လုပ်သက်အရှည်ဆုံး CEO သို့မဟုတ် Les Wexner

Les Wexner ခေါ် Leslie H.Wexner ဟာ ၁၉၃၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မွေးဖွားတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဘီလျံနာဖြစ်ပြီး အရင်က Limited Brands လို့ခေါ်တဲ့ L Brands Corp တည်ထောင်သူနဲ့ စီအီးအိုလည်းဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ကတည်းကတသီးပုဂ္ဂလ နိုင်ငံရေးသမားဖြစ်ခဲ့တယ်။ အိုဟိုင်းယိုးပြည်နယ်၊ ဒေတန်မြို့မှာဘယ်လာနဲ့ဟယ်ရီဝက်ဇ်နာဆိုတဲ့ ဂျူးဇနီးမောင်နှံကမွေးဖွားသူလက်ဇ်မှာ ဆူဆန်ဆိုတဲ့ မွေးချင်းညီမတစ်ယောက်ရှိကာ သူဟာအိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှာ စီးပွားရေးအုပ်ချုပ်မှုပညာ အဓိကဘာသာဆည်းပူးပြီး မောရစ်ဇ်ဥပဒေကောလိပ်လည်း ခဏတက်ခဲ့ပါတယ်။

အလုပ်အကိုင်…
လက်ဇ်ဟာ သူ့မိဘတွေရဲ့အဝတ်အထည်ဆိုင်မှာ အလုပ်စလုပ်ပြီး သူတို့အပန်းဖြေခရီးထွက်နေတဲ့အခါ မိန်းမအဝတ်အစားရောင်းချမှုရဲ့ အရှုံး၊ အမြတ်ကိုဆန်းစစ်တော့ အပေါ်အင်္ကျီဂျက်ကက်လို ဈေးကြီးတဲ့အဝတ်အစားတွေက စရိတ်ပိုများပြီး ဘလောက်စ်တွေလောက်အရောင်းမသွက်မှန်းတွေ့ရတယ်။ ရောင်းချတဲ့ ကုန်စည်ပမာဏပြောင်းလဲဖို့ သူ့အဖေကိုပြောပေမယ့် အဖေကစိတ်မဝင်စားဘူး။ ၁၉၆၃ ခုနှစ်မှာ လက်ဇ်ဟာသူ့အဒေါ်ဆီက ဒေါ်လာငါးထောင်ချေးပြီး The Limited ဆိုတဲ့ လုပ်ငန်းကိုတည်ထောင်တယ်။ ပထမဆုံး Limited ဆိုင်ကို အိုဟိုင်းယိုးပြည်နယ်၊ ကိုလံဘတ်စ်မြို့ ဆင်ခြေဖုံးရပ်ကွက်အပ်ပါးအာလင်တန်ရှိ ကင်းခဒေးလ်ကုန်တိုက်ကြီးမှာ ဖွင့်လှစ်တယ်။ တစ်နှစ်အကြာမှာ သူ့မိဘတွေကဆိုင်ဖြုတ်ပြီး သူနဲ့လာပူးပေါင်းတယ်။လက်ဇ်က သူ့ရဲ့ Limited Brands ကုမ္ပဏီကို ၁၉၆၉ ခုနှစ်ကျတော့ နယူးယောက်စတော့အိပ်ချိန်းမှာ LTD လို့ နာမည်စာရင်းသွင်းပြီး ပြည်သူကို ရှယ်ယာတွေရောင်းတယ်။ Fortune 500 ကုမ္ပဏီစာရင်းမှာ သူဟာ လုပ်သက်အရှည်ဆုံးစီအီးအိုဖြစ်ပြီး Harvard Business Review မဂ္ဂဇင်းရဲ့ ၂၀၁၅ အတော်ဆုံးစီအီးအိုတစ်ရာ စာရင်းမှာ ၁၁၁ အဆင့် ၂၀၁၆ စာရင်းမှာ ၃၄ ချိတ်ခဲ့တယ်။

လက်ဇ်ဟာ ယခုအခါ Victoria’s Secret ၊ Pink ၊ Bath & Body Works ၊ Henri Bendel ၊ La Senza စတဲ့ ကုမ္ပဏီပါဝင်တဲ့ လက်လီနဲ့မားကက်တင်းကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ ပင်မတံဆိပ်ကို မှီငြမ်းပြီး သီးခြား ထုတ်လုပ်တဲ့ တံဆိပ်တချို့ကတော့ Lane Bryant ၊ Abercombie & Fitch ၊ Lerner New York ၊ Limited Too စတာ တွေဖြစ်တယ်။ လက်ဇ်ဟာ သူ့ရဲ့ဘဏ္ဍာရေးကိစ္စတွေ စီမံခန့်ခွဲပေးတဲ့ ဂျက်ဖရီအက်ပ်စတင်းနဲ့ လက်ပွန်းတတီး ဆက်ဆံမှုရှိခဲ့တယ်။ ဂျက်ဖရီထောင်ကျသွားတော့ သူတို့လမ်းခွဲခဲ့တယ်။ ဂျက်ဖရီချမ်းသာတာ လက်ဇ်ကြောင့်လို့ စီးပွားရေးလောကကယူဆကြတယ်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ ဂျက်ဖရီ ဒုတိယအကြိမ်ထောင်ကျပြီးနောက် လက်ဇ်ကသူနဲ့သူ့မိသားစုရဲ့ ငွေအမြောက်အမြားကို ဂျက်ဖရီက အလွဲသုံးစားလုပ်ခဲ့ကြောင်းဖွင့်ပြောရင်း သူတို့နှစ်ယောက် လုပ်ကိုင်တဲ့အလုပ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေတင်ပြတဲ့ စာတစ်စောင်ကို Wexner ဖောင်ဒေးရှင်းဆီပေးပို့ခဲ့တယ်။ လက်ဇ်ဟာ ရာဇဝတ်မှုဆိုင်ရာ တရားခံအကျိုးဆောင်ရှေ့နေ မေရီဂျိုးဝှိုက်ကိုလည်း ငှားရမ်းထားတယ်။

ပရဟိတလုပ်ငန်းများ…
လက်ဇ်ဟာ ၁၉၈၉ ခုနှစ်မှာ သူ့မိခင်ဘယ်လာနဲ့အတူ United Way အဖွဲ့အစည်းကို ဒေါ်လာတစ်သန်းလှူဒါန်းတဲ့ ပထမဆုံးအလှူရှင်တွေဖြစ်ခဲ့တယ်။ ဗာဂျီးနီးယားပြည်နယ်၊ အဲလက်ဇန်းဒရီးယားမြို့ရှိ Unite3d Way ရုံးချုပ်ရဲ့ ဧည့်ခန်းမဆောင်ကြီးထဲမှာ သူတို့နာမည်တွေကို စကျင် ကျောက်နဲ့ ထွင်းပေးထားတယ်။ သူဟာ အိုဟိုင်းယိုးပြည်နယ်မှာ အချမ်းသာဆုံးလူဖြစ်ပြီး သူ့ဖခင်ကိုဂုဏ်ပြု မှည့်ခေါ်တဲ့ အိုဟိုင်းယိုးတက္ကသိုလ်ရှိ Wexner Center for Arts (ဝက်ဇ်နာအနုပညာရိပ်သာ) အတွက်လည်း ရန်ပုံငွေအများဆုံး ထည့်ဝင်သူဖြစ်တယ်။

”ကျွန်တော်ငယ်ငယ်က မိဘတွေက အိမ်ခဏခဏပြောင်းကြလို့ ဂျူးပညာရေးကောင်းကောင်း မသင်ခဲ့ရဘူး” လို့ပြောတဲ့လက်ဇ်ဟာ ဂျူးအသိုက်အဝန်းကြားဦးဆောင်သူလုပ်ဖို့ အသင့်မဖြစ်ဘူးလို့ အောက်မေ့ခဲ့တယ်။ ဒါကြောင့် ၁၉၈၅ ခုနှစ်မှာ သူက ဂျူးဓမ္မဆရာဟားဘတ်ဖရိုက်မင်းနဲ့ လက်တွဲပြီး Wexner ဖောင်ဒေးရှင်းကို တည်ထောင်တယ်။ ဂျူးလူမျိုးတွေရဲ့ ခေတ်ပေါ်စိန်ခေါ်မှုတွေ ထုံးတမ်းစဉ်လာတွေ အတွေးအခေါ်နဲ့ သမိုင်းတွေကို ဂျူးရပ်ရွာခေါင်းဆောင်တွေကို သင်ကြားပေးဖို့ရည်ရွယ်တဲ့အစီအစဉ်ဖြစ်တယ်။

၁၉၉၁ ခုနှစ်မှာ Mega Group ကို လူသိပိုများတဲ့ The Study Group ကို ဘီလျံနာကြီး Charles Bronfman နဲ့ ပူးပေါင်းတည်ထောင်တယ်။ အဲဒီအုပ်စုဟာ ဂျူးပြဿနာကို စိတ်ဝင်စားတဲ့ အမေရိကန်နိုင်ငံမှ အချမ်းသာဆုံးနဲ့ သြဇာအရှိဆုံး စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ဖွဲ့ စည်းထားတာဖြစ်တယ်။ အဲဒီအုပ်စုထဲမှာ မက်ဇ်ဖစ်ရှား၊ မိုက်ကယ်စတိုင်းဟုတ်၊ အက်ဂါဘရွန့်မင်း စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တယ်။ အဲဒီအုပ်စုဟာ ပရဟိတလုပ်ငန်းနဲ့ ဂျူးဆန်မှုအကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့နှစ်ရက်တာ ဆွေးနွေးပွဲတွေကို တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပကြတယ်။ ၁၉၈၈ ခုနှစ်မှာ ဂျူးသွေးနှောသူဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်ကသူ့ရဲ့ ဂျူးဘာသာရေးခရီးရှည်အကြောင်းပြောကြားပြီး နောက်ပိုင်းမှာ Mega အုပ်စုက ဂျူး နွေရာသီတောစခန်းတွေကိစ္စ ဆက်ဆွေးနွေးကြတယ်။

လက်ဇ်နဲ့ ချားလ်တို့ ပူးတွဲဥက္ကဋ္ဌလုပ်တဲ့ အဲဒီအုပ်စုဟာ Partnership for Excellence in Jewish Education ၊ Birthright Israel နဲ့ Hillel အဖွဲ့အဆင့်မြှင့်တင်ရေး စတဲ့ ရှေ့ဆောင်ပရဟိတလုပ်ငန်းအတော်များများကို စေ့ဆော်ခဲ့တယ်။ လက်ဇ်ဟာ ၁၉၈၈-၁၉၉၇ အထိ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်ရဲ့ ဂေါပကအဖွဲ့မှာပါဝင်ပြီး ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ဒုတိယသက်တမ်းဆက် လက်ထမ်းဆောင်ရတယ်။ ၂၀၀၉ ခုနှစ်မှာ ဥက္ကဋ္ဌခန့်အပ်ခံရတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာတော့ သူ့တာဝန်သက်တမ်းပြည့်ဖို့ ရှစ်နှစ်အလိုမှာ ဥက္ကဋ္ဌရာထူးကို စွန့်ခဲ့တယ်။ ၂၀၀၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ လက်ဇ်ဟာ အိုဟိုင်းယိုးပြည်နယ်၊ ကိုလံဘတ်စ်မြို့က ညစာစားပွဲမှာ Coor-prate Citizenship အတွက် Woodroon Wilson ဆုချီးမြှင့်ခံရတယ်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်မှာ လက်ဇ်ဟာ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်ရှိ ဗဟိုဆေးရုံကြီး ဂျိမ်းကင်ဆာဆေးရုံ၊ Solove သုတေသနဌာနတု့ိကို ခွဲဝေပေးဖို့ အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ဒေါ်လာသန်းတစ်ရာလှူဒါန်းဖို့ ကတိပြုတယ်။ ဒါအပြင် ဝက်ဇ်နာအနုပညာရိပ်သာနဲ့ တခြားကဏ္ဍတွေကိုလည်း လက်ဆောင်တွေ ထပ်ပေးမှာဖြစ်တယ်။ သူ့ရဲ့နောက်ဆုံးလက်ဆောင်ဟာ အိုဟိုင်းယိုးတက္ကသိုလ်အတွက် အကြီးမားဆုံးလက်ဆောင်ဖြစ်တယ်။ အဲဒါက သူ့ရဲ့ L Brands ဖောင်ဒေးရှင်းကတစ်ဆင့် သူနဲ့ Brands ကုမ္ပဏီပေါင်းပြီး ကိုလံဘတ်စ်ဖောင်ဒေးရှင်းကို ဒေါ်လာ ၁၆၃.၄ သန်း လှူဒါန်းတာဖြစ်တယ်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ အိုဟိုင်းယိုး ပြည်နယ်တက္ကသိုလ်ဆေးရုံကြီးကို ဝက်ဇ်နာဗဟိုဆေးရုံကြီးလို့ အမည်ပြောင်းလိုက်တယ်။ အိုဟိုင်းယိုးပြည်နယ်ကို တစ်သက်လုံးစွဲမြဲတဲ့ ဦးဆောင်မှုအမွေပေးတဲ့အတွက် သူ့ကိုဂုဏ်ပြုတာပါလို့ တက္ကသိုလ်ပါမောက္ခချုပ် အီးဂေါ်ဒွန်ဂျီးက ပြောပါတယ်။ ”မစ္စတာဝက်ဇ်နာဟာ ဒီတက္ကသိုလ်ရဲ့ ခေါင်းဆောင်အပီသဆုံးနဲ့ အတက်ကြွဆုံးပံ့ပိုးသူတစ်ဦးဖြစ်တယ်။ သူ့ရဲ့ရက်ရောတဲ့ လှူဒါန်းမှုတွေဟာ လုံးဝအသွင်ပြောင်းလဲမှုဆန်ပေမယ့် သူ့ရဲ့အဖိုး တန်ဆုံးလက်ဆောင်ကတော့ လက်ဖျားခါလောက်တဲ့ သူ့ရဲ့ဦးဆောင်မှုသာဖြစ်ပါတယ်” လို့ ဂေါ်ဒွန်က ဖြည့်စွက်ပြောပါတယ်။

လက်ဇ်ဟာ လိင်ကုန်ကူးမှုဖြင့် သူ့ရဲ့ဘဏ္ဍာရေး မန်နေဂျာဂျက်ဖရီအဖမ်းခံရပြီးနောက်ပိုင်း ပထမဆုံးအ ကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၂ ရက်မှာ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ယင်းနဲ့အဆက်ဖြတ်ခဲ့ကြောင်း၊ သတင်း မီဒီယာတွေကို ဖွင့်ပြောခဲ့ပါတယ်။ ”လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်က ကျွန်တော်အလုပ်ခန့်ခဲ့တဲ့လူဟာ လူအများအပြားနာကျင်အောင်လုပ်လိမ့်မယ်လို့ လုံးဝမထင်မိပါဘူး။ အဲဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အပြုအမူတွေ သူလုပ်နိုင်မှန်းသိရလို့ ကျွန်တော်ရှေ့ဆက်လက်တွဲလုပ်မှာလည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လုံး ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်ခဲ့တယ်။

သူနဲ့ကျွန်တော် ဆုံစည်းလက်တွဲခဲ့မိတာကို အခုမှနောင်တရမိတယ်လို့ လက်ဇ်ဝက်ဇ်နာက ပြောပါ တယ်။ ဂျက်ဖရီအက်ပစတင်းဟာ ဒုတိယအကြိမ် အကျဉ်းကျနေစဉ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်က ထောင်ထဲမှာ ကြိုးဆွဲချအဆုံးစီရင်သွားပါတယ်။

စိုးညွန့်ဇော်

Ref: Wiki, CNN

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း