မန်နေဂျာကောင်းဖြစ်လိုလျှင်

ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင် အဓိကရင်ဆိုင်နေရသည့် စိန်ခေါ်မှုတစ်ရပ်မှာ အလယ်အလတ်နှင့် ထိပ်တန်းအဆင့်မန်နေဂျာများ ရှားပါးနေခြင်းပင်ဖြစ်ပါသည်။ နဂိုအခြေခံပညာရေးအားနည်းခြင်း၊ အချိန်ယူပြင်ဆင်တတ်မှု အားနည်းခြင်း၊ ကိုယ့်အားကိုယ်ကိုး၍ စူးစမ်းလေ့လာမှုအားနည်းခြင်း၊ တစိုက်မတ်မတ်လုပ် ဆောင်တတ်မှု အားနည်းခြင်းနှင့် လုပ်သင့်သည့်၊ လုပ်ရမည့်ကိစ္စတစ်ခုကို အချိန်သတ်မှတ်၍ စဉ်ဆက်မပြတ် ထပ်ကာတလဲလဲ လုပ်ဆောင်တတ်မှု အားနည်းခြင်းတို့ကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ထိထိရောက်ရောက် ဦးဆောင်နိုင်သည့်မန်နေဂျာများ ရှားပါးနေရပါသည်။ မန်နေဂျာဖြစ်လိုသူတိုင်းနှင့် မန်နေဂျာတိုင်း မလွဲမသွေရင်ဆိုင်ရမည့် ကိစ္စသုံးရပ်ရှိပါသည်။

တာဝန်ယူသိတတ်ခြင်း (Responsibility)
သာမန်မန်နေဂျာတစ်ဦးအနေဖြင့် မန်နေဂျာဆိုသည်မှာ မိမိအလုပ်ကို လက်အောက်ဝန်ထမ်းများကို လွှဲပြောင်းတာ ဝန်ယူဆောင်ရွက်စေခြင်းဟု ယေဘုယျနားလည် လက်ခံထားကြလေသည်။ ထိုသူများအနေဖြင့် နှုတ်ဖြင့် ခိုင်းနေရုံနှင့် အလုပ်များကောင်းမွန်စွာပြီးစီးမည်ဟု မှားယွင်းစွာ နားလည်ထားကြလေသည်။ အမှန်စင်စစ်တွင်မူ အဆင့်လေးဆင့်ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။
(က) ဦးစွာလုပ်ပြခြင်း
– ဝန်ထမ်းအားစောင့်ကြည့်စေခြင်း
(ခ) အတူတူလုပ်ကိုင်ခြင်း
(ဂ) ယင်းအား လုပ်ဆောင်စေခြင်းနှင့် မိမိစောင့်ကြည့်ရခြင်း
(ဃ) ယင်းအား လုံးဝတာဝန်ယူလုပ်ဆောင်စေခြင်းတို့ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် မိမိလည်း ထိုတာဝန်ယူခဲ့စဉ်က ကြုံခဲ့ဖူးသော စိန်ခေါ်မှုများ၊ အတွေ့အကြုံများ၊ သင်ယူခဲ့သည့် သင်ခန်းစာများကို ဝေငှပေးနိုင်သကဲ့သို့ ထိုဝန်ထမ်းကိုလည်း လုပ်ကိုင်နိုင်ခြင်းရှိ/မရှိ၊ လုပ်ကိုင်ရန် ဆန္ဒရှိ/မရှိ လေ့လာနိုင်ပါသည်။ တစ်ပတ်တစ်ခါ အနည်းဆုံး တစ်နာရီခန့် တွေ့ဆုံဆွေးနွေးသင့်ပါသည်။ တစ်ဖက်တွင်လည်း မိမိအနေဖြင့် နောက်တစ်ဆင့်တက် လှမ်းရမည့် ရာထူးနှင့်တာဝန်များအတွက် ကြိုတင်ပြင် ဆင်ထားသင့်ပါသည်။

ကြုံဖူးသော မန်နေဂျာအချို့မှာ မိမိလက်အောက်ဝန်ထမ်းများ ရာထူးတိုးတက်လာမည်ကို စိုးရိမ်သဖြင့် စနစ်တကျအချိန်ပေးစေတနာထားကာ သင်ပေးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းမလုပ်သည်ကို တွေ့ရှိရလေသည်။ ထိုအခါ အဖွဲ့အစည်းများမှ အလယ်အလတ်မန်နေဂျာများ၊ ထိပ်တန်းမန်နေဂျာများအနေဖြင့် အခါအားလျော်စွာ အောက်ခြေထိဝင်ကာ ဝန်ထမ်းများနှင့် ထိတွေ့ပေးရန်လိုအပ်ပြီး မဆုံးရှုံးသင့်သည့် ဝန်ထမ်းများမဆုံးရှုံးရန် ကာကွယ်နိုင်မည် ဖြစ်ပါသည်။

အရေးကြီးဆုံးအချက်မှာ မိမိကိုယ်တိုင် တက်တက်ကြွကြွ ဦးဆောင်ပါဝင်လုပ်ပြနေရန်ဖြစ်ပါသည်။

အခွင့်အာဏာအသုံးပြုခြင်း (Authority)
ဗြိတိန်ဝန်ကြီးဟောင်းဖြစ်သူ ဝင်စတန်ချာချီက ”နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ ကျွန်တော့်ကို အချိန်မရွေးအလုပ်တာဝန် ရပ်နားလို့ရပါတယ်။ ကျွန်တော်လက်မခံနိုင်တာကတော့ လုပ်ပိုင်ခွင့်အခွင့်အာဏာမပေးဘဲ တာဝန်ပေးတာမျိုး ဖြစ် ပါတယ်” ဟု ဆိုဖူးလေသည်။

အဆင့်တိုင်းရှိ မန်နေဂျာတွင်အခွင့်အာဏာအတိုင်းအတာတစ်ခုအထိရှိရန် လိုအပ်ပါသည်။ မန်နေဂျာတစ်ဦးအနေဖြင့် အဖွဲ့အစည်း၊ သို့မဟုတ် သက်ဆိုင်ရာဌာန၏ ရည်ရွယ်ချက်လုပ်ငန်းများ ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် သတ်မှတ်ထားသောအချိန်နှင့် မျော်မှန်းထားသော ရလဒ်များရရန် လွန်စွာအရေးပါလှပါသည်။ လိုအပ်လျင် လိုအပ်သလို အချိန်ပိုဆင်းလုပ်ကိုင်ရခြင်းနှင့် ကောင်းမွန်ပြည့်စုံသော အရည်အသွေးရရန် ထပ်ကာတလဲလဲ အကြိမ်ကြိမ်လုပ်ဆောင်ရန် လိုကောင်းလိုအပ်မည်ဖြစ်ရာ မိမိလည်းဦးဆောင်လုပ်ပြရုံမျမက သက်ဆိုင်သော ဝန်ထမ်းများကို သတ်မှတ်ထားသည့် အခွင့်အာဏာသုံး၍ တာဝန်ပေးတတ်ရန် လိုအပ်ပါသည်။ လုပ်ဆောင်ရမည့် အလုပ်တာဝန်ကို သတ်မှတ်ချိန်တွင် အရည်အသွေးကောင်း ကောင်းမွန်မွန်နှင့် ပြီးသည်ဆိုပါကလည်း မိမိဝန်ထမ်းများအတွက် ရပိုင်ခွင့်များကို တောင်းဆိုပေးရန်လိုအပ်ပါသည်။

မိမိကြုံဖူးသည့် ရုံးခွဲတစ်ခုမှ ဝန်ထမ်းတစ်ဦးမှာ အလုပ်ကြိုးစားသဖြင့် ဝန်ထမ်းငါးဦးအနက် မန်နေဂျာဖြစ်သင့်သည်ဟု ယူဆ၍ ရာထူးဆွဲတင်ပေးခဲ့ဖူးသည်။ ထိုသူမှာ မန်နေဂျာဖြစ်သွားသည်နှင့် ယခင်က လုပ်ဖော်ကိုင်ဖက်များကို ကော်ဖီခွက်ယူခိုင်းခြင်းနှင့် သူလုပ်ရသည့် တာဝန်များကို ခိုင်းစေခြင်းတို့ကြောင့် အလုပ်မှထုတ်ပယ်ခဲ့ဖူးလေသည်။

လူမှုရေးကျွမ်းကျင်သော၊ နှုတ်ချိုသော မန်နေဂျာများအတွက် တာဝန်နှင့်သက်ဆိုင်သော အခွင့်အာဏာကို စနစ်တကျအသုံးချတတ်ရန်လိုအပ်သကဲ့သို့ တစ်ခါတစ်ရံတွင်လည်း ဝန်ထမ်းများကိုအသုံးမချမိရန် သတိပြုရမည်ဖြစ်ပါသည်။ မိမိရာထူးနှင့် ထိုက်တန်စွာလုပ်ပိုင်ခွင့်အခွင့် အာဏာအသုံးချတတ်သူများသည် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးကြီးများကို တာဝန်ယူနိုင်ရန် အခွင့်အရေးရှိပေသည်။

တာဝန်ခံနိုင်မှု (Accountability)
ထိပ်တန်းမန်နေဂျာတစ်ဦးဖြစ်ရန်မှာ တာဝန်ခံနိုင်မှုအရည်အချင်းသည် လွန်စွာအရေးပါလှပါသည်။ ထိပ်တန်းမန်နေဂျာတစ်ယောက်၏ လုပ်ရည်ကိုင်ရည် စွမ်းဆောင်မှုအရည်အသွေးများကို ယင်းဦးဆောင်ရသည့် အဖွဲ့အစည်း ငွေကြေးအကျိုးအမြတ်ရရှိမှုပေါ်သာ ဆုံးဖြတ်ကြရာ ဆုံး ရှုံးမှုရှိလျင် အများစုမှာအလုပ်ထုတ်ခံရခြင်းပင်ဖြစ်ပါသည်။ ထိပ်တန်းမန်နေဂျာနေရာသို့ တက်လှမ်းမည့်မန်နေဂျာအများစုမှာ အောက်ပါအခြေအနေများကြောင့် အရှုံးပေးရသည်ကို တွေ့ရှိနိုင်ပါသည်။

(က) ပြင်ဆင်လေ့လာမှုအားနည်းခြင်း
ထိပ်တန်းမန်နေဂျာတစ်ဦးဖြစ်ရန် လုပ်ငန်းကျွမ်းကျင်မှုထက် လုပ်ငန်းဗဟုသုတနှင့် ဈေးကွက်အခြေအနေတို့ကို စဉ်ဆက်မပြတ်လေ့လာသိရှိနေရန် လိုအပ်ပါသည်။ အထူးသဖြင့် ယနေ့ဒီဂျစ်တယ်ခေတ်တွင် နည်းပညာနှင့် အချိန်ပေါ်မူတည်၍ ပြောင်းလဲမှုများစွာဖြစ်ပေါ်နိုင်သဖြင့် မိမိလုပ်ငန်း၏ ရှေ့ရေးအလားအလာကို ကြိုတင်ပြင်ဆင်နိုင်လေ အကျိုးရှိလေဖြစ်ပါသည်။

(ခ) ငွေကြေးအလွဲသုံးစားမှု
ရာထူးကြီးလာသည်နှင့်အမျ ငွေကြေးသုံးစွဲခွင့်အတော်အသင့်ရှိတတ်လာရာ မိမိကိုယ်ရေးကိုယ်တာအတွက် အသုံးချခြင်းအပြင် ကုမ္ပဏီအဖွဲ့အစည်းအတွက် ကြွားဝါလိုသည့်စိတ်ဖြင့် မလိုအပ်သည့် အသုံးစရိတ်များသုံးစွဲခြင်းကြောင့် ဒုက္ခရောက်ကြသည်များရှိပါသည်။

(ဂ) လူတော်နှင့် မိမိလူကွဲပြားလာခြင်း
ရာထူးကြီးလာသည်နှင့်အမျ မိမိစကားကို နားထောင်ခေါင်းညိတ်သူများကို နေရာပေးတတ်သည်မှာ ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်ပါသည်။ မှန်ရာကို ပြောဆိုဆွေးနွေးသူ၊ ကုမ္ပဏီအဖွဲ့အစည်းအကျိုးရှိရေးအတွက် ပြောဆို ဆွေးနွေးသူများကို ရှောင်ဖယ်တတ်ကြလေသည်။ ထိုသို့ အလုပ်တာဝန်ကျွမ်းကျင်သောသူများကို လျစ်လျူရှုမိတတ်သဖြင့် လူတော်လူကောင်းများဆုံးရှုံးတတ်ကြပြီး အဖွဲ့အစည်းအတွက် နစ်နာလှပေသည်။

(ဃ) ပြဿနာကို ခေါင်းရှောင်ရင်မဆိုင်ရဲခြင်း
ထိပ်တန်းမန်နေဂျာတစ်ဦး၏ စိန်ခေါ်မှုများမှာ အလုပ်တွင် ပြဿနာဖြစ်ပေါ်လာပါက တာဝန်ခံ၍ရင်ဆိုင်ဖြေရှင်းရန် ဖြစ်ပါသည်။
ဤသို့ရင်ဆိုင်ရာတွင် ခေါင်းရှောင်ပါက ထိပ်တန်းမန်နေဂျာတစ်ဦးဖြစ်ရန် ခက်ခဲလှပေသည်။ ဤသည်မှာလည်း ပြုပြင်နိုင်သော အရည်အချင်းဖြစ်၍ ရာထူးငယ်စဉ်ကတည်းက ပြဿနာကိုရင်ဆိုင်တတ်သည့် အလေ့အထကို ပြုစုပျိုးထောင်ပေးရန် လိုအပ်လာသည်။ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် အခွင့်အရေးကိုယူရန်မဟုတ်ဘဲ တာဝန်ကိုယူရန်သာဖြစ်သည်ဟု ကနဦးကတည်းက နားလည်လက်ခံရန် လိုအပ်လှပေသည်။

(င) သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း စည်းကမ်းများကို မလိုက်နာခြင်း
‘ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့’ ဟူသော အတွေးအခေါ်မျိုးဖြစ်ပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းမှ သတ်မှတ်ထားသော စည်းကမ်းများ (ဥပမာ- ငွေထုတ်လျင်လက်မှတ်ထိုးရမည်မှအစ) လုပ်ထုံးလုပ်နည်းများကို ထိပ် တန်းမန်နေဂျာတစ်ဦးဖြစ်လိုသူက မလိုက်နာပါက ရေရှည်တွင် လျော့တိလျော့ရဲ အဖွဲ့အစည်းဖြစ်လာဖွယ်ရှိပါသည်။ မိမိကြုံဖူးသည်မှာ ဝန်ထမ်းဆယ်ဦးခန့်ရှိသော အဖွဲ့တွင်ဦးဆောင်ရသော မန်နေဂျာအနေဖြင့် သတ်မှတ်ထားသော ရုံးချိန်မမှန်ခြင်း၊ သတ်မှတ်ထားသော ရုံးစည်းကမ်းများကို ကိုယ်တိုင်မလိုက်နာခြင်းတို့ကြောင့် ဝန်ထမ်းအားလုံး အလုပ်ထွက်သွားသည်အထိ ဖြစ်ခဲ့ရပါသည်။

လူတို့၏ သဘာဝမှာ ကြားသည့်အတိုင်းလုပ်ဆောင်ခြင်းမဟုတ်ဘဲ မြင်သည့်အတိုင်း လုပ်ဆောင်ကြခြင်းဖြစ်ရာ မန်နေဂျာတိုင်းအနေဖြင့် အလုပ်နှင့်သက်သေ ပြနိုင်ရန်လွန်စွာအရေးပါလှပေသည်။

လောလောဆယ်တွင် စီးပွားရေးတုံ့နှေးနေသော်လည်း အနှေးနှင့်အမြန် လုပ်ငန်းကျွမ်းကျင်သော၊ အင်္ဂလိပ်ဘာသာစကားကို ရေရေလည်လည်အသုံးချနိုင်သော၊ အလုပ်နှင့်သက်သေပြနိုင်သော မန်နေဂျာများ အတွက်မူ ရာထူးနှင့် အခွင့်အရေး ပြေးမလွတ်ကြောင်း အသိပေးအပ်ပါသည်။

မောင်သာ