လူကြီးလူညစ် ဂေါက်ပုံပြင် ၄၂

ယခင်လမှအဆက်

မောင်စံပေါ

ဒီတနင်္ဂနွေဂေါက်သီးရိုက်ရတာ ထူးခြားစွာ ဘာမှငြင်းကြခုံကြတာမရှိဘဲနဲ့ ၁၈ ကျင်းပြီးခဲ့တယ်။ ဒါကလည်း အကြောင်းရှိတယ်။ ရှေ့အတွဲမှာရိုက်နေတဲ့ ကိုရီးယားလင်မယားစုံတွဲနဲ့ ကိုရီးယားအမျိုးသမီးလေးတွေကိုငေးရင်း ဟိုဟိုဒီဒီပြောရင်းနဲ့ ကိုယ့်အချင်းချင်းပြဿနာရှာဖို့ မေ့ခဲ့ကြတာလေ။ လင်မယားစုံတွဲဆိုတာ သူဌေးလေးကယ်ဒီစပ်စုစိန်ပြောပြလို့သိတာ။
၁၈ ကျင်းပြီးလို့ တက်လာချိန်မှာဝိုင်းဖွဲ့ကြတော့လည်း ပြောကြတာက အဲဒီကိုရီးယားအဖွဲ့အကြောင်းပဲပေါ့။ ”အဲဒီ ကကြီးကွာ၊ မိန်းမကို ဂေါက်သီးရိုက်သင်ပေးတယ်ဆိုတာ တော်တော်မိုက်တာကွ။” ”ဟေ့ ရှင်းအောင်ပြော။ မိုက်တယ်ဆိုတာကောင်းတာလား၊ မကောင်းတာလား။” ”မကောင်းတာ၊ မလိမ္မာတာ၊ ညံ့တာပေါ့အန်ကယ်ကြီး။” ”အေး မင်းတို့ကိုယ့်မိန်းမကို ဘယ်လောက်ချစ်ချစ်၊ ဘယ်လောက် အလိုလိုက်လိုက်၊ ဂေါက်သီးရိုက်တော့ မသင်ပေးသင့်ဘူး။ ဂေါက်ကွင်းလည်းမခေါ်သင့်ဘူး။” ”ဘာဖြစ်လို့တုန်း အန်ကယ်ကြီး။ ကိုလူသစ်တို့လို ခေါ်တောတစ်ထောင်အားနဲ့ ဝိုင်းငမ်းကြ၊ စိတ်ထဲက နေပြစ်မှားကြတာမျိုး မကြုံရအောင်လို့လား။”

ဦးမောင်က ဝင်ထောက်ရင်းနဲ့ ကိုလူသစ်ကို စတယ်။ ကိုလူသစ်ကလည်း ချက်ချင်းပဲပြန်ချေတယ်။ ”အင်းပေါ့လေ၊ သူကြီးလက်အပ်ပါဆိုတဲ့ရုပ်ရည်နဲ့ မိန်းမကိုရထားတဲ့သူတွေကတော့ မပူဘူးပေါ့။”

လူသိများတဲ့ မြန်မာ့ရိုးရာဟာသပုံပြင်တစ်ပုဒ်ကို ညွှန်းပြီးပြောလိုက်တာ။ ရွာတစ်ရွာမှာအပျိုကြီးတစ်ယောက်ဟာ ပိုက်ဆံချမ်းသာပေမယ့် အင်မတန် အရုပ်ဆိုးတော့ ဘယ်ယောကျ်ားကမှ မယူဘူးတဲ့။ တစ်ညမှာ တခြားရွာက သူခိုးတစ်ယောက်ကအဲဒီအပျိုကြီးအိမ်ကို ဝင်ခိုးတော့ အပျိုကြီးက ဖမ်းတာမိသွားရော။ အားကောင်း မောင်းသန်အပျိုကြီးက သူခိုးဗလံလေးကိုချုပ်ထားရင်း နင် ငါ့ကိုယူမလား၊ မယူရင်တော့ သူကြီးလက်အပ်မယ်ဆိုပြီးပြောတယ်။ သူခိုးကလည်း ဒီမိန်းမကိုယူရင် ချမ်းချမ်းသာသာနေရမယ်ဆိုပြီး ယူမယ်ပြောတော့ အပျိုကြီးက မီးထွန်းလိုက်တယ်။ အပျိုကြီးရဲ့ ချူချာတဲ့ရူပါကိုထင်ထင် ရှားရှားမြင်လိုက်ရချိန်မှာ သူခိုးခမျာလည်း သူကြီးလက် အပ်ပါဆိုတဲ့ဘဝရောက်သွားပါလေရောတဲ့။

”ကဲပါကွာ၊ ငါပြောချင်တာလေးလည်း ပြောပါရစေဦး။ ဂေါက်သီးရိုက်တော့မသင်ပေးသင့်ဘူး။ ဂေါက်ကွင်းလည်း မခေါ်သင့်ဘူးဆိုတာ အတွေ့အကြုံအရပြောတာ။”

”အန်တီ ဂေါက်သီးရိုက်တယ်လို့ တစ်ခါမှမကြားဖူးပါဘူး အန်ကယ်ကြီးရာ။” ”ငါ့မိတ်ဆွေ ကိုဂျော်နီတို့ လင်မယားအကြောင်းပြောမလို့ကွ။” အန်ကယ်ကြီးက ကျွဲမြီးတိုဟန်ပြရင်းနဲ့စကား ကိုရပ်လိုက်တယ်။ ထုံးစံအတိုင်းဘီယာဖန်ခွက်ကို တစ်ကျိုက်မော့ပြီး ဝိုင်းထဲကလူတွေကို လှည့်ပတ်ကြည့်တယ်။ အားလုံးရဲ့အာရုံဟာသူ့ဆီမှာဆိုတာသေချာသွားချိန်မှာ စကားဆက်တယ်။ ”ဒီလိုကွ။ ကိုဂျော်နီက ငယ်ငယ်လေးကတည်းက ဂေါက်သီးရိုက်ခဲ့တာ။ မိန်းမရချိန်မှာ မိန်းမကိုလည်း အတော်ချစ်၊ ဂေါက်သီးကလည်း နေ့စဉ်ရိုက်နေတာကို မဖျက်ချင်၊ မဖြတ်ချင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို မိန်းမကို ဂေါက်သီးရိုက်သင်ပေးလိုက်တယ်။ အဲဂေါက်ကွင်းကို လင်မယားနှစ်ယောက် ပျော်ပျော်ကြီး ပုံမှန်ချီတက်ကြတယ်ပေါ့ကွာ။”

”အစိုးရတွေ တက်ခါစရက်တစ်ရာလိုပေါ့နော်။”

”ဂေါက်သီးပျားရည်ဆမ်းကာလတွေပေါ့။” ”အစစ်ပေါ့ကွာ။ ဂေါက်သီးပျားရည်ဆမ်းကာလတွေပေါ့။ ဂေါက်သီးရိုက် အဝတ်အစားမျိုးစုံကို ဖက်ရှင်ကျကျလှတပတဝတ်ရတယ်ကွာ။ ဂေါက်ကွင်းရောက်တော့လည်း ယောကျ်ားတွေ ငေးတာငမ်းတာခံရတယ်ကွာ။ ရင်းနှီးသူတွေ၊ ကယ်ဒီတွေရဲ့ လှကြောင်းချောကြောင်းချီးမွမ်းစကားတွေ နေ့စဉ်ကြားရတယ်ကွာ။ လူပဲကွာ မိန်းမပဲကွာ သာယာတာပေါ့။” ”ကိုဂျော်နီကကော အန်ကယ်ကြီး။” ”သူလည်း သဘောကျတာပေါ့ကွာ။ မိန်းမချောချောလေး ရထားတယ်ဆိုပြီးတော့။ အဲတော်တော်လည်း ကြာလာရော။ ပျားရည်ဆမ်းကာလအနည်ကျလာပါရော၊ အနည်ထိုင်လာပါရော။ အဲဒီမှာတင် ပြဿနာတွေကစတော့ တာဟေ့။”

”ဘာပြဿနာတွေလဲ အန်ကယ်ကြီး။” ”နံပါတ်တစ်က ပိုက်ဆံပေါ့ကွာ။ အကုန်အကျများတယ်ပေါ့။” ”ဘာတွေ အကုန်အကျများရတာလဲ အန်ကယ်ကြီးရာ။ မထူးလည်း မိန်းမတွေအတွက်ပိုက်ဆံဆိုတာကုန်နေကြရတာပဲဟာ။” ”အေးလေကွာ ကုန်နေကြရတာပဲဆိုတာတွေမှာ နောက်ထပ်ခေါင်းစဉ်တွေ တိုးလာတာကွာ။ ဂေါက်တုတ်ဖိုး၊ ဂေါက်အိတ်ဖိုး၊ ဂေါက်သီးရိုက်တဲ့ အဝတ်အစားဖိုး၊ မိတ်ကပ်ဖိုး၊ နေရောင်ခံကရင်မ်ဖိုး၊ နေကာမျက်မှန်ဖိုးနည်းမှတ်လို့။ ဂေါက်အဝတ်အစားဖက်ရှင်နဲ့တင် သေသွားမယ် ရှင်သွားမယ်ဖြစ်သွားမယ်။ နောက်ပြီး ဂရင်းကြေး၊ ဘာဂီ ကြေး၊ ကယ်ဒီကြေး ဂေါက်သီးရိုက်စရိတ်တွေ တိုးလာတာကွာ။ ဘယ်လောက်ကုန်သလဲ မင်းတို့မှန်းဆတတ်ပါတယ်။”

”ဟုတ်ပါပြီ ထားပါတော့အန်ကယ်ကြီး။ နံပါတ်နှစ်ကကော။”

”အဲဒါက နားပူတာနဲ့စကားများရတာ။ နားပူတာက မိန်းမဆိုတဲ့အမျိုးက နဂိုကမှ စကားခပ်များများရယ်၊ ဂေါက်သီးရိုက်တော့ ပြောစရာအကြောင်းအရာက ပိုများလာတာပေါ့။ တစ်ချိန်လုံး ဂေါက်အကြောင်း၊ ဆွင်းအကြောင်း၊ ရိုက်ချက်တွေအကြောင်း၊ ကောင်းတဲ့နေ့ဆိုလည်း သူရိုက်ခဲ့တာတွေဘယ်လိုကောင်းကြောင်း၊ ပါဘယ်နှလုံး၊ ဘာဒီဘယ်နှကျင်းပြောနေတာ မပြီးတော့ဘူး။

ပျက်တဲ့နေ့ရှုံးတဲ့နေ့တွေဆိုပိုဆိုးပေါ့။ သူပြောတာတွေကိုသည်းခံနားထောင် သံယောင်လိုက်ပေးနေရတဲ့ ဒုက္ခလွယ်သမှတ်လို့။ သူ့ဟာက ငြိမ်ပြီးနားထောင်နေလို့လည်း မရပြန်ဘူး။ ကြားထဲမှာစကားထောက်ပေးတာတို့၊ ဝင်ပြောပေးတာတို့၊ မေးတာတို့၊ ဆွေးနွေးတာတို့လုပ်ပေးရသေး တယ်။ နို့မို့ရင်သူပြောနေတာကို စိတ်မဝင်စားဘူးဆိုပြီး ပြဿနာကရှာသေးတာ။ အင်း ဒါကလည်းပြဿနာ အကြီးကြီးမတက်ခင်အထိပေါ့လေ။”

”ပြဿနာ အကြီးကြီး၊ ဟုတ်လား အန်ကယ်ကြီး။”

”အေးကွ။ ဒါကလည်း ဂေါက်သီးကြောင့်ဖြစ်တာ။ ငါတို့ ဂေါက်ကွင်းမှာ နှစ်စဉ်လုပ်တဲ့ပြိုင်ပွဲတွေထဲမှာ ကျား-မ နှစ်ယောက်တွဲပြိုင်ပွဲတစ်ခုပါတယ်။ ဂေါက်သီးရိုက်သူများတဲ့နိုင်ငံတွေမှာတော့ လင်မယားစုံတွဲပြိုင်ပွဲတို့၊ သားအမိပြိုင်ပွဲတို့၊ သားအဖပြိုင်ပွဲတို့၊ ညီအစ်ကိုပြိုင်ပွဲတို့၊ မောင်နှမပြိုင်ပွဲတို့ စသဖြင့် နှစ်ယောက်တွဲပွဲတွေ တော်တော် စုံစုံလုပ်လေ့ရှိတယ်။ ဒီမှာက အမျိုးသမီးဂေါက်သမားနည်းတော့ ရိုးရိုးလုပ်တာတောင် ပြိုင်တဲ့အတွဲကနှစ်တွဲပဲရှိတယ်။ ပြိုင်တာနဲ့ဆီမီးဖိုင်နယ်က စကစားရတာပေါ့ကွာ။” ”ဦးဂျော်နီတို့ လင်မယားပြိုင်လား အန်ကယ် ကြီး။” ”ပြိုင်တာပေါ့ကွာ။ အဲဒီပွဲက ပြဿနာပေါ့။ ၁၃ ကျင်းရောက်တဲ့အထိ သူတို့သရေကျနေကြတယ်။

၁၃ ကျင်းမှာ ပြိုင်ဘက်အမျိုးသမီး ကျင်းစိမ်ရမယ့်နေရာက အပေါ်လိုင်းမှာ၊ ခက်တယ်။ တိုင်းကြည့်တော့ ပတ်တာဂရစ်ငြိနေတယ်။ အဲဒါကို ဟိုအမျိုးသမီးကအဝင်တောင်းတော့ ကိုဂျော်နီက ပေးလိုက်တယ်။ ပတ်ရင်လွဲနိုင်တာမို့သူ့မိန်းမကတော့ ပတ်စေချင်တာပေါ့၊ လွဲရင် အဲဒီကျင်းနိုင်မှာကိုး။ ဒါနဲ့ အဲဒီကျင်းသရေကျပြီး ဆက်ရိုက်တာ နောက်ဆုံးကိုဂျော်နီတို့ ရှုံးသွားပါလေရော။ အဲဒီမှာ မိုးမီးလောင်တော့တာပေါ့။ အိမ်ပြန်ရောက်တဲ့အထိလည်း ပြဿနာကမပြီးဘူး။ ရှင်က အဲဒီကောင်မတောင်းတာကိုပေးရအောင် သူက ဘာမို့တုန်းတို့ ဘာတို့တွေပြော၊ ကိုဂျော်နီနဲ့ အဲဒီအမျိုး သမီးကိုပေးစားပြီးပြော၊ ဆူပူနဲ့အကြီးအကျယ်စကားများကြတာဟေ့။ နောက်ဆုံးတော့ သူတို့လင်မယားကွဲ သွားသကွ။”

”ဗျာ၊ ကွဲသွားတယ်၊ ဟုတ်လား အန်ကယ်ကြီး။” ”ဟုတ်တယ်ဟေ့။ အဲဒါကြောင့် မိန်းမကိုဂေါက်သီးရိုက်သင်မပေးနဲ့ပြောတာ။ အနည်းဆုံးနားပူပြီး စိတ်ညစ်ရမယ်။ မင်းတို့ ရှင်းပြနေရတာနဲ့ ဘီယာတောင်ကောင်းကောင်းမသောက်ရဘူး။” ”ရပါတယ်အန်ကယ်ကြီး။ ဟေ့ ဘီယာအေးစိမ့်နေတာလေး မြန်မြန်ယူခဲ့။” ဘီယာရောက်လာတယ်။ ဝိုင်းပြီး ချီးယားလုပ်ကြတယ်။ ချီးယားရင်းနဲ့ တနင်္ဂနွေတစ်ရက် ပြီးသွားခဲ့တယ်။ ။