မြန်မာသူရကုမ္ပဏီလီမိတက်နဲ့ သာယာကြည်နူးဖွယ်ကုမ္ပဏီလီမိတက်ရဲ့ CEO & Founder ဖြစ်သူ ဦးကျော်သူရနဲ့တွေ့ဆုံခြင်း

မြန်မာသူရကုမ္ပဏီလီမိတက်နဲ့ သာယာကြည်နူးဖွယ်ကုမ္ပဏီလီမိတက်ရဲ့ CEO & Founder ဖြစ်သူ ဦးကျော်သူရနဲ့တွေ့ဆုံပြီး လုပ်ငန်းအတွေ့အကြုံ၊ လူငယ်ဘဝကြိုးစားအားထုတ်မှု၊ လုပ်ငန်းအပေါ်ထားရှိတဲ့ခံယူချက်နဲ့ ဝန်ထမ်းတွေအပေါ် စီမံခန့်ခွဲအုပ်ချုပ်ပုံတွေနဲ့ အနာဂတ်ခြေလှမ်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

လုပ်ငန်းအတွေ့အကြုံ…

ကျွန်တော်ကျွမ်းကျင်တဲ့ ကျောက်စိမ်းလုပ်ငန်းကိုတော့ လုပ်ကိုင်ခဲ့တာ အနှစ် ၃၀ လောက်ရှိပါတယ်။ လူငယ်ဘဝတုန်းက ဟိုပင်မှာ လက်ကောက်ကွင်းခြမ်းတွေဘာ တွေ သွားဝယ်ခဲ့ဖူးပါတယ်။ အဲဒီကနေမှ ၁၉၉၆ မှာ မြန်မာပြည်ကို နိုင်ငံခြားသား ဧည့်သည်တွေ အများကြီးလာမယ်လို့ထင်တယ်။ အဲဒီလိုလာခဲ့ရင် ကိုယ် တိုင်က တိုးတက်ချင်တဲ့ လူငယ်တစ်ယောက်ပီပီ နိုင်ငံ ခြားသားတွေနဲ့တွေ့ပြီး ဟိုမှာအလုပ်လုပ်နိုင်မလားဆိုပြီး စိတ်ကူးတယ်။ ဒီလိုနဲ့ အင်္ဂလိပ်စကားပြောလေး အထိုက် အလျောက်သင်တယ်။ အိမ်ကိုမရှိ ရှိတာလေးနဲ့ ဖျစ်ညှစ်ပြီးတော့ ကားတစ်စီးဝယ်ခိုင်းတယ်။ အဲဒီ ၁၉၉၆ မှာ နိုင်ငံခြားသားဧည့်သည်တွေ လာမယ်ဆိုတဲ့မျော်လင့်ချက် လေးနဲ့ မန္တလေး Kyi Tin Hotel မှာ ၁၉၉၂-၉၃ လောက် ကတည်းက တက္ကစီမောင်းခဲ့တယ်။

တကယ်တမ်း ၁၉၉၅ ခုနှစ်ရောက်တော့လည်း နိုင်ငံခြားသား ဧည့်သည်တွေက ထင်သလောက်ရောက်မလာခဲ့ဘူး။ အဲဒီအချိန်တုန်းက နိုင်ငံခြားသားဧည့်သည်တွေက ကျွန်တော့်ကို ကားငှားမယ်ဆို မန္တလေးမြို့တွင်းဆို မြန်မာငွေတစ်ထောင်၊ မန္တလေးပတ်ဝန်းကျင်မြို့ပြင်ဆို ၁,၂၀၀၊ ဒီထက်ဝေးတဲ့ မိတ္ထီလာတို့၊ တောင်ကြီးတို့၊ မိုးကုတ်တို့ဘက်သွားမယ် ဆို တစ်ရက်ကို ၁,၅၀၀ ပေးရတယ်။ ဒါကအသားတင် ရတဲ့ငွေဖြစ်ပြီးတော့ ကျွန်တော်စားတဲ့ စရိတ်၊ ဆီဖိုးတွေကို သူတို့ပဲထပ်ပေးရတယ်။ ဒါကိုကြည့်ပြီးတော့ ကျွန်တော်မြင်တာက အဲဒီခေတ်အခါမှာတောင် သူတို့ရဲ့တစ်ရက် အသုံးစရိတ်က မြန်မာငွေ ငါးထောင်နီးပါးရှိတယ်။ သူတို့ဘာတွေလုပ်ကိုင်နေလို့ ဒီလောက်သုံးနိုင်သလဲဆိုတာ တွေးပြီး ကိုယ်လည်းသုံးနိုင်ချင်တဲ့စိတ် ဖြစ်လာတယ်။ ဒါကြောင့် သူတို့လုပ်ကိုင်တာကို လေ့လာတဲ့အခါမှာ တချို့က သစ်လုပ်ငန်းလုပ်တယ်၊ မူးယစ်ဆေးဝါးလုပ် တဲ့သူရှိတယ်၊ လက်နက်အရောင်းအဝယ်လုပ်တဲ့သူ ရှိတယ်၊ တချို့ကလည်း ကျောက်စိမ်းအရောင်းအဝယ်လုပ် တဲ့သူရှိတယ်။ ဒီအလုပ်တွေမှာ ကိုယ်လုပ်နိုင်တာကို ပြန် ကြည့်လိုက်တော့ မူးယစ်ဆေးနဲ့ လက်နက်ကတော့ ဥပဒေအရရော၊ ဘုရားဟောနဲ့ရော မကိုက်ညီတဲ့အတွက် ဖယ်လိုက်တယ်။ သစ်လုပ်ငန်းကို စဉ်းစားလိုက်တော့လည်း ကိုယ့်အသိုင်းအဝိုင်းမှာက သစ်လုပ်ငန်းလုပ်တဲ့သူမရှိဘူး။ ကျောက်စိမ်းလုပ်ငန်းမှာကျတော့ ကျွန်တော် မန္တလေးမှာနေစရာမရှိတော့ မြတောင်ရွှေဝါဝင်းကျောင်း မှာ ကားထိုးပြီးနေခဲ့တယ်။ အဲဒီကျောင်းကနေကျောင်း သားလေးတွေ၊ ဘုန်းကြီးလူထွက်တွေက ဖားကန့်မှာ ကျောက်စိမ်းသွားလုပ်နေတာတွေ ရှိတယ်။ ဒီလိုချိတ်ဆက်နေတာရှိတယ်။ ပြီးတော့ကြားထဲမှာ ဟိုပင်သွားခဲ့ဖူးတာရှိတယ်ဆိုတော့ ကျွန်တော့်ရဲ့ကားကို ကျွန်တော့် အစ်မအမျိုးသားဆီအပ်ပြီး ဖားကန့်ကိုစပြီး တက်ခဲ့တယ်။

လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေကတော့ ကျောက်စိမ်းတူးဖော်ရေးမှာလည်းလုပ်တယ်။ အုတ်ဖုတ်တဲ့ လုပ်ငန်းမှာလည်း ရှယ်ယာဝင်ထားတာရှိတယ်။ လူတွေအလုပ် အကိုင်ရအောင် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ လုပ်တာရှိတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း စတင်လည် ပတ်နေတာရှိပါတယ်။

လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ ထားရှိတဲ့ခံယူချက်…
ကျွန်တော်ကြိုးစားပြီး လုပ်ကိုင်လာခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ကျွန်တော်တို့မိသားစုဘဝအတွက် လုံလောက်သွားပြီဆိုတော့ သက်သောင့်သက်သာလေးနဲ့ ဘဝကိုဖြတ်သန်းသွားမလား၊ ဒါမှမဟုတ် အလုပ် တွေဆက်ပြီး လုပ်မလားလို့ သေချာစဉ်းစားပါတယ်။ ဒါပေမဲ့ အရင်ခေတ်အခါကတည်းက စင်ကာပူတို့ တရုတ် ပြည်တို့၊ ထိုင်းနိုင်ငံတို့ကို သွားဖူးတော့ သူတို့နိုင်ငံတွေရဲ့ လမ်းဘေးတွေမှာ လေလွင့်နေတဲ့ လူငယ်တွေကို မတွေ့ရဘူး။ အကုန်လုံးအတွက် အလုပ်အကိုင်ရှိတယ်။ မနက်မိုးလင်းကတည်းက အလုပ်လုပ်နေကြတော့ လေလွင့်စရာ နေရာကိုမရှိဘူး။ ဒီနိုင်ငံမှာကတော့ လေလွင့်နေတဲ့လူငယ် တွေများနေတာက သူတို့အနေနဲ့ အလုပ်လုပ်ကိုင်စရာ လည်းမရှိဘူး။ မရှိတော့ တခြားနိုင်ငံတွေမှာ အနှိမ်ခံပြီး အလုပ်လုပ်နေကြတယ်။ ကိုယ်တိုင်မျိုးချစ်စိတ်ရှိတဲ့သူ တစ်ယောက်အနေနဲ့ ကိုယ့်လူမျိုးတွေ အနှိမ်ခံပြီး လုပ်နေ ရတာကြည့်ပြီး စိတ်ထဲလည်း သိပ်သဘောမကျဘူး။ ဒါကြောင့် သူတို့တွေအတွက် စတင်ပြီးတော့ အလုပ်ပေးနိုင်ဖို့ အတွက်ရည်ရွယ်ပြီး လုပ်ဆောင်နေတာတွေရှိတယ်။ ဒါကတော့ လက်ရှိလူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ဆိုတဲ့ လုပ်ငန်းအပေါ်ခံယူချက်ဖြစ်ပါ တယ်။

ဝန်ထမ်းတွေကို စီမံခန့်ခွဲအုပ်ချုပ်တဲ့ပုံစံ…

ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက အလုပ်လုပ်လာတာဆိုတော့ အလုပ်လုပ်ရရင် ပျော်တယ်။ ကိုယ်တိုင်လည်း အလုပ်မရှိရင် မနေတတ်ဘူး။ ကိုယ့်နိုင်ငံက လူငယ်တွေ ကိုလည်း အလုပ်လုပ်ရင်း ပျော်သွားအောင် ဖန်တီးပေးချင် တဲ့ အနေအထားတစ်ခုရှိတယ်။ ကျွန်တော်တို့က မိရိုးဖ လာ တောင်သူကုန်သည်တွေဆိုတော့ ကျွန်တော်အလုပ် လုပ်တဲ့အခါမှာလည်း မိသားစုပုံစံပဲဖြစ်နေတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာ သင်ယူတာတွေရော၊ လေ့လာတာတွေ ရော နိုင်ငံတကာမှာ တွေ့မြင်လာတာတွေအရ ကိုယ့်စီးပွား ရေး ပိုဖွံ့ဖြိုးတိုးတတ်ဖို့ဆိုရင် မိသားစုပုံစံနဲ့တော့ ရေရှည် သွားလို့မရဘူး။ ဒါကြောင့် လုပ်ငန်းကို ကုမ္ပဏီဆန်ဆန် ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ လုပ်ငန်းတစ်ခုဖြစ်အောင် နားလည်တက်ကျွမ်းတဲ့သူတွေကို ကိုယ့်လုပ်ငန်းထဲမှာ ခန့်ထားပြီးတော့ ပုံစံပြောင်းခဲ့တယ်။ နောင်တစ်ချိန်မှာ ကိုယ့်လုပ်ငန်းကို အများပိုင်ကုမ္ပဏီဖြစ်အောင် လုပ်လို့ရ တဲ့အနေအထားထိ ရည်ရွယ်ချက်ရှိတဲ့အခါကျတော့ ကုမ္ပဏီ Type ဆန်ဆန်စတင်ပြောင်းလဲလာတယ်။ အုပ်ချုပ်မှုပုံစံ ကတော့ ဆိုင်ရာဌာနခွဲအသီးသီးမှာပဲ လုပ်ပိုင်ခွင့် အပြည့် အဝပေးတယ်။ သူတို့ဖြစ်ချင်တာကို ပံ့ပိုးပေးပြီးတော့မှ သူတို့ကနေ အဆင့်အဆင့် အုပ်ချုပ်စေတယ်။ တကယ် တော်တဲ့သူတွေ၊ တကယ်အ လုပ်လုပ်တဲ့သူတွေကို ပိုပြီး နေရာပေးတယ်။ အမျိုးတော်လို့၊ ရင်းနှီးတဲ့သူဖြစ်လို့ တာဝန်ပေးခဲ့တာတွေ၊ နေရာပေးခဲ့တာတွေက အမှန်မ ဟုတ်မှန်းသိတဲ့အခါမှာ ဒါတွေကို တဖြည်းဖြည်းလျော့ချ လာပြီးတော့ တကယ်အလုပ်လုပ်တဲ့သူတွေကို ထိုက်သင့် တဲ့ ခံစားခွင့်ပေးပြီး လုပ်ငန်းကို စတင်ပြောင်းလဲဆောင် ရွက်ပါတယ်။

ဘဝအတွက်၊ အလုပ်အတွက် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်…

ကျွန်တော့်ရဲ့ အောင်မြင်မှုစံနှုန်းသတ်မှတ်ချက်ကတော့ လူတွေကို ဘယ်လောက်ထိ ကူညီပံ့ပိုးနိုင်မလဲနဲ့ လူတွေ ကိုပျော်အောင် ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတာ ဖြစ် ပါတယ်။ ရခဲလှတဲ့ လ့ူဘဝမှာ အလကားမဖြစ်ချင်ဘူး။ မြန်မာစကားပုံတစ်ခုလို ‘ဇာတ်သမားပြန်ရင် မှတ်သား စရာကျန်ရမယ်’ ဆိုတဲ့အတိုင်း ကျွန်တော်လူ့ဘဝရောက် လာ တယ်။ ကျွန်တော်ထွက်သွားရင်လည်း ကျွန်တော် လုပ်ခဲ့တဲ့ မှတ်တမ်းတစ်ခုခု ကျန်ခဲ့ချင်တယ်။ နောက်ပြီး တော့ ကျွန်တော်ယူတာထက် ပိုပေးသွားချင်တယ်။ ကျွန် တော် လောကကြီးမှာလာပြီး ယူသုံးစွဲထားတာတွေထက် ပြန်ပေးတာကိုပိုချင်တယ်။ ပြီးရင် ကျွန်တော်မမွေးဖွား ခင်ကထက် ကျွန်တော်မရှိတော့ရင် ကိုယ့်ကြောင့် ကမ္ဘာ လောကကြီးက ပိုပြီးသာယာအဆင်ပြေနေတာမျိုး ဖြစ်စေ ချင်တယ်။ အလုပ်အတွက်ကတော့ ကျွန်တော့်ရဲ့ ကုမ္ပဏီ မှာ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ ‘ပို၍ပို၍ ကောင်းမွန်သော ဘဝဆီသို့ အတူတူ’ ဆိုတာဖြစ်ပါတယ်။ ဆိုလိုတာက ကုမ္ပဏီတင်မက ဝန်ထမ်းတွေအကုန်လုံးအပြင် သူတို့ တွေရဲ့ မိသားစုလူနေမှုအဆင့်အတန်းတွေပါ မြှင့်တင်ပေး ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တစ်ယောက် အောင်မြင်ဖို့ ဘယ်ဟာကအရေးကြီးဆုံးဖြစ် ပါသလဲ၊ ဘာတွေကို သတိထားရမယ်လို့ထင်ပါသလဲ…

လုပ်ငန်းရှင်တစ်ယောက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ တကယ်ချစ်ဖို့ လိုပါတယ်။ ပြီးရင် အဲဒီအလုပ်ကို တ ကယ်နားလည်ဖို့လည်းလိုပါတယ်။ တကယ်ချစ်လာပြီ ဆိုရင် သူ့ကို တကယ်နားလည်အောင် လုပ်ရပါမယ်။ နောက်ပြီးတော့ ကိုယ်တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘဲ ရည်ရွယ်ချက်ကောင်းတွေရှိရမယ်။ ကိုယ့်ရဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ Team ကောင်းကောင်းလိုအပ် တယ်။ လုပ်ငန်းရှင်ကလည်း ဝန်ထမ်းတွေအပေါ်မှာ ယုံ ကြည်မှုရှိရမယ်။ ဝန်ထမ်းတွေကလည်း လုပ်ငန်းရှင်အ ပေါ် ယုံကြည်မှုရှိရမယ်။ ဝန်ထမ်းအချင်းချင်းလည်း နွေးထွေးတဲ့ ယုံကြည်မှုရှိရမယ်။ သတိထားရမှာကတော့ ကိုယ့်အနေနဲ့ ခေတ်စနစ်နဲ့အညီ ပြောင်းလဲလာနိုင်တဲ့ အ နေအထားကို ကြိုတင်မြင်နိုင်ရမယ်။ နောက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ မတည်ငြိမ်တဲ့ နိုင်ငံရေးတွေ၊ အနေ အထားတွေ၊ မတည်ငြိမ်တဲ့ ဥပဒေအပြောင်းအလဲတွေ အပေါ်မှာ စောင့်ကြည့်သတိထားနိုင်ရမယ်။ ခေတ်စနစ် တွေ အစိုးရတွေ ဘယ်လောက်ပြောင်းပြောင်း ကိုယ့်အနေ နဲ့ ယိုင်မသွားဖို့နဲ့ မသွားဖို့အရေးကြီးပါတယ်။ ကမ္ဘာကြီး ဆက်လည်ပတ်နေဖို့လုပ်ရမှာက လုပ်ငန်းရှင်တွေ ဖြစ်ပါ တယ်။ လုပ်ငန်းရှင်တွေက နိုင်ငံတော်ကို အခွန်တွေပေး ဆောင်နိုင်ရမယ်။ ပြီးရင် ကိုယ့်ရဲ့နိုင်ငံသားတွေကို လုပ် ငန်းအခွင့်အလမ်းတွေ ဖန်တီးနိုင်ရမယ်။ အစိုးရတွေ ပြောင်းပေမယ့် နိုင်ငံအတွက်လည်ပတ်နေတဲ့ လုပ်ငန်းရှင် တွေကတော့ ပြောင်းလဲမသွားရပါဘူး။ ဒါကြောင့် ခေတ် စနစ်တွေ ပြောင်းလဲတာကို စောင့်ကြည့်ရမယ်။ ပြီးရင် တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို ကောင်း မွန်စွာအသုံးချရမယ်။ အုပ်ချုပ်မှု System တွေကို အပြည့် အ၀ လိုက်နာအသုံးချပြီးတော့မှ နောက်ကျကျန်မနေခဲ့မှာ ဖြစ်ပါတယ်။

အနာဂတ်အစီအစဉ်…
ကိုယ့်ရဲ့ လုပ်ငန်းတွေကို ခေတ်အနေအထား၊ နိုင်ငံရေးအ နေအထား၊ ဈေးကွက်အနေအထားတွေပေါ်မှာ မူတည်ပြီး တော့ကိုယ်နဲ့ပတ်သက်ဆက်နွှယ်နေတဲ့အပိုင်းတွေရှိမယ် ဆိုရင် တတ်နိုင်သမျတိုးချဲ့ပြီး လုပ်သွားဖို့ရှိပါတယ်။

အသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားမှုအပိုင်း…
ကျွန်တော့်ရဲ့ပင်ကိုစိတ်အရ အကျိုးမရှိတဲ့နေရာတွေမှာ အချိန်ဖြုန်းလေ့မရှိတဲ့အတွက် အသင်းအဖွဲ့တွေက နေရာ တစ်ခုတာဝန်ယူပြီးတော့ အသင်းမှာ ပါဝင်ဆောင်ရွက်ဖို့ လာတောင်းဆိုတာတွေ တော်တော်များများရှိပေမဲ့ မြန်မာ နိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှာပဲ ဒုဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ ဒီမှာလည်း ကျောက်မျက်ပိုင်း၊ ဘဏ္ဍာရေးအပိုင်း၊ အသင်းအဖွဲ့ စည်း မျဉ်းပိုင်းတွေမှာ တာဝန်မယူဘဲ ကျွန်တော်ကျွမ်းကျင်တဲ့ ကျောက်စိမ်းတူးဖော်ရေးအပိုင်းမှာပဲ တာဝန်ယူတယ်။ ပြီးရင် ပြည်တွင်းကျောက်စိမ်း အချောထည် ဖွံ့ဖြိုးဖို့ဆို တဲ့အခါမှာ မြန်မာနိုင်ငံကျောက်စိမ်းပန်းပု အသင်းဆိုပြီး မန္တလေးမှာပဲ တည်ထောင်ပေးထားတယ်။ အဲဒီမှာလည်း နာယကအနေနဲ့တာဝန်ယူကြီး ကြပ်ပေးနေတယ်။ Man City Golf Club မှာလည်း ဒုဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်နေတာရှိတယ်။

CSR အပိုင်းနဲ့ ပတ်သက်ပြီး…

ကျွန်တော်မွေးဖွားခဲ့တဲ့ စစ်ကိုင်းတိုင်းရယ်၊ စီးပွားရေး လုပ်ခဲ့တဲ့ ကချင်ပြည်နယ်ရယ်၊ ကိုယ်နေထိုင်တဲ့ မန္တလေး ရယ်နဲ့ ပတ်သက်ပြီးတော့ ခေါင်းစဉ်တပ်ပြီး လုပ်ဆောင်နေ တာမျိုးမဟုတ်ဘဲ လိုအပ်တဲ့နေရာတွေမှာ လှူတယ်၊ လို အပ်တဲ့နေရာတွေမှာ ပါဝင်ဖွဲ့စည်းတယ်။ ကိုယ်ဘယ် လောက်လှူတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောလေ့ လည်း မရှိဘူး။ ကျွန်တော် CSR လုပ်လို့ရလာတဲ့ ဂုဏ်ပြုမှတ်တမ်းတွေတော့ အများကြီးရှိပါတယ်။ မန္တလေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ် ပတ်ချာလည်ကလူတွေကတော့ ကျွန်တော်လုပ်ထားတွေကို သိကြပါတယ်။