လုပ်ငန်းခွင်အတွင်း ဒေါသကိုထိန်းချုပ်ကိုင်တွယ်နိုင်မယ့်နည်းလမ်း ၅ ခု

လုပ်ငန်းခွင်ထဲမှာ စိတ်ခံစားချက်အမျိုးမျိုးဖြစ်ပေါ်တာက ပုံမှန်ပါပဲ။ စိတ်ရှုပ်ဒေါသထွက်တဲ့အချိန်ဆိုရင် သေချာရှင်းရှင်းလင်းလင်းမတွေးနိုင်ဘူး။ တခြားသူတွေအပေါ် အပြစ်ပြောမိမယ်၊ ကိုယ်နောက်မှ နောင်တရစေမယ့်စကားတွေ ဒေါသအလျောက်ပြောမိမယ်။ မှန်မှန်ကန်ကန်မဆုံးဖြတ်နိုင်တော့ဘူး။ ပုံမှန်အချိန်လုပ်ငန်းခွင်တွေမှာတောင် ဒီလို စိတ်ရှုပ်ထွေးမှုနဲ့ အဆင်မပြေမှုတွေကြုံတွေ့ရတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပွတ်တိုက်မှုတွေ ဖြစ်ပါတယ်။

အခုလို အိမ်မှာအလုပ်လုပ်ရတဲ့အချိန်၊ အိမ်မှာတစ်လှည့် ရုံးမှာတစ်လှည့် တစ်ဝက်စီလုပ်ရတဲ့အချိန် စတဲ့အချိန်တွေမှာ အမျိုးမျိုးသောဖိအားတွေနဲ့ အဆင်မပြေမှု၊ မလွယ်ကူမှုတွေကြောင့် လုပ်ငန်းခွင်အတွင်း ပိုမိုပြီးပွတ်တိုက်မှုတွေဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လူချင်းမတွေ့ရဘဲ အင်တာနက်ပေါ်ကပြောကြဆိုကြတဲ့အခါလည်း နားလည်မှုလွဲမှားမှုတွေဖြစ်တတ်ပါတယ်။ ဝန်ထမ်းတွေကလည်း လူသားတွေဖြစ်တဲ့အတွက် အမှားတွေ၊ စိတ်ပျက်ခြင်းတွေ၊ ဒေါသနဲ့ စိတ်ကုန်စိတ်ပျက်ခြင်းတွေ၊ ပေါက်ကွဲခြင်းတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ကိုယ်၊ နှုတ်၊ စိတ်နှလုံး သုံးခုစလုံးဟာ Professional ဆန်စွာပြုမူနေထိုင်ကျင့်သုံးရပါမယ်။ အခုကတော့ အဲဒီလိုဒေါသနဲ့စိတ်ရှုပ်ထွေးချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ပြုမူနေထိုင်သင့်သလဲဆိုတာနဲ့ပတ်သက်လို့ ပြောပြမှာဖြစ်ပါတယ်။

၁။ ဒေါသဖြစ်ခြင်းကို မငြင်းပယ်ပါနဲ့။

လူတော်တော်များများက တစ်ခုခုကိုစိတ်ဆိုးဒေါသထွက်မိပြီဆိုရင် အဲဒါကိုရှောင်ဖို့၊ အာရုံလွှဲဖို့၊ မေ့ပစ်ဖို့လုပ်ကြပါတယ်။ တကယ်တော့ ဒါကအကျိုးမရှိပါဘူး။ တခြားတစ်ခုအပေါ်အာရုံလွှဲပြီး၊ တခြားတစ်ယောက်အပေါ် ကိုယ့်ဒေါသတွေသွန်ချလိုက်တာမျိုးက အဖြေမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဆိုးဒေသထွက်ရင် အရင်ဆုံးကိုယ့်ကိုယ်ကိုယ် ငါဒေါသထွက်နေပါလား၊ ဒီလိုအခြေအနေဆိုရင်တော့ ဒီလိုဒေသထွက်တာက ပုံမှန်ပဲဆိုတာကို လက်ခံခိုင်းရပါမယ်။ ဒီလိုအခြေအနေကို လက်ခံပြီး ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ ဆိုတာစဉ်းစားရပါမယ်။ ကိုယ်လုပ်ရမယ့်အလုပ်၊ ပြောရမယ့်စကား၊ နားထောင်ရမယ့် သတင်းအချက်အလက် စတဲ့အပေါ် အဓိကထားအာရုံစိုက်ပါ။ သိထားရမယ့်အချက်က ”ဒေါသဖြစ်၊ စိတ်ကုန်စိတ်ပျက်တာက ပုံမှန်ပဲ။ ဒါပေမဲ့ အဲဒါက ငါ့အတွက်အကျိုးမဖြစ်စေဘူး” ဆိုတာပါပဲ။

၂။ ဒေါသအလျင် ဖြတ်တောက်ပါ။

စိတ်ဆိုးဒေါသထွက်စေဖို့ ကိုယ့်စိတ်ကိုတွန်းအားဖြစ်စေတဲ့ အကြောင်းတစ်စုံတစ်ရာ ပေါ်လာတယ်ဆိုရင် အဲဒီ လို ကိုယ့်ကိုဒေါသဖြစ်စေတဲ့အတွေးကိုဖြတ်ဖို့ နည်းတစ်ခုခုရှာထားပါ။ ဒီလိုအချိန်မှာအကျိုးရှိစေတဲ့နည်းလမ်းတွေကတော့ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ လမ်းထလျောက်လိုက်တာ၊ အလုပ်စားပွဲကထသွားတာ၊ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားစမြည်ပြောဖို့လုပ်တာတွေလုပ်ပါ။ ကိုယ်ဒေါသထွက်နေချိန်ဖြစ်နေမယ့် ကိုယ့်ကိုယ်ရိပ်ကိုယ်ပြန်မြင်ယောင်ပုံဖော်ကြည့်ခြင်းကလည်း ဒေါသထိန်းချုပ်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ဘယ်လိုခံစားရတယ်၊ ကိုယ့်အသံဘယ်လိုပြောင်းသွားတယ်၊ ကိုယ့်ပုံကဘယ်လိုဖြစ်နေတယ်စတာတွေပုံ ဖော်ကြည့်ပြီး အဲဒီပုံရိပ်ကိုကိုယ်တိုင်ရောလက်ခံနိုင်ပါ့မလားဆိုတာ ပြန်ဆန်းစစ်ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒေါသဘယ်လိုထိန်းချုပ်လိုက်နိုင်တယ်၊ ဘယ်လိုတည်ငြိမ် အောင်လုပ်နိုင်တယ်၊ ဒါကြောင့် ဘယ်လိုကောင်းကျိုးရလဒ်တွေရတယ်ဆိုတာကို တွေးတောမြင်ယောင်ကြည့်ပါ။ အဲဒီနည်းလမ်းတွေက ဒေါသကိုတည်ငြိမ်မှန်ကန်စွာဖြင့် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် တဖြည်းဖြည်းကြိုးစားသွားဖို့လိုပါတယ်။

၃။ ကိုယ့်ကိုဘယ်လိုအရာတွေက ဒေါသဖြစ်စေဖို့ တွန်းအားပေးသလဲဆိုတာ ကြိုတင်လေ့လာထားပါ။

ကိုယ့်ကိုဘယ်လိုလူတွေနဲ့ ဘယ်အကြောင်းအရာတွေက စိတ်လွတ်ပေါက်ကွဲထွက်စေနိုင်သလဲဆိုတာကိုသိအောင် ကြိုးစားထားပါ။ ဒေါသဖြစ်တဲ့အခါ ဘယ်လိုအခြေအနေ တွေနဲ့ ဘယ်လိုလူတွေပါဝင်နေသလဲဆိုတာ အာရုံစိုက်မှတ်သားပါ။ ဘယ်လိုလူရဲ့ဘယ်လိုအချက်တွေက ကိုယ့်စိတ်ကိုဆွပေးသလဲဆိုတာ၊ ဘယ်အခြေအနေမှာ ကိုယ်ဘယ်လိုဖြစ်သွားတတ်တယ်ဆိုတာသိထားရင် အဲဒီလိုလူ၊ အဲဒီလိုအခြေအနေတွေရှိတယ်ဆိုတာ တိုင်ပင်စဉ်းစားထားပြီး ရှောင်ရှားနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုဒေါသဖြစ်စေတဲ့ အကြောင်း၊ အခြေအနေတွေ၊ လူတွေကို သိထားတဲ့အခါ၊ ကိုယ့်စိတ်ကို ကိုယ်တိုင်ပိုနားလည်ပြီး ဒေါသရဲ့အကျိုး အပြစ်ကိုသိတဲ့အခါ ပိုမိုပြင်ဆင်ချိန်ရပြီး တည်ငြိမ်စွာ အခြေအနေတိုင်းမှာ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

၄။ စကားလုံးတွေကို သေချာစဉ်းစားရွေးချယ်သုံးနှုန်းပါ။

အခြေအနေတစ်ခုကို ရင်ဆိုင်ဖြေရှင်းမှ ရှေ့ဆက်နိုင်မယ်ဆိုရင်၊ အဲဒါကလည်း မိမိအပြင် တခြားလူကိုပါ ဒေါသစိတ်ဖြစ်နဲ့ စိတ်ရှုပ်စေနိုင်တယ်ဆိုရင် ကိုယ့်ရဲ့စကားလုံး၊ အသုံးအနှုန်းနဲ့ ပြောဆိုပုံကို သေချာအချိန်ယူ ပြင်ဆင်ပြီးမှ ဆွေးနွေးပြောဆိုပါ။ ကိစ္စတစ်ခုဖြေရှင်းပြီးတိုင်း၊ ပါဝင်သူ အားလုံးနဲ့ သူတို့ရဲ့အမြင်ကို တတ်နိုင်ရင်တစ်ယောက် ချင်းဆွေးနွေးကြည့်ပါ။ ကိုယ့်ဘက်အမြင်ကို ပြောပြပါ၊ ဝေဖန်မှုတွေကိုလည်း လက်ခံနိုင်အောင် ပြင်ဆင်ထားပါ။ ရလဒ်ကိုသာ အဓိကထားပြီး အမြင်မတူတာတွေကို လက် ခံနိုင်အောင်ကြိုးစားပါ။ မိမိထက်ရာထူးကြီးသူနဲ့ ဆိုရင် တော့ သူတို့ဘာလိုချင်လဲဆိုတာကိုရှင်းအောင်လုပ်၊ ကိုယ်ကအဲဒီအတိုင်းလိုက်လုပ်ပေးပါ။ ဖြစ်တတ်တာတွေကို စာရင်းပြုစုထားပြီး Check Point တွေထားကာ ထပ်ခါတလဲပြန်လည်စစ်ဆေးသုံးသပ်ပါ။ အရေးအကြီးဆုံးတော့ စိတ်ကိုဖွင့်ထားပြီး တည်ငြိမ်စွာအခြေအနေ၊ အနေအထားနဲ့ ရလဒ်တွေကို သုံးသပ်နိုင်ဖို့ကြိုးစားတာပါပဲ။

၅။ ပြဿနာကိုအဓိကမထားဘဲ၊ အဖြေရဖို့သာအာရုံစိုက်ပါ။

ဒါက အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဖြစ်ပြီး သမျအပေါ်မှာ စိတ်စွဲနေတာက စိတ်အင်အားကုန်ပြီး ကိုယ့်အတွက် မကောင်းပါဘူး။ ဒါကြောင့် ဖြစ်သမျထဲက သင်ခန်းစာယူနိုင်သမျယူပါ၊ ဘယ်လိုဖြေရှင်းခဲ့သလဲဆို တာကို အဓိကထားမှတ်ထားပါ။ ကိုယ့်ကိုတစ်စုံတစ် ယောက်ကတော့ လုပ်ချလိုက်ပြန်ပြီလို့ စိတ်မထားဘဲ အဲဒီတုန်းကတော့ ဒီလိုအခြေအနေနဲ့ ကြုံခဲ့ဖူးတယ်။ အခုတော့ ဘယ်လိုဖြေရှင်းကြည့်ရအောင်ဆိုတဲ့အမြင်နဲ့ ပြဿနာအတွက်အဖြေကို အရင်ပြောပြီး ကိုယ်က ကိုယ့်စိတ်ခံ စားချက်ကို ထိန်းချုပ်နိုင်ကြောင်း ပြလို့ရပါတယ်။ တတ်နိုင်သမျ အပြစ်တင်စကားမဆိုတတ်အောင်လည်း လေ့ကျင့်ထားပါ။ အဖြေကိုသာရှာပါ။ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်သက် တမ်းတစ်လျောက်မှာ ဒေါသနဲ့စိတ်ရှုပ်ထွေးမှုတွေကို အမြဲကြုံတွေနေရမှာဖြစ်ပေမယ့် ကြိုတင်ပြင်ဆင်လေ့ကျင့်ပြီး သင်ခန်းစာများယူရင်းနဲ့သာ ကိုယ့်ဒေါသကို ကိုယ်က ထိန်းချုပ်တတ်အောင်ကြိုးစားရမှာဖြစ်ပါတယ်။

ဒါမှသာ ဦးဆောင်နိုင်သူတစ်ယောက်အဆင့်ကို ရောက် မှာဖြစ်သလို ရေရှည်အသက်မွေးဝမ်းကျောင်းမှုအတွက်လည်း ကိုယ့်ကိုအထောက်အကူပြုမှာဖြစ်ပါတယ်။