ယဉ်ကျေးမှုခြားနားချက်များကို ညှိနှိုင်းယူခြင်း

Reconciling Cultural Differences

ကမ္ဘာဆန်နေတယ်လို့ဆိုရမည့် ယခုခေတ်အခါတွင်အခွင့်အရေးနှင့် အကျိုးအမျိုးမျိုးရသည် ဟုဆိုနိုင်သော်လည်းတစ်ဖက်တွင် အန္တရာယ်များလည်းရှိနေသည်။ အကြီးမားဆုံးဟုဆိုရမည့်ကောင်းကျိုးမှာ လူမျိုးကွဲများနှင့် ပူးပေါင်းအလုပ်လုပ်နိုင်ကြသောကြောင့် အတွေးအခေါ်အသစ်များ၊ ဓလေ့ထုံးစံအသစ်များရလာကြသည်။

ပညာရှင်ကြီး Trompenaars ကအကျိုးများနိုင်တဲ့ သဘောတရား အဆင့်သုံးဆင့်ခွဲခြားပြီး ဖော်ထုတ်ခဲ့ရာ …

၁။ ယဉ်ကျေးမှုကွာခြားချက်၏ မူလသဘာဝနှင့် သြဇာလွှမ်းမိုးမှုကို သဘောပေါက်ခြင်း၊

၂။ ယဉ်ကျေးမှုကွာခြားခြင်း၏ ဟန်နှင့်လုပ်နည်းကိုင်နည်းကို နားလည်လာခြင်း၊

၃။ ယဉ်ကျေးမှုကွာခြားခြင်းကို ညှိနှိုင်းရန် မည်သို့ချဉ်းကပ်တန်ဖိုးထားရမည်ကို သိနားလည်ခြင်းတို့ဖြစ်သည်။

Universalists ဆိုသူများအတွက်မှာ စည်းမျဉ်းစည်းကမ်းများကို စွဲမြဲစွာလိုက်နာခြင်းသည် အဓိကဖြစ်သည်။

Particularists ဆိုသူများအတွက်မှာ ဆက်ဆံရေးနှင့်ပြောင်းလွယ်ပြင်လွယ်မှုက အရေးကြီးသည်။

သို့ဖြစ်၍ သဘောထားတစ်မျိုးတည်းအမြင်ရှိသူ (Universalists) တို့အဖို့မှာ ‘စံ’တစ်မျိုးသာမှန်သည်ဟု သဘောထားပြီး မိမိ၏သဘောစိတ်ထားနှင့် တူရန်ကြိုးစားသည်။ Particularists အဖွဲ့အစည်းတို့တွင်မူ ဆက်ဆံပေါင်းသင်းမှုမှာ စည်းမျဉ်းစည်းကမ်းထက်အရေးကြီးသည်။

Individualism versus Communitarianism
Individualism ယဉ်ကျေးမှုတွင် မိမိကိုယ်ကိုအားယူ၍ တစ်ဦးချင်းလွတ်လပ်မှုနှင့်တာဝန်ကိုအလေးထားသည်။ (ဥပမာ – USA & Canada)
Communitarianism ယဉ်ကျေးမှုတွင် လူ့အဖွဲ့အစည်းကိုအလေးထား၍ အများ၏ဦးတည်မှုအရေးပါသည်။ (ဥပမာ – India & Japan)

Neutral Versus Affective
Neutral ယဉ်ကျေးမှုမှာကြားနေဘက်မလိုက်သင့်ဟု သဘောထားပြီး လူများကို မိမိစိတ်သဘောခံစားမှုကို မထုတ်ဖော်သင့်ကြောင်းဆုံးမပြောဆိုသည်။

Affective ယဉ်ကျေးမှုတွင်လူအများအနေဖြင့် မိမိစိတ်ခံစားမှုကိုဖော်ထုတ်သည်။ အလေးထားမှုမှာ ခံစားမှုကိုဖော်ထုတ်ခြင်း၊ စဉ်းစားဝေဖန်ထိန်းချုပ်ခြင်းတို့ကို ယဉ်ကျေးမှုနှစ်မျိုးတွင်ယှဉ်ပြိုင်ဖော်ပြခြင်းဖြစ်သည်။

Specific Versus Diffuse
ဤကွာခြားမှုနှစ်ရပ်သည် လူများအခြေအနေတစ်ရပ်ကိုချဉ်းကပ်ပြီး ဆက်ဆံရေးတွင်ပါဝင်မှုနှင့်သက်ဆိုင်သည်။

Specific ယဉ်ကျေးမှုမှလူများသည် အခြေအနေတစ်ရပ်၌ ပါဝင်သောအချက်များကို ခွဲခြမ်းစိတ်ဖြာပြီးမှ ပြန်လည်ပေါင်းစပ်သည့်သဘောကိုယူပြီး အလုပ်နှင့်ဆက်ဆံရေးကိုလည်းခွဲထားသည်။

Diffuse Oriented ယဉ်ကျေးမှုမှလူများသည် အစိတ်အပိုင်းများမှာ ပိုမိုကြီးမားသောပုံတစ်ခု၏ အစိတ်အပိုင်းများဟုယူဆသည်။ ဤသို့ Diffuse တိုင်းပြည်ယဉ်ကျေးမှုများကို Diffuse ၊ China နှင့် Kuwait တွင် တွေ့နိုင်သည်ဟု ဆိုသည်။

Achievement Versus Ascription
ယဉ်ကျေးမှုကွာခြားခြင်းအနေဖြင့် လူတို့၏အဆင့်ဂုဏ်သိက္ခာကို ခွဲခြားတန်ဖိုးထားခြင်းဖြစ်သည်။ မိမိ၏ အားထုတ်အောင်မြင်မှု Achievement ကြောင့်ရရှိသော ဂုဏ်သိက္ခာမှာ USA ၊ Australia ၊ Canada တို့တွင်အလေး ထား၍ Egypt ၊ Argentina ကဲ့သို့သော တိုင်းပြည်များတွင် မွေးရာပါအသိုင်းအဝိုင်းအဆင့်ကို အလေးထားသည်။

Sequential Versus Synchronic
အချိန်နှင့်ပတ်သက်၍ အမြင်မတူသည့် ယဉ်ကျေးမှုကွာခြားမှုဖြစ်သည်။
အစီအစဉ်အလိုက် အချိန်ကိုအလေးထားသော (Sequential) ယဉ်ကျေးမှုအမြင်ရှိသူတို့သည် အကြောင်းအရာများကို အစီအစဉ်ဖြင့်မြင်သည်။ အချိန်ကို အလေးထားသည်။

အချိန်ကို ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်တစ်ပြိုင်နက်သဘောအမြင်ရှိသော (Synchronic) ယဉ်ကျေးမှုတွင် လုပ်ကိုင်စရာများတစ်ပြိုင်နက်လုပ်သည်။

Internal Versus External Control
ဤသဘောအမြင်မှာ အတိုင်းအတာတစ်ခုအထိ မိမိကိုယ်ကိုထိန်းနိုင်သည်ဟု မှတ်ယူခြင်းနှင့်ပြင်ပအကြောင်းအရာများ၏ အကျိုးသက်ရောက်မှုဟု ယုံကြည်ခြင်းတို့၏ကွာခြားမှုဖြစ်သည်။

အတွင်းထိန်းချုပ်မှုသဘောအမြင်ရှိသူများသည် ပြင်ပမှအကြောင်းအရာများမှာထိန်းနိုင်သည်ဟု သဘောထားသည်။

ပြင်ပအကြောင်းအရာများ၏ အကျိုးသက်ရောက်မှုအရေးပါခြင်း၊ ပြင်းထန်ခြင်းကို လက်ခံသူများသည် ပြင်ပလောကကို အလေးထားထိန်းချုပ်နေထိုင်ကြသည်။ မိမိကိုယ်ကို အားထားမှုအလေးမပြုပေ။
ကွာခြားမှုများကို အောက်ပါအတိုင်းညှိနှိုင်းရမည်။

– နှစ်ဖက်စလုံး၏ အမြင်ရှုထောင့်မှ အခွင့်အလမ်းများနှင့်တန်ဖိုးများကိုရှာပါ။

– အကြောင်းကိစ္စများတွင် ပြဿနာနှင့်လိုလားသောအဖြေကို ပထမဖော်ထုတ်ပါ။ နည်းလမ်းကိုရှာရန် ဦးစွာမကြိုးစားပါနှင့်။

– ဖြစ်နိုင်သရွေ့ ညှိနှိုင်းရန်ရှောင်ရှားပါ။ နောက်ဆုံးလက်ခံရမည့်အဖြေမှာ အပြီးတွင် ညှိနှိုင်းရသော အ ဖြေပင်ဖြစ်မည်။

– အမြင်အတွေ့အကြုံစုံသော မိတ်ဆွေများကိုရှာပါ။ ထိုသူများ၏ အတွေ့အကြုံနှင့်အမြင်အတွေးမှာ စိတ်ဝင်စားစရာကောင်းပြီး အကျိုးလည်းရှိနိုင်မည်။

– ယဉ်ကျေးမှုဘောင်များကို ဆက်သွယ်ကျော်ဖြတ်ပြီး မိတ်ဆွေများဖြင့် အချိန်ပေးဆွေးနွေးလျင် အကျိုးရှိနိုင်မည်။

– ဒေသအလိုက် စီးပွားရေးဓလေ့များတွင် ပါဝင်လေးစားလိုက်နာပါ။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)