ။ လူ့အဖွဲ့အစည်းဝင်အားလုံးတို့၌ ရှိသင့်ပါသည်။ လူတိုင်းက မိမိတို့ ပြောကြားခဲ့သည့်အတိုင်းသာ လုပ်တတ်ကြသူများနှင့် မိမိတို့လုပ်ခဲ့သည့်အတိုင်းသာ ပြောတတ်ကြသူများဖြစ်ရန် လိုပေသည်။ သို့မှသာ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြောင့်ဖြောင့်တန်းတန်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ပါမည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာစေရန် ကျွန်ုပ်တို့ ပတ်ဝန်းကျင်က လူများကို အစဉ်အမြဲတောင်းဆိုနေရခြင်းဖြစ်ပါသည်။

ဖြောင့်မတ်တည်ကြည်မှုသည် မည်သူမျ မသိမမြင် မကြားနိုင်သည့် ဆိတ်ကွယ်ရာအရပ်မှာပင်လျင် မမှန်ကန်သောအလုပ်ကို မလုပ်ဘဲ ငြင်းပယ်သည့်အပြင် မှန်ကန်သောအလုပ်ကိုသာလုပ်ရန် ရဲစွမ်းသတ္တိအလုံအ လောက်ရှိစေပါသည်။ တစ်နည်းအားဖြင့် ဖြောင့်မတ်တည် ကြည်မှုသည် မိမိယုံကြည်သည့်အတိုင်း ရပ်တည်ရင်ဆိုင်ဝံ့ ခြင်းဖြစ်သည်။ အမှားအယွင်းလုပ်မိလျင်လည်း ဝန်ခံခြင်း၊ တောင်းပန်ခြင်းပြုဝံ့သည်။ ဤနည်းဖြင့် ဖြောင့်မတ်တည် ကြည်ခြင်းသည် မိမိ၏ပတ်ဝန်းကျင်အပေါ်၊ မိမိလုပ်ဖော် ကိုင်ဖက်အပါအဝင် လူသားအချင်းချင်းအပေါ်နှင့် ကိုယ့် ကိုယ်ကိုယ်အပေါ်တွင်လည်း လေးစားမှုရှိခြင်းကို အခိုင် အမာ ပြသနိုင်ပါသည်။ မိမိကိုယ်မိမိ လူသားဆန်သော လူသားတစ်ဦးဖြစ်ကြောင်း ဖွင့်ဆိုနိုင်သည်။ တခြားလူများ အပေါ်တွင်လည်း ကိုယ်ချင်းစာတရားထားရှိပြီး မိမိအပေါ်သို့ ပြုမူဆက်ဆံမှု ခံယူလိုသည့်အတိုင်း အခြားလူများ အပေါ်တွင်လည်း မိမိကပြုမူဆက်ဆံသည်။ မိမိလှုပ်ရှား လုပ်ကိုင်ပြောဆိုမှုအတွက်လည်း မိမိက တာဝန်ယူနိုင်သည်။ မိမိ၏ကြံစည်စိတ်ကူးမှု၊ ပြောဆိုမှုနှင့် လုပ်ဆောင် မှုတို့သည် သဘောထားတစ်ခုတည်း၊ တစ်ဆက်တစ်စပ်တည်း၊ တစ်ဖြောင့်တည်းဖြစ်စေသည်။ ဗလောင်းဗလဲ မဖြစ်စေရပါ။

ထို့ကြောင့် ဖြောင့်မတ်တည်ကြည်မှုသည် မိမိ၏ စဉ်းစားတွေးခေါ်မှုနှင့် လုပ်ဆောင်မှုတို့နှင့်ပတ်သက် ၍ မိမိ၏ပုဂ္ဂလိကအကျိုးစီးပွားထက် မိမိ၏ တန်ဖိုးထားမှုအပေါ်ကို ပိုမိုဦးစားပေးရွေးချယ်ခြင်းဖြစ်သည်ဟု ဆိုနိုင် ပါသည်။ တစ်နည်းအားဖြင့် ဖြောင့်မတ်တည်ကြည်မှုသည် မိမိလိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်တို့ကို မြဲမြံစွာစောင့်ထိန်းခြင်းလည်းဖြစ်ပါသည်။ မိမိတို့တွင် ဖြောင့်မတ်တည်ကြည်မှုရှိနေပြီဆိုလျင် မိမိတို့ တစ်ကိုယ်လုံးကို ကိုယ်လုံးပေါ်မှန်ရှေ့တွင် ကောင်းစွာရပ်ကြည့်နိုင်ပြီဖြစ် ပါသည်။ ဘာတစ်ခုမျ ဝှက်ထားစရာမရှိပါ။ ရိုးသားမှု၊ ပွင့်လင်းမှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှုတို့သည် မိမိ တို့၏ ဘဝခရီးလမ်းတစ်လျောက်လုံးတွင် အနှောင့်အယှက်အရှုပ်အထွေးတို့မှ ကင်းဝေးစေလျက် ဖိစီးမှုသောက ဝေဒနာအမျိုးမျိုးတို့မှ သက်သာရာရစေပါလိမ့်မည်။

ဖြောင့်မတ်တည်ကြည်မှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်စာစောင်၌ ရှင်းလင်းထားသည်မှာ အုပ်ချုပ်ရေး၌ ဖြောင့်မတ်တည်ကြည်မှုရှိရေးကို ရည်ရွယ်ရင်းဖြစ်ကြောင်း သိသာပါသည်။ အဆိုပါရှင်းလင်းချက်အရ ”အများပြည်သူဆိုင်ရာ လုပ်ငန်းဌာနများကို အများပြည်သူ၏ ယုံကြည်မှုပိုမိုခိုင်မာစေရန် ဖြစ်ပါသည်။ မိမိအတွက်ဖြစ်စေ၊ မိမိ၏မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ သို့မဟုတ် နှီးနွှယ်ဆက်စပ်မှုရှိသူများအတွက်ဖြစ်စေ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားရရှိစေရန်အတွက် မိမိ၏ လုပ်ငန်းဌာနကို မည်သည့်အခါမျအသုံးမပြုရ” ဟူ၍ အကျဉ်းချုပ်ဖော်ပြထားပါသည်။

အနည်းငယ် ပိုမိုကျယ်ဝန်းသော ဖွင့်ဆိုချက်တွင်မူ အဓိကကျသော အချက်လေးချက်ကို ဦးတည်ဖွင့်ဆို ထားပါသည်။ ယင်းတို့မှာ
က။ ငွေကြေးဆိုင်ရာအကျိုးစီး ပွားများ-တန်ဖိုးများသော ပစ္စည်းဥစ္စာဖြင့် ကန်တော့ခံ ခြင်း၊ ဧည့်ခံပြုစုမှုခံယူခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များနှင့်ပတ်သက်ဆက်စပ်မှုရှိခြင်း စသည်၊

(ခ) နိုင်ငံ တော်၏ အရင်းအမြစ်များကို လွဲမှားစွာစီမံခန့်ခွဲမှု- နိုင်ငံတော်ပိုင်အဆောက်အအုံ မော်တော်ယာဉ် ရုံးသုံးပစ္စည်းများ၊ ရာထူးအခွင့်အာဏာ အလုပ်ချိန် လူ့စွမ်းအားအရင်းအမြစ်၊ ဝယ်ယူရေးရောင်းချရေး တည်ဆောက်ရေး ပြည် သူ့ဘဏ္ဍာရန်ပုံငွေ စသည်၊

ဂ။ လျို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက်အလက်များအလွဲသုံးမှု။ အစည်းအဝေးဆုံး ဖြတ်ချက်၊ လျို့ဝှက်အပ်သော စာရွက်စာတမ်းနိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးသတင်းရောင်းစားမှု စသည်၊

ဃ။ လက်ဆောင်များ- လက်အောက်မှပေးသော လက်ဆောင်များကို လက်မခံသင့်ခြင်း၊ အကျိုးစီးပွားပဋိပက္ခ၊ ဆရာမွေးတပည့်မွေး မျက်နှာသာပေးခြင်း စသည်တို့ကို လုံး၀ ရှောင်ကြဉ်ရန်ဖြစ်ပါသည်။

ကော်မရှင်၏ကျင့်ဝတ်ပါ ရှင်းလင်းချက်များသည် အုပ်ချုပ်ရေး၌ ဖြောင့်မတ်တည် ကြည်မှုရှိခြင်းကို ရည်ရွယ်သော်လည်း ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်သူများအတွက်သာဖြစ်ပါသည်။ အခြားရုံးဌာနများတွင် တာဝန်ထမ်းဆောင်နေသူများနှင့် ပတ်သက်၍မူ မိမိတို့ဌာနအလိုက် တာဝန်ယူရသည့် လုပ်ငန်းရည်မှန်းချက်တာဝန်အပေါ်မူတည်၍ ကွာခြားချက်အနည်းအများရှိနိုင်ပါသည်။

ထို့ကြောင့် ဖြောင့်မတ်တည်ကြည်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တစ်ထပ်တည်းပုံတူယူ၍ မရဘဲ သက်ဆိုင်ရာဌာနအလိုက် သီးခြားစီ ရှိသင့်သည်ဟု ယူဆပါသည်။

မင်းဗထူး

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း