သင်ရတဲ့ဆုကြေးကို ဘယ်လိုသုံးစွဲမလဲ

သင်ရတဲ့ဆုကြေး (Bonus) ကို တစ်နေရာတည်း သုံးမပစ်လိုက်ပါနဲ့။ Manulife S’pore က အကြံပြုထားတဲ့ သင့်ဆုကြေးငွေကို ထိန်းသိမ်းဖို့ ပိုကောင်းတဲ့နည်းလမ်းခြောက်မျိုးကို ဖော်ပြပေးပါရစေ။ တိုင်းပြည်စီးပွားရေးမတည်ငြိမ်လင့်ကစား သင်ဟာဒီနှစ်လစာငွေတိုးမြှင့်ခံရတယ်၊ ဒါမှမဟုတ် ဆုကြေးငွေရတယ်ဆိုပါစို့။ အဲဒီလိုရအောင် သင်ဘယ်လိုလုပ်သင့်သလဲလို့ သင့်မိတ်ဆွေတချို့က မေးပါလိမ့်မယ်။ ဒါပေမဲ့ အရည်မရအဖတ်မရစကားတွေပြောနေမယ့်အစား သင်ဟာသင့်ရဲ့ငွေတွေကို သုံးဖြုန်းရင်း မအားမလပ်ဖြစ်နေမယ်လေ။ အဲဒါမဟုတ်သေးဘူး။

ဘဝနေမှုဟန်ဖောင်းပွမှုထောင်ချောက်ထဲ လူတချို့ပြုတ်ကျပေမယ့် သင်ကတော့အဲဒီလိုမဖြစ်ပါဘူး။ သင်ဟာ ငွေပိုရလို့ပိုသုံးရင်အကြွေးထူ သွားပါလိမ့်မယ်။ သင်ဟာဆင်ခြင်တွေးဆတတ်တဲ့ လူသားတစ်ဦးဖြစ်ပြီး သင်ငွေရဖို့အတွက် သင်ကြိုးစားခဲ့ရတာပါ။ အရင်က သင်ဟာငွေကို အလွယ်သုံးခဲ့ဖူးတယ်ဆိုရင်တောင် သင်ပိုချမ်းသာလေ ငွေကိုစည်းကမ်းရှိရှိသုံးစွဲတတ်လေ ဖြစ်ရပါမယ်။

၁။ သင့်လက်ထဲဆုကြေးမရောက်မချင်း ကြိုမသုံးပါနဲ့။

သင့်ရုံးက သောက်ရေအိုးနားမှာပြောတဲ့ ကောလာဟလတွေကို သင်ကြားတယ်၊ ဒါမှမဟုတ် သင့်ကို လျို့ဝှက်ခိုင်းတဲ့ ငွေစာရင်းဌာနက သင့်မိတ်ဆွေဆီက တိုက်ရိုက်ကြားတယ်။ သင်ရမယ့် ဆုကြေးပမာဏအတိအကျဖော်ပြတဲ့ စာကိုတောင် သင့်ကုမ္ပဏီကသင်ရထားပြီးပြီ။ ဘာမှမထူးပါဘူး။ ဆုကြေးဟာ သင့်ဘဏ်စာရင်းထဲ ငွေမဝင်မချင်းမသုံးလိုက်ပါနဲ့။ ဒီနည်းအားဖြင့် သင်ဟာပေါ့ပေါ့ဆဆ ကြိုတင်မှန်းဆခြင်းရဲ့ သားကောင်မဖြစ်တော့ပါဘူး။

၂။ သင့်ရဲ့ ခရက်ဒစ်ကတ်အတွက် အကြွေးဆပ်လိုက်ပါ။

သင်ပေးဆပ်ရမယ့်အကြွေးကို မဆပ်ဘဲနေရင် သင်ရှာလို့ရတဲ့ငွေကို ဘယ်တော့မှ စုစည်းနိုင်မှာမဟုတ်ဘူး။ အဲဒီဆုကြေး တချို့ကိုသုံးစွဲဖို့ သင့်ရဲ့ခရက်ဒစ်ကတ်ကို သင်အသုံးပြုရမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ချေးငွေရရှိနိုင်မှုကို ယူဆောင်ပြီး သင်မသုံးစွဲခင် မူလငွေပမာဏအဆင့် ပြန်ဖြစ်အောင်ဖြည့်ပါ။

၃။ သင့်ရဲ့ လွတ်မြောက်မှုရန်ပုံငွေတည်ထောင်ပါ။

တချို့က အရေးပေါ်ရန်ပုံငွေကို ခေါ်ကောင်းခေါ်ဖွယ်ရှိပေမယ့် လွတ်မြောက်မှုရန်ပုံငွေဆိုတာ သင်လိုချင်တဲ့အရာနဲ့ ပိုတူပါတယ်။ ဒီငွေဟာ သင်အလုပ်ပြုတ်ကိန်းရှိတယ်လို့ အောက်မေ့ရတဲ့အခါ၊ ဒါမှမဟုတ် သင့်အလုပ်ရှင်နဲ့ ဗီအိုင်ပီအစည်း အဝေးထပ်တက်ချင်စိတ်လုံးဝမရှိတော့တဲ့အခါ သုံးစွဲဖို့ ဘေးဖယ်ထားတဲ့ ငွေပါ။ လစဉ် သင်စိတ်ချမ်းသာစွာ ဆက်လက်ရှင်သန်ဖို့ ငွေဘယ်လောက်လိုမလဲတွက်ပြီး နောက် ထပ်ဝင်ငွေရလမ်းအသစ်ရှာမတွေ့ခင် လအရေအတွက်ကို အဲဒီငွေနဲ့မြှောက်ပါ။ ပြီးတော့ စိတ်ချရအောင် လိုရမည်ရ အဖြစ် ခြောက်လကနေ ၁၂ လ စာအထိ စုဆောင်းထားရှိပါ။

၄။ သင့်အငြိမ်းစားဘဝအတွက် ငွေစတင်စုပါ။

မမျော်လင့်တဲ့ ငွေများများစားစားရတဲ့အခါ သင့်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ပါ။ သင့်အသက်ငါးဆယ်ကျော်တဲ့အခါကျမှ အငြိမ်းစားယူဖို့ အစီအစဉ်ဆွဲဖို့ လိုမယ်ထင်သလား။ ပြန်စဉ်းစားပါဦး။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဇရာဖြစ်မှုရဲ့ တုန်လှုပ်ဖွယ်ဇာတ်လမ်းတွေ ကျွန်ုပ်တို့ပြောပြဖို့ မလိုအပ်ပါဘူး။ အသက်ရှင်ဆင်းရဲနေတဲ့ သင့်ဦးလေး၊ ဒါမှမဟုတ် အဒေါ်တစ်ဦး သင့်အတွက်သက်သေရှိချင်ရှိမှာပါ။ ရေရှည်မှာ ငွေပမာဏအနည်းငယ်စီကို စုဆောင်းထားခြင်းဟာ သင့်ဘဝတည်ငြိမ်ဖို့ အလားအလာရှိတဲ့သဘောပဲ။ ဒီနေ့ သင်စတင်စုဆောင်းရင် သင်ဟာစောစောစီးစီး အငြိမ်းစားယူလို့ရချင်ရမယ်။ သင်အငြိမ်းစားယူရင် လိုအပ်မယ့်ကိစ္စတွေကို နားလည်တဲ့ ဘဏ္ဍာရေးစီမံကိန်းရေးဆွဲသူတစ်ဦးနဲ့ ဆွေးနွေးကြည့်ပါ။

၅။ သင့်ရဲ့ လစဉ်ဘတ်ဂျက် (အသုံးစရိတ်) ကို လျော့ချဖို့ အခွင့်အရေးကို ရယူပါ။

သင့်ငွေကို သိပ်စိစစ်ချွေတာသုံးနေရပါသလား။ သင့်ငွေကို နည်းနည်းထုတ်သုံးဖို့အချိန်ကျပါပြီ။ ဒါပေမဲ့ ထပ်တိုး ရန်ပုံငွေတွေ ဘယ်ရောက်လဲဆိုတာ သင်တိကျစေ့စပ်စွာသိပါ။ ဥပမာ- တစ်ပတ်မှာ ညစာထွက်စားဖို့၊ ဒါမှမဟုတ် လေ့ကျင့်ခန်းရုံသွားဖို့ ဒေါ်လာငါးဆယ် ထပ်သုံးမယ်ဆိုပါစို့။ ပိုကောင်းတဲ့စားသောက်ဆိုင်သွားမလား၊ ဒါမှမဟုတ် လေ့ကျင့်ခန်းဓာတ်စာတွေဝယ်မလား။ သိပ်မကြာခင် ဘိုင်ကျတဲ့ဘ၀ သင်ပြန်မရောက်ရအောင် သင်ခြေရာခံပြီး လွယ်ကူတဲ့ နည်းလမ်းနဲ့ အသုံးစရိတ်ကိုတိုင်းတာပါ။

၆။ သင့်ကိုယ်သင်၊ ဒါမှမဟုတ် သူများတွေကို ပြုစုကျွေးမွေးပါ။

အဆင့်မြင့်ညစာသွားစားပါ။ တစ်နေကုန်ဈေးလျောက်ဝယ်ပါ၊ ဒါမှမဟုတ် သင်သွားချင်နေတဲ့ ကုန်းလမ်းခရီးတို တစ်ခုအတွက် ငွေချန်ထားပါ။ သင်ခံစားထိုက်တာမို့ ဆုလာဘ်နဲ့ ပျော်ရွှင်မှုကျိန်းသေရရှိအောင်သင့်လုပ်ပါ။ ဒါ ပေမဲ့အချက် ၁ ကနေ ၄ အထိ သင်စဉ်းစားပြီးမှသာလုပ်ပါ။ ပရဟိတကိစ္စတစ်ခုခုသို့ ငွေတချို့လှူဒါန်းရင် လိုအပ်တဲ့လူတွေကို သင်ကူညီရုံမက သင့်ရဲ့လိပ်ပြာလည်း ပိုလှပပါလိမ့်မယ်။ ယေဘုယျလမ်းညွှန်ချက်အရ ၅၀၊ ၃၀၊ ၂၀ စည်းကမ်းဟာ ကျွန်ုပ်တို့အများစုအတွက် အဆင်ပြေတယ်လို့ ယူဆခံရပါတယ်။ အကြွေးဆပ်ဖို့ ၅၀ ရာခိုင်နှုန်းသုံးပြီး ၃၀ ရာခိုင်နှုန်း စုဆောင်းပါ။ ၂၀ ရာခိုင်နှုန်းနဲ့ ပျော်ပါးပါ။ သင့်ရဲ့ဘဏ္ဍာရေးအခြေအနေ တိကျသေချာမှုအပေါ် အဲဒါကွာခြားနိုင်ပါတယ်။ သင့်ဆုကြေးတစ်ဝက်ကို ပျော်ဖို့အတွက်သုံးရင် နောက်ဆုံးသင်ပျော်ရတော့မှာ မဟုတ်ဘူး။

နိုင်သီဟ