လေယာဉ်စီးနင်းချိန် မဝတ်သင့်သောအရာ ၈ မျိုးနှင့် ဘယ်လိုစတိုင်လ်ကျကျ ဝတ်သင့်လဲ

ဒီအကြောင်းအရာတွေကို အတွေ့အကြုံရှိတဲ့ လေယာဉ်မောင် /မယ်တို့ဆီမှ ရယူထားခြင်းဖြစ်ပါတယ်။ သူတို့ပေးတဲ့အကြံဉာဏ်တွေကတစ်ဆင့် သင်ခရီးသွားချိန်မှာ ဘာတွေကိုဆောင်သင့်ပြီး၊ ဘာတွေရှောင်သင့်သလဲဆိုတာကို လေ့လာနိုင်ပြီး သက်သက်သာသာ၊ စတိုင်လ်ကျကျ ခရီးသွားလာနိုင်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ လေယာဉ်စီးနင်းချိန်နဲ့ လိုရာခရီးပန်းတိုင်ရောက်သည်အထိ စတိုင်လ်ပျက်စရာမရှိဘဲ သက်သောင့်သက်သာခရီးသွားချင်မှာပါ။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ခရီးသွားချိန်ဝတ်ထားတဲ့ အဝတ်အစားက အဆင်မပြေဘူးဆိုရင်တော့ ခရီးစဉ်တစ်လျောက်လုံး မပျော်ရွှင်ရဘဲ၊ လေယာဉ်စီးချိန်မှာသာမက လုံခြုံရေးတွေရှေ့မှာပါ စိတ်ဒုက္ခရောက်ချင်စရာ ကောင်းလှပါတယ်။ ကျွန်တော်တို့အနေနဲ့ The Association of Flight Attendants ရဲ့ လူထုဆက်ဆံရေးနည်းဗျူဟာ Coordinator ဖြစ်သူ Taylor Garland ဆီကို သွားရောက်ခဲ့ပါတယ်။သူဆီက လေယာဉ်စီးနင်းချိန် ဘာတွေကိုရှောင်သင့်ပြီး ဘာတွေကိုတော့ လုပ်သင့်တယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။

လက်ဝတ်ရတနာနဲ့ ပစ္စည်းအလေးများ…
သတ္တုပစ္စည်းတွေ ယူဆောင်သွားခြင်းက သင့်ကိုလုံခြုံရေးဂိတ်မှာ ကြန့်ကြာစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်မှာရှိတဲ့ သတ္တုချောင်းတွေကြောင့် သတ္တုဖော်စက်မှ အချက်ပေးသံတွေကို ကျယ်လောင်သွားစေနိုင်ပါတယ်။ အလားတူ သံ၊ သတ္တုခွာတွေ မြှုပ်နှံတပ်ဆင်ထားတဲ့ အားကစားဖိနပ်ဝတ်ဆင်ခြင်းတွေကို ရှောင်ရှားသင့်ပါတယ်။ ချွတ်ဖို့၊ ဝတ်ဖို့ခက်တဲ့ လက်ဝတ်ရတနာတွေကလည်း သင့်ကိုကြန့်ကြာစေမှာပါ။ လက်နက်ပုံသဏ္ဌာန် လက်ဝတ်ရတနာတွေကတော့ အလံနီပြသခြင်းခံရမှာ အသေ အချာပါပဲ။
ဝတ်သင့်တာက – အလွယ်တကူ ချွတ်ရလွယ်တဲ့ လက်ကောက် တစ်ရန်၊ နှစ်ရန်မှအပ အခြားလက်ဝတ်ရတနာများကို ခရီးဆောင်အိတ်၊ ဒါမှမဟုတ် အိတ်ထဲမှာ ထည့်ထားသင့်ပါတယ်။

တင်းကျပ်စေသောပစ္စည်းများ…
ခါးစည်းအကျပ်၊ စကတ်၊ ဘလောက်စ်နဲ့ရှပ်အင်္ကျီတွေကလည်း ခရီးသွားချိန်မဝတ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ ကျပ်သိပ်တဲ့ အဝတ်အစားတွေက လှုပ်လှုပ်ရှားရှား လုပ်ရတာတွေများတဲ့လေယာဉ်ပေါ်မှာ အဆင်မပြေနိုင်ပါ ဘူး။

ဝတ်သင့်တာက– ကျုံ့ဆန့်နိုင်တဲ့ မည်သည့်ခါးစည်းကိုမဆို ဝတ်သင့်ပါတယ်။ သိုးမွေးအင်္ကျီ၊ ဆွယ်တာတို့ကတော့ သင့်ကိုစတိုင်လ်ကျစေပြီး အဆင်ပြေစေမှာပါ။ “Athleisure”ဆိုတဲ့ အဝတ်အစားမျိုးကတော့ အထူးချုပ်လုပ်ထားတဲ့ အဝတ်အစားဖြစ်ပြီး နာမည်ကြီးဆယ်လီများကပါ လေယာဉ်စီးနင်းချိန်အတွက် ဝတ်ဆင်ဖို့ Recommend ပေးခံထားရပါတယ်။

သက်သောင့်သက်သာမဖြစ်စေတဲ့ Bra…
သက်သောင့်သက်သာမရှိစေတဲ့ Braကို မဝတ်ဆင်ဖို့ ဖြစ်ပါတယ်။ တချို့ Braတွေက ရင်ဘတ်နဲ့ပခုံးကို ဖျစ်ညှစ်ထားသလို ခံစားလာရစေမှာ အမှန်ပါပဲ။
ဝတ်သင့်တာက – ဝိုင်ယာ၊ ဒါမှမဟုတ် ချိတ်တွေမပါတဲ့ ချုပ်ရိုးစပ်ကြောင်းမရှိတဲ့ အားကစား Bra မျိုးကိုသာ ဝတ်ဆင်သင့်ပါတယ်။

အတိုအပြတ်များ…
သင့်အနေနဲ့ အားလပ်ရက်အပန်းဖြေခရီးအဖြစ် ကမ်းခြေကိုသွားရမှာ စိတ်လှုပ်ရှားနေပြီး အတိုအပြတ်လေးနဲ့ လေယာဉ်ပေါ်တက်လာမယ်ဆိုရင်တော့ လေယာဉ်ရဲ့ Aircondition ကြောင့် သင်အေးခဲသွားပါလိမ့်မယ်။ ဒီလို အဝတ်အစားနဲ့ပတ်သက်ပြီး ပြောချင်တာတစ်ခုကတော့ အခြားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့မကိုက်ညီဘဲ သင့်အနေနဲ့ မထီမဲ့မြင်လုပ်သလို အဖြစ်မျိုးအထိ ဖြစ်နိုင်ပါတယ်။ တကယ်လို့များအရေးပေါ်အခြေအနေ တစ်စုံတစ်ရာကြောင့် လေယာဉ်ပေါ်က ဆင်းရမယ်ဆိုရင် အရေးပေါ် စလိုက်လျော (Slide) က သင့်ရဲ့ အသားအရေအတွက် အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။

ဝတ်သင့်တာက– လေယာဉ်ထွက်ခွာချိန်နဲ့ ခရီးတစ်ဝက်မှာ လေယာဉ်တွင်းအပူချိန်က သိသိသာသာ ပြောင်းလဲတဲ့အတွက် အဝတ်အစားအပိုတွေကို ဆောင်ထားသင့်ပါတယ်။

ရနံ့…
ပြင်းရှတဲ့အနံ့ မခံနိုင်တဲ့သူတွေများပြားတာကြောင့် သင့်ရဲ့ရေမွှေးနံ့က သင့်အတွက် မွှေးကြိုင်နေပေမယ့် အခြားသူများကို စိတ်ဒုက္ခပေးရာ ရောက်နိုင်ပါတယ်။ ဒါကြောင့် ခရီးသည်တွေကို လေးစားတဲ့အနေနဲ့ လေ ယာဉ်ဆင်းသက်ပြီးအချိန်ထိ ရေမွှေးဆွတ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

သုံးသင့်တာက – ရေမွှေးသုံးမယ့်အစား သင့်ရဲ့ချွေးနံ့ပျောက်ဆေးကိုသာ ယုံယုံကြည်ကြည် သုံးစွဲသင့်ပါတယ်။

ဒေါက်မြင့် ၊ ညှပ်ဖိနပ် ၊ ကွင်းထိုးဖိနပ်…
လေယာဉ်စီးတဲ့အချိန်မှာ ဘယ်ဖိနပ်စီးရမယ်ဆိုတာက အမြဲတစေစဉ်းစားရကျပ်စေတဲ့ကိစ္စပါ။ ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုတစ်ခုခုလုပ်ဆောင်ရာမှာ နှေးကွေးစေပါတယ်။ ” ပြီးတော့ အရေးပေါ်အခြေအနေမှာဆိုရင် လျောဆင်းလေအိတ်ကို ပေါက်သွားစေနိုင်ပါတယ်” လို့ Garland က ဆိုထားပါတယ်။ ကွင်းထိုးဖိနပ်တွေနဲ့ ညှပ်ဖိနပ်တွေကလည်း အရေးပေါ်ကိစ္စတွေမှာ ကျွတ်ကျန်ခဲ့နိုင်ပါတယ်။ ဥပမာ-လေယာဉ်ထွက်ချိန်မီဖို့ ခပ်သွက် သွက်လှမ်းရတဲ့ အချိန်မျိုးမှာ အခက်အခဲတွေ့နိုင်ပါတယ်။

စီးသင့်တာက – လိုရင်လိုသလို အတိုးအလျော့လုပ်လို့ ရတဲ့ ကြိုးသိုင်းရှူးဖိနပ်တွေက အကောင်းဆုံးပါဆိုပြီး Garland ကတော့ အကြံပေးထားပါတယ်။

လေလုံသောအထည်စများ…
The National Transportation Safety Board ရဲ့ တင်ပြချက်အရ လေယာဉ်ပျက်စီး၊ ပျက်ကျမှုရဲ့ ၆၈ ရာခိုင်နှုန်းမှာ မြေကြီးပေါ်မရောက်မီ မီးလောင်မှုတွေ ရှိတယ်လို့ သိရပါတယ်။ မီးစတင်လောင်မှုကြောင့် လေ ယာဉ်ပျက်ကျခြင်းဟု မဆိုလိုပါ။ အခြားတစ်ဖက်မှ လုံခြုံအောင်ဆိုရင် ဓာတုပစ္စည်းနဲ့ပြုလုပ်ထားပြီး မီးလောင်လွယ်တဲ့ Polyester ၊ Nylon တို့လို အထည်မျိုးကို ရှောင်သင့်ပါတယ်။ သူတို့ကတော့ ခရီးသွားချိန်တွေမှာ မလိုရင် မယူသွားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအထည်စတွေက လေတွေကို ပိတ်လှောင်စေပါတယ်။

ဝတ်သင့်တာက – သိုးမွေး၊ ပိုးသား၊ ဝါစနဲ့ ပိတ်ချော စတဲ့ သဘာဝကနေရတဲ့ အထည်မျိုးကိုဝတ်သင့်ပါတယ်။ ဒီအစတွေက လေဝင်လေထွက်ကောင်းစေပါတယ်။

Jacket အထူကြီးများ…
သင့်အနေနဲ့ ကုတ်အင်္ကျီဆိုဒ်ကြီးတွေကိုလည်း မဝတ်သင့်ပါဘူး။ သူတို့က သင့်ကို အနည်းငယ်ကိုးရိုးကားရားပုံ ပေါက်စေမှာပါ။

ဝတ်သင့်တာက – ဆိုဒ်လည်းမကြီး၊ ပေါ့လည်းပေါ့ပြီး၊ ရာသီမရွေးဝတ်နိုင်တဲ့ Jacket တစ်ထည်က အကောင်းဆုံးပါ။

မမေ့သင့်တဲ့ အရာတွေကတော့…
Compression Sock – ဒါကတော့ ခြေထောက်ကိုနာကျင်မှုတွေကို သက်သာစေပြီး၊ သွေးလည်ပတ်မှုကောင်းစေကာ အနံ့အသက်လည်းထိန်းပါတယ်။ ပြီးတော့ ခြေထောက်ရောင်ရမ်းတာတွေအတွက်လည်း ကောင်းပါ တယ်။

လည်စည်းပဝါ၊ ခြုံထည် – ကိုယ်ဘာပဲဝတ်ဆင်ထားပါစေ စတိုင်လ်ကျလှပမှုအတွက် ပဝါတစ်ထည်၊ ခြုံထည်တစ်ခုက ပံ့ပိုးပေးနိုင်ပါတယ်။ ပြီးတော့ အအေးဒဏ်ကနေလည်း သက်သာအောင်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခပ်ပါးပါးခြုံထည်ပဲဖြစ်ဖြစ်၊ ခပ်ထူထူလှလှလေးပဲ ဖြစ်ဖြစ် သယ်သွားရင် အပိုမဖြစ်ပါဘူး။