လူကြီးလူညစ် ဂေါက်ပုံပြင် (၄၁)

“အန်ကယ်ကြီး၊ ဂေါက်ကွင်းကို အစောကြီး လာပြီး ဖုန်းထဲက ဘာတွေကြည့်နေတာလဲ။”

ကိုလူသစ် အော်ဟစ်ရင်း ဝင်လာတယ်။

“ဘာမှ မဟုတ်ရပါဘူးကွာ။ မိတ်ဆွေတစ် ယောက် ပို့ထားတဲ့ပုံလေး ကြည့်နေတာပါ။”

“ဟုတ်လား။ တင်ဂျာလား၊ မွေမွေလားပဲ။ ပြပါ ဦးအန်ကယ်ကြီး။”

အန်ကယ်ကြီးက ဖြေတယ်၊ သူဋ္ဌေးလေးက မွှေ တယ်။

“ဟာ အန်ကယ်ကြီးဟာကလည်း ကာတွန်း ပုံကြီး။”

“ဟုတ်ပါ့ဗျာ။ ဂေါက်အိတ်ကလည်း ထောင်ချောက်တွေ ဝိုင်းလို့။”

“အေး အဲဒါ ယောကျာ်း ဂေါက်ကွင်းမသွားနိုင် အောင်လို့ မိန်းမက လုပ်ထားတာကို ကာတွန်းဆရာက သရုပ်ဖော်ထားတာ။” “ဒါကတော့ နည်းနည်းများသွားပြီ ထင်တာပဲ။ အပြင်မှာတော့ မရှိနိုင်လောက်ပါဘူး။”

“ကိုလူသစ်က အတွန့်တက်တယ်။ ခေါင်းကို အသာအယာ ရမ်းခါရင်း အန်ကယ်ကြီး စကားဆက်တယ်။”

“ကိုယ် မတွေ့မကြုံဖူးသေးတာနဲ့ မဖြစ်နိုင် လောက်ဖူးတို့၊ မရှိနိုင်လောက်ဖူးတို့ မပြောသင့်ဘူး ကို လူသစ်။ အပြင်က ဖြစ်ရပ်မှန်တချို့ ပြောပြမယ်။”

“ဂေါက်အိတ်ထဲကနေ ဒရိုက်ဗာထုတ်ပြီး ဝှက်ထားတာမျိုးလား အန်ကယ်ကြီး။”

“ကိုလူသစ်ရယ် အန်ကယ်ကြီးပြောမယ့်ဟာ ဆုံးအောင်ပြောပါစေဦး။ ထင်ရာတွေ လျှောက်လျှောက် ဝင်မပြောပါနဲ့။” “ရပါတယ် သူဌေးလေးရယ် ပြောပါစေ။ အခု ပြောမှာလည်း ဝှက်ထားတာတော့ ဝှက်ထားတာပဲ။ ဒါပေ မဲ့ ဒရိုက်ဗာမဟုတ်ဘူး။”

အန်ကယ်ကြီး စကားခဏရပ်ပြီး ဘီယာလေးတစ်ကျိုက်မော့တယ်။ ပြီးမှ စကားဆက်တယ်။

“အန်ကယ်ကြီးမိတ်ဆွေတစ်ယောက်ရှိတယ်။ ကိုကြီးကျော်တဲ့။ သူက မိန်းမကိုလည်းအတော်ကြောက်ရတာ။ သူ့ခမျာ ဂေါက်သီးလေးရိုက်ရဖို့ကို မိန်းမဆီ အရေးဆိုရ၊ အပေးအယူ လုပ်ရနဲ့။ တစ်ရက်ကျတော့ မိန်းမနဲ့သဘောတူညီချက် ကြိုမယူမိဘဲ ဂေါက်သီးသွား ရိုက်ဖို့ လုပ်ပါရော။ အဲဒီမှာတင် မိန်းမက ပညာပေးတာမောင်။ သူ့ဂေါက်ရှူးဖိနပ်ကိုဝှက်ထားတာဗျာ။ သူ့မှာ မိန်းမကိုလည်း မမေးရဲတော့ ဒေါင်းတောက်အောင်ရှာတာ လုံးဝမတွေ့ဘူး။ အိမ်ထဲမှာနေရာတွေလည်း နှံ့လို့။ ကားထဲရှာတော့လည်း မတွေ့နဲ့။ သူ့မိန်းမကတော့ ပြုံးပြုံးကြီး ကြည့်နေတာပေါ့။ နောက်ဆုံး မိန်းမကိုတောင်းပန်တော့မှ မိန်းမကဝှက်ထားတဲ့နေရာ ပြလိုက်တယ်။ ဘယ်မှာလို့ ထင်သလဲ။”

“မီးဖိုချောင်ထဲ နေမှာပေါ့ အန်ကယ်ကြီး”

“စတိုခန်း”

“ကားဂိုဒေါင်” “တစ်နေရာမှ မဟုတ်ဘူးဟေ့။ သူ့မိန်းမက ဂေါက်ဖိနပ်ကိုပြတင်းပေါက်က ချိတ်မှာချည်ပြီး အိမ်အပြင်ဘက်ကို တွဲလောင်းချထားတာကွ။”

“ဟား မိုက်တယ်နော် အန်ကယ်ကြီး”

“ဟုတ်ပ။ ဘယ်သူ စဉ်းစားမိမလဲဗျာ။”

“အန်ကယ်ကြီးလူ ကိုကြီးကျော်က ညံ့လို့ပါဗျာ။ ဒီတိုင်းထွက်လာပြီး ဂေါက်ကွင်းရောက်မှ ငှားစီးစီး၊ ဝယ်စီးစီးရတဲ့ဟာကို။”

“မင်းတို့ကလည်းကွာ၊ အဲဒီအချိန်မှာ ထူပူနေ တာမို့ ခေါင်းကမထွက်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။”

တစ်ယောက်တစ်ပေါက်နဲ့ ဝေဖန်ကြတယ်။ ဘကြီးအောင် ပါးစပ်ပြင်လိုက် တစ်ယောက်ကဝင်ပြော သွားလိုက်ဖြစ်နေတာကို သတိထားမိတဲ့ သူဌေးလေးက ဖြတ်ပြောတယ်။

“ကဲ ဘကြီးအောင် ဘာပြောချင်နေလဲ မသိဘူး။ အလှည့်လေး ပေးလိုက်ကြပါဦး။”

“ကျေးဇူးပါ သူဌေးလေးရေ။ ကိုယ်တွေ့ဖူးတဲ့ မိန်းမတစ်ယောက်အကြောင်း ပြောပြချင်လို့ပါ။”

“ဘကြီးအောင် မိန်းမအကြောင်းလား။” “မဟုတ်ပါဘူး။ မိတ်ဆွေတစ်ယောက်ရဲ့ မိန်းမပါ။ နှစ်ယောက်စလုံးက နာမည်ကြီးတွေဆိုတော့ နာမည်တော့ထည့်မပြောတော့ပါဘူး။ တစ်ရက်မှာမိတ်ဆွေက ဂေါက်ကွင်းသွားဖို့ ဂေါက်အိတ်တွေ၊ အဝတ်အစားအိတ်တွေကားပေါ်တင်ထားပြီးချိန်မှာ သူ့မိန်းမကသူအရင်ကတိပေးထားပြီး ပျက်ကွက်ခဲ့တာတစ်ခုအတွက် ပညာပေးချင်တာနဲ့ သူ့ကားကိုတက်မောင်းပြီး ထွက်သွားတာတစ်နေကုန်ပါရော။ သူလည်းဂေါက်သီးရိုက်ဖို့ ချိန်းထားတာပျက်သွားတာပေါ့။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ မိန်းမကိုလည်းသိပ်ပြီး ပြဿနာမရှာရဲဘူးပေါ့လေ။”

“ဒါတွေ ကြိုမြင်လို့ မိန်းမကို ကားမောင်း မသင်ပေးတာပေါ့ဗျ။”

ကိုလူသစ်က ဂုဏ်ယူစွာ ဝင်ပြောတယ်။ “ကဲပါ၊ စားသောက်လက်စလေးတွေ ဖြတ်ပြီး တီခုံသွားကြစို့။ ပြီးမှ ဆက်ပြောကြတာပေါ့ ဟုတ်လား ဘကြီးအောင်”

“ဟုတ်ပါ့ အန်ကယ်ကြီးရေ။ ဂေါက်သီးသမားတို့ရဲ့ဇနီးမယားများအကြောင်းဆိုတာ ဘိုလိုရေးထားတဲ့ စာတစ်အုပ်တောင် တွေ့ဖူးသေးတယ်။ ဘာသာပြန်ပြီး စာအုပ်ထုတ်လို့ ရတယ်။”

“မလုပ်ပါနဲ့ ဘကြီးအောင်ရယ်။ မိန်းမတွေ ဗဟုသုတပြည့်ကုန်ရင် ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ်။ ရှိကြီးခိုးပါရဲ့ဗျာ။”

ဂေါက်ကွင်းမဆင်းခင်၊ မငြင်းမခုံခင်မှာတော့ ရယ်မောပျော်ပါးစွာပေါ့လေ။ ပြောသာပြောတာပါ၊ အော် ဟစ်ရန်ဖြစ်တာတွေပြီးရင်လည်း လည်ပင်းဖက်နေကြ တာပါပဲ။ ဂေါက်သီးသမားတွေရဲ့ သံယောဇဉ်ပေါ့ဗျာ။

မောင်စံပေါ