မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းမှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်

မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းမှ မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းတွေကိုတန်းတူညီမျှတဲ့ ယှဉ်ပြိုင်မှု အခွင့်အရေးတွေ ရရှိစေရေးအတွက် ထောက်ခံလျက်ရှိကြောင်းသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၃ ရက်ကရန်ကုန်မြို့ ဆူးလေရှန်ဂရီလာမှာ ပြုလုပ်ခဲ့ပါတယ်။

MLAရဲ့ ရည်ရွယ်ချက်က နိုင်ငံအတွင်း ပြည်တွင်းထုတ်လုပ်သူလုပ်ငန်းရှင်တွေအနေနဲ့ တန်းတူရည်တူယှဉ်ပြိုင်မှု အခွင့်အရေးတွေကိုရရှိစေပြီး ပြည်တွင်းအရက်ထုတ်လုပ်ရောင်းချမှု လုပ်ငန်းနယ်ပယ်အဆင့်မြင့်တင်နိုင်စေဖို့အတွက် ရည်ရွယ်ချက်ထားပြီးဆောင်ရွက်လျက်ရှိပါတယ်။ အခုလိုဆောင်ရွက်ချက်ဟာ နိုင်ငံအတွင်းရင်းနှီးမြုပ်နှံသူ ကုမ္ပဏီတွေအနေနဲ့မျှတတဲ့ စီးပွားရေးနယ်ပယ်တစ်ခု ဖြစ်စေလိုတဲ့ ခံယူချက်ကြောင့် ဖြစ်ပါတယ်။ အသင်းအနေနဲ့ ပြည်တွင်းထုတ်လုပ် ရောင်းချသည့်လုပ်ငန်းဖြစ်စေ၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုပိုင်းဆိုင်ရာ တစ်စိတ်တစ်ပိုင်းသောလုပ်ငန်းအဆင့်တွေ ပြုလုပ်ပြီးထုတ်လုပ်ရောင်းချသည်ဖြစ်စေ၊ နိုင်ငံအတွင်းထုတ်လုပ် ရောင်းချမှုတွေကိုကြိုဆိုလျက်ရှိပါတယ်။

MLA အနေနဲ့ မြန်မာနိုင်ငံမှာစတင်အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းမဆို ကန့်ကွက်ပိတ်ဆို့မှုမျိုးတွေကိုမပြုလုပ်ဘဲ သူတို့ရဲ့လုပ်ငန်းလည်ပတ်တာတွေ၊ ထုတ်လုပ်မှုတွေကိုအခြေချနိုင်အောင် ထောက်ပံ့ပေးပါတယ်။ သူတို့အနေနဲ့ ကုန်ပစ္စည်းတွေကိုပဲတင်သွင်းမယ်ဆိုရင်လည်း နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံသူတွေလိုပဲလိုက်နာသင့်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းထုတ်လုပ်သူတွေမှာလည်း ပြည်တွင်းဖြစ်လုပ်ငန်းဖြစ်ရခြင်းအတွက် အပြစ်ပေးခံရတဲ့အနေအထားမျိုးတော့ မဖြစ်သင့်ပါဘူး”လို့ MLAရဲ့ ဥက္ကဌ ဖြစ်သူဦးစိုးလွင် ကပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့မြင်ရတဲ့အဓိကအကြောင်းအရင်းက တင်သွင်းမှုဥပဒေတင်းကျပ်တဲ့နေရာတွေမှာ တရားမဝင်မှောင်ခိုဈေးကွက်ကို ဟန့်တားနိုင်ခြင်းသိပ်မရှိသေးတာကိုတွေ့ရတယ်။ ဒါကြောင့် ဝိုင်လိုမျိုးမှောင်ခိုဈေးကွက် အခြေအနေကိုမဖြေရှင်းနိုင်တဲ့အပြင် နယ်စပ်တွေကနေတစ်ဆင့်အခွန်အခတွေမပေးဆောင်ဘဲ မှောင်ခိုတင်သွင်းနေတာတွေ တွေ့နေရပါတယ်။ ထုတ်ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် အခြေအနေတွေအားလုံးက တစ်သမတ်တည်းနဲ့ တန်းတူညီမျှမှုရှိဖို့လိုအပ်တယ်။ ဒါမှသာဈေးကွက်အတွင်းမှာ အခွန်ပေးဆောင်တဲ့ ပြည်တွင်းထုတ်လုပ်သူတွေနဲ့ ရောင်းချသူတွေအတွက်မျှတတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာပြီးရှေ့ဆက်နိုင်မှာဖြစ်ပါတယ်”လို့ MLA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဝင်းသော်က ပြောပါတယ်။

ပြည်တွင်းအရက်ထုတ်လုပ်ရောင်းချတဲ့ စက်မှုလုပ်ငန်းတွေအနေနဲ့ နှစ်စဉ်အခွန်ငွေပမာဏတွေကိုပိုမိုတိုးမြှင့်ပေးဆောင်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာလည်း အခွန်ငွေပမာဏဘီလံယံ နှစ်ရာကျော်ခန့်ကို ပေးဆောင်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းအရက်ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းနယ်ပယ်မှ ဦးဆောင်သူအချို့ဟာလည်း နိုင်ငံတော်အတွင်းထိပ်တန်းအခွန်ထမ်းကြီး ဆယ်ဦဦး စာရင်းဝင်သူတွေလည်း ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိ MLA အနေနဲ့ မိမိတို့ရဲ့လုပ်ငန်းနယ်ပယ်မှာအလုပ်သမားအင်အားပေါင်း သုံးသောင်းခန့်ကိုလည်း အလုပ်ခန့်အပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း MLA ကို ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ၂၀၁၄ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအခုလက်ရှိအချိန်မှာ အသင်းဝင် ၂၅၀ ခန့်ရှိကာ အားကောင်းသောအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။