လေယာဉ်နဲ့ခရီးသွားရာမှာ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ

လေယာဉ်ပေါ်မှာ ကိုယ့်ရဲ့ထိုင်ခုံကို နောက်ဘက်ကိုလှန်ချပြီး ထိုင်သင့်မသင့်…

ဒါက ခရီးစဉ်ပေါ်မှာပဲမူတည်ပါတယ်။ ခရီးတိုလေးကိုပဲ ကိုယ့်ရဲ့ထိုင်ခုံကို နောက်ကိုလှန်ပြီးထိုင်တာက ကိုယ့်ရဲ့ အနောက်ဘက်ခုံကခရီးသည်ကို စိတ်ဆိုးစေနိုင်ပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီးသွားရတာမျိုး၊ ညအိပ်ခရီးသွားရတာမျိုးဆိုရင်တော့ ကိုယ့်ရဲ့ခုံကို နောက်ကိုမလှန်ချခင် ကိုယ့်အနောက်ခုံကခရီးသည်ကို ကြိုတင်ခွင့်တောင်းပါ။ တကယ်လို့ ကိုယ်ခွင့်မတောင်းခင် သူက သူ့ရဲ့နောက်ခုံကိုလှန်ချပြီးသားဖြစ်ရင်တော့ သူ့ကိုခွင့်မတောင်းဘဲနဲ့ ကိုယ့်ခုံကို နောက်လှန်ချနိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာအိပ်တဲ့အခါမှာ အခြားခရီးသည်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ခေါင်းစောင်းအိပ်တာမျိုး၊ နေရာပိုယူပြီး အိပ်တာတွေနဲ့ အအိပ်ကြမ်းတာတွေကို သတိထားစေလိုပါတယ်။

အစာစားချိန် လေယာဉ်ပေါ်မှာ ဘယ်လိုပြုမူသင့်လဲဆိုတာ…

ပုံမှန်လေယာဉ်စီးတဲ့အခါမှာ ကိုယ့်ရဲ့တံတောင်၊ ဒါမှမဟုတ် အသားနဲ့ တခြားလူကို သွားမထိထားသင့်ဘူးဆိုပေမဲ့ လေယာဉ်ပေါ်မှာ အစားစားတဲ့အခါမှာတော့ ဒါကခြွင်းချက်တစ်ခုဖြစ်လာပါတယ်။ လေယာဉ်ထိုင်ခုံက ကျဉ်းလည်းကျဉ်းတဲ့အခါကျတော့ ကိုယ့်ရဲ့ဘေးနဲ့ ကိုယ့်ရဲ့ အနောက်ကလူတို့တွေကို တတ်နိုင်သမျ အနှောင့်အယှက်မဖြစ်စေဖို့၊ ဘေးကလူကို သွားမထိမိစေဖို့ ကိုယ့်ရဲ့ထိုင်ခုံကို အရှေ့ကိုအနည်းငယ်ဆွဲပြီး စားတာက အဆင်ပြေစေမှာပါ။ ကိုယ့်ရဲ့ထိုင်ခုံကို အရှေ့ကို ဆွဲလိုက်တာကြောင့် နောက်လူအစားစားဖို့အတွက်လည်း နေရာပိုကျယ်သွားစေတာကြောင့် ကောင်းတဲ့အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ခုံကို အရှေ့ကိုမဆွဲခင်မှာ နောက်ခုံကလူ ဘာလုပ်နေလဲဆိုတာကို တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။ တကယ်လို့ သူက Laptop သုံးနေတာ၊ အစားစားဖို့ အဆင်သင့်ဖြစ်နေတာမျိုးဆိုရင် ကိုယ်က စေတနာနဲ့ သူအစားစားတဲ့အခါ နေရာကျယ်ကျယ်ရအောင် ခုံကိုအရှေ့ကို အနည်းငယ်ဆွဲပေးပေမဲ့ စေတနာက သူ့အတွက်ဝေဒနာဖြစ် သွားတတ်ပါတယ်။

တခြားသိထားသင့်တာတွေ…

လေယာဉ်ပေါ်မှာ ကိုယ့်ရဲ့လက်ဆွဲအိတ်ကို ကိုယ့်အပေါ်က ပစ္စည်းထည့်တဲ့စင်ကလွဲပြီး တခြားစင်တွေမှာ သွားမထည့်သင့်ပါဘူး။ မှန်လိုက်ကာဖွင့်တာက ကိုယ်နဲ့အတူလေယာဉ်စီးလာတဲ့အဖော်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ကိုယ်ကလေယာဉ်ရဲ့အတွင်းခုံမှာထိုင်တယ်ဆိုရင် ခဏခဏ အပြင်ထွက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ လေယာဉ်ပေါ်မှာ စကားပြောရင်လည်း တိုးတိုးသက်သာနဲ့ နှစ်ကိုယ်ကြားပဲ ပြောသင့်ပါတယ်။ လေယာဉ်ပေါ်ကို ကလေးတွေခေါ်လာတဲ့အခါမှာ မိဘတွေအနေနဲ့ ကိုယ့်ကလေးကိုမဆူညံစေဖို့နဲ့ တအားမဆော့ဖို့ သင်ထားဖို့လိုပါတယ်။ တကယ်လို့ ကလေးကငိုခဲ့ရင်တောင်မှ မိဘအနေနဲ့ ကလေးကိုမဆူဘဲ စိတ်ရှည်ရှည်နဲ့ ချော့တာမျိုးပဲလုပ်သင့်ပါတယ်။