အခက်အခဲကောင်းတစ်ခုကို လက်လွတ်အဆုံးရှုံးမခံပါနှင့်

Giam Swiegers
CEO
Deloitte Australia

စာရေးသူအနေဖြင့် ခေါင်းဆောင်အမျိုးမျိုးနှင့် နှစ်ပေါင်း များစွာလက်တွဲလုပ်ကိုင်ခဲ့ဖူးရာ တော်သောခေါင်းဆောင်ထံမှဖြစ်စေ၊ ညံ့ဖျင်းသောခေါင်းဆောင်ထံမှဖြစ်စေ သင်ခန်းစာများလေ့လာသင်ယူနိုင်ကြောင်း သိလာရလေသည်။ ခေါင်းဆောင်တစ်ဦးချင်း၏ အရည်အချင်းမှန်ကို အခက်အခဲများ ကြုံတွေ့ရချိန်တွင်သိရှိနိုင်ပေသည်။

၁၉၈၀ ပြည့်နှစ်များတွင် တောင်အာဖရိကနိုင်ငံ၌ နေထိုင်လုပ်ကိုင်ခဲ့ရသော စာရေးသူ၏ အတွေ့အကြုံများကို လေ့လာကြည့်လျှင် ထိုအခါသမယတွင် ဦးဆောင်ရသူတစ်ဦးအဖို့ အခက်အခဲတစ်မျိုးပြီးတစ်မျိုး ကြုံတွေ့ ရင်ဆိုင်ရတတ်ပေသည်။ ထိုအချိန်အခါမျိုးတွင် အခက်အခဲစိန်ခေါ်မှုများကို ရှောင်လွှဲရန် မဖြစ်နိုင်သကဲ့သို့ အခက်အခဲတစ်ခု ကျော်လွှားပြီးပြီဟုဆိုကာ အောင်ပွဲခံနိုင်ရန် အချိန်လည်း မရှိပေ။ အရေးကြီးဆုံးအချက်မှာ ထိုသို့ စိန်ခေါ်မှုများကိုရင်ဆိုင်ရင်း အဖွဲ့အစည်းဝင်ငွေ တိုးရန် ဆောင်ရွက်ရခြင်း ဖြစ်သည်။ အကယ်၍ အခက်အခဲများ ကို မှားယွင်းစွာ ဖြေရှင်းမိပါကလည်း အဖွဲ့အစည်းနှင့် ဝန်ထမ်းအားလုံးကို ဒုက္ခရောက်စေသည်။ စာရေးသူ၏ ယုံကြည်ချက်မှာ အခက်အခဲကောင်းတစ်ခုကို လက်လွတ် မခံဘဲ ရင်ဆိုင်ဖြေရှင်းရန် ဖြစ်ပါသည်။ ထိုသို့ ဖြေရှင်းလျှင် မိမိ၏အုပ်စု (Team) စွမ်းရည်ကိုသိရှိနိုင်သကဲ့သို့ ဈေးကွက်အခွင့်အရေးကိုလည်း ရရှိနိုင်ပါသည်။

လတ်တစ်လော ကြုံတွေ့ခဲ့ရသော ကမ္ဘာ့ ငွေကြေး အခက်အခဲပြဿနာကို သုံးသပ်လျှင် စီးပွားရေး ခေါင်းဆောင်အများစုသည် လက်ရှိအခြေအနေထက် ပိုမို ဆိုးဝါးသော သုံးသပ်ချက်များကိုသာ အသားပေးထုတ် ဖော်ပြောဆိုခဲ့ကြသည်။ စာရေးသူအနေဖြင့် အလားတူ ခေါင်းဆောင်အများစုပုံစံကို စိတ်ပျက်စွာ ကြုံတွေ့ခဲ့ဖူးပြီး အဆိုပါအဖွဲ့အစည်းမျိုးတွင်ရှိသော ဝန်ထမ်းများ၏ တုံ့ပြန်မှုကို သိလိုလှပါသည်။

စာရေးသူ၏အမြင်မှာ ခေါင်းဆောင်တို့အနေ ဖြင့် မိမိတို့ ကြုံတွေ့ရသောအခက်အခဲ၏ အခြေအနေမှန်ကို သဘာဝကျကျ မှန်ကန်စွာ သုံးသပ်တတ်ရန် လိုအပ်လှပေသည်။ အာရုံစူးစိုက်လုပ်ကိုင်ရမည့်ကိစ္စရပ်များမှာ မှန်ကန်ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်လုပ်ကိုင်ရန် နှင့် ထိုစိန်ခေါ်မှုနှင့်အတူပါလာသည့် အခွင့်ကောင်းများ ကို မျက်ခြည်မပြတ် လေ့လာပြင်ဆင်ရန် ဖြစ်ပါသည်။ ပြင်သစ်စစ် ဧကရာဇ်နပိုလီယံက “ခေါင်းဆောင်ဆိုတာ မျှော်လင့်ချက် ပေးနိုင်တဲ့အခွင့်အရေးသမား ဖြစ်သင့် တယ်’’ ဟု ဆိုသကဲ့သို့ စာရေးသူနှစ်သက်သော စူးစမ်း လေ့လာသူတစ်ဦး ဖြစ်သည့် Ben Zendar က “ခေါင်းဆောင်တိုင်းဟာ သူတို့လူတွေကို အခွင့်အရေးတွေကို မျက်ခြည်မပြတ် ကြည့်တတ်ဖို့ ပြင်ဆင်ပေးရမယ့် တာဝန် ရှိတယ်” ဟု ဆိုလေသည်။ အလွန်ခက်ခဲသော ပြဿနာ စိန်ခေါ်မှုတစ်ရပ်၏နောက်ကွယ်တွင် အခွင့်အရေး အမြဲ တမ်းကပ်ပါနေတတ်သည်။

စာရေးသူအတွက် အရေးပါသောသင်ခန်းစာ တစ်ရပ်မှာ ခေါင်းဆောင်မှုဆိုသည်မှာ အခက်အခဲများကို ဖြေရှင်းရန်ဖြစ်ပြီး သင်နှင့် သင့်အဖွဲ့အစည်းအနေဖြင့် ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ အမှန်တရားကို ရင်ဆိုင်ခြင်း နှင့် လုပ်သင့်သည့်ကိစ္စများကို လုပ်ကိုင်ဆုံးဖြတ်ခြင်းဖြင့် အခွင့်အရေးကောင်းကို မျက်ခြည်အပြတ်မခံရန် ဖြစ် သည်။

သင်ခန်းစာများအနေဖြင့်
********************
> ခေါင်းဆောင်များအဖို့ အခက်အခဲဆိုသည်မှာ မိမိအရည်အချင်းမှန်ကို ပြသရသည့် အခွင့်အခါကောင်း ပင် ဖြစ်ပါသည်။

> အခက်အခဲကို ရင်ဆိုင်နေရချိန်တွင် ခေါင်းဆောင်များ အနေဖြင့် ကြုံတွေ့ရသောအခက်အခဲကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ရန်၊ အဖွဲ့သားတိုင်း အခက်အခဲ ကြားမှ ရရှိလာမည့် အခွင့်အရေးကောင်းများကို မျက် ခြည်မပြတ် ကြည့်မြင်တတ်ရန်၊ ဆုံးဖြတ်လုပ်ကိုင်သင့် သည့်ဆုံးဖြတ်ချက်များကို လျင်လျင်မြန်မြန် ချမှတ်လုပ် ကိုင်နိုင်ရန်ဖြစ်ပါသည်။

> ခေါင်းဆောင်တစ်ဦး၏ အခက်အခဲကို ရှုမြင်သုံးသပ်ပုံ အနေအထားသည် အဖွဲ့အစည်းအတွက် အခွင့်အရေး၊ သို့မဟုတ် ဆုံးရှုံးမှုဆိုသော မှတ်ချက်ဖြစ်ပေါ်စေပါ သည်။

Deloitte Australia

Deloitte Australia သည် Dloitte Touche Tohmatsu အုပ်စုဝင်လုပ်ငန်းဖြစ်သည်။ DTT သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ တွင် ဝန်ထမ်း ၁၆၅,ဝဝဝ ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ Deloitte Australia ၏ ဝင်ငွေသည် ၂၀ဝ၈ ခုနှစ်တွင် ၂၇.၄ ဘီလီယံရှိသည်။ Audit ၊ Consulting ၊ Financial Advisory ၊Risk Management နှင့် Taxation ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုပေးနေသော ကုမ္ပဏီဖြစ်ပြီး ၂၀ဝ၈ ခုနှစ်အတွက် Accountancy Firm of the Year – CFO ကို ချီးမြှင့်ခံထားရသည်။ ဤဆုသည် သုံးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ရရှိခဲ့ခြင်းဖြစ် သည်။

// Harvard Business Press မှ ထုတ်ဝေသော Crisis as Opportunity စာအုပ်၏ မြန်မာပြန် အခက်အခဲ၊ စိန်ခေါ်မှုနှင့် အခွင့်အရေး (ဘာသာပြန်သူ – ဒေါက်တာသာထွန်းဦး) စာအုပ်မှ သင်ခန်းစာ (၁) ဖြစ်သည်။ //