ရဲဝံ့စွန့်စားမှုဖြင့်စံပြရှေ့ဆောင်ခြင်း

(Deep Dive Prototyping)

Developing Creative Practical Solutions လက်တွေ့ကျကျဖြေရှင်းနည်းများကို တီထွင်ဖန်တီးခြင်း

Deep Dive Prototyping သဘောတရားကို ဖော်ထုတ်ခဲ့သော IDEO Consulting အဖွဲ့မှဆိုလိုသည့်အဓိပ္ပာယ်မှာ ပြဿနာတစ်ခု၊ သို့မဟုတ် စိန်ခေါ်မှုတစ်ခုကို စူးစိုက်ရင်ဆိုင်ပြီး အဖြေရှာရန် ဖြစ်သည်။ စိတ်အားတက်ကြွစွာ စဉ်းစားဖန်တီးပြီး ထိုစိတ်ကူးကို သုံးသပ်ရန်ဖြစ်သည်။

Deep Dive ဖြစ်စဉ်မှာ Brainstorming ဆိုသော ဝေါဟာရသဘောမှ ဦးနှောက်မုန်တိုင်းဆင်ခြင်းနှင့် Prototyping မှာ ဖြစ်နိုင်ခြေအဖြေကို ရှာဖွေစမ်းသပ်ခြင်းဖြင့် အနီးစပ်ဆုံးအဖြေကိုရရှိဖို့ လှုပ်ရှားအားထုတ်ရန်ဖြစ်သည်။ တစ်နည်းအားဖြင့် Brainstorming နှင့် Prototyping ကို ပေါင်းစပ်ထားခြင်းသည် Deep Dive ဖြစ်စဉ်ဖြစ်သည်။ အချိန်ကန့်သတ်ချက်မထားဘဲလည်း လုပ်ကိုင်နိုင်သည်။

အဆင့်များမှာ …

– အင်အားနှင့်ချဉ်းကပ်နည်းတွင် ခြားနားသူများ (အားသာချက်မတူသူများ) စုပေါင်းပါဝင်သောအဖွဲ့ဖွဲ့ရန်။

– စိန်ခေါ်မှုအခြေအနေကို ရှင်းပြရန်။ (ထိုသို့ရှင်းပြနိုင်ရန်မှာ မိမိ၏ဈေးကွက်၊ ဝယ်သူများ၊ အသုံးပြုသည့် နည်းပညာအခက်အခဲများကို သိရှိရမည်ဖြစ်ပြီး အဓိကသဘောတရားကို ဖော်ထုတ်ရန်)

– ကျွမ်းကျင်သူများကိုတွေ့ဆုံ၍ ဈေးကွက်အခြေအနေ၊ စားသုံးသူများနှင့်ပတ်သက်၍ အကြံပေးမှုများရယူရန်။

– စိတ်ကူးများ ဖလှယ်ရန်။

– စိတ်ကူးအကြံဉာဏ်များဖော်ထုတ်၍ သဘောတူမှုကို မဲပေးဆုံးဖြတ်ရန် (ထိုသို့လုပ်နိုင်ရန်မှာ အကြံ ဉာဏ်များ ဆွေးနွေးငြင်းခုံ၍ အတွေးအခေါ်သစ်များကို အကြောင်းအရာနှင့်ဆက်စပ်ဖော်ထုတ်ရန်)

– ကြိုတင်အဖြေတစ်ခုကို အမြန်ဖော်ထုတ်ရန်

– ကြိုတင်ရရှိသောအဖြေကို လိုအပ်သလိုပြင်ဆင်ရန်။ လိုအပ်ချက်များကိုသုံးသပ်၍ အလေးထားဆောင်ရွက်ရမည်များကို သတ်မှတ်ကာ မည်သို့အကောင်အထည် ဖော်လုပ်ကိုင်ရမည်ကို ဆုံးဖြတ်ရန်။

– ကြိုတင်ချမှတ်ထားသော ပုံစံကိုအထူးဂရုပြုသုံးသပ်ပြီး နောက်ဆုံးအချောပုံစံကို အတည်ပြုရန်။

– လုပ်ငန်းပြီးစီးသည့်အခါ ပါဝင်သူများကို ဂုဏ်ပြုချီးကျူးရန် (သို့မှသာ စိတ်အားထက်သန်တက်ကြွပြီး ဆက်လက်၍ ဆန်းသစ်တည်ထောင်ကြမည် ဖြစ်သည်)

ဒေါက်တာဒေါ် ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)