ပြောင်းလဲလာသည့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များ

Global Supply Chains: Supply Chain များ Globalization အဆင့်မှ Post-Globalization အခြေအနေသို့ ကူးပြောင်းလာခြင်း

Supply Chain များသည် ယနေ့ကမ္ဘာတွင် Globalization အဆင့်မှ Post-Globalization အခြေအနေသို့ ကူးပြောင်း လာပြီဖြစ်သည်။ Post-Globalization အဆင့်တွင် တစ်နိုင်ငံတည်းတွင် ကုန်ပစ္စည်းထုတ်လုပ်မှုမှ တခြားသော လုပ်အားခသက်သာသည့် နိုင်ငံများသို့ပါ ဖြန့်ကြက် ထုတ်လုပ်လာကြခြင်း၊ (နိုင်ငံ၏နယ်နိမိတ်ကို ကျော်လွန် လျက် တခြားနိုင်ငံများတွင်ပါ ဖြန့်ကြက်ထုတ်လုပ်လာ ခြင်း) ကြောင့် Supply Chain များသည်လည်း တစ်နေရာ တည်းတွင်စုနေခြင်း (Supply Chain) မဟုတ်တော့ဘဲ ကမ္ဘာအနှံ့သို့ ပြန့်ကျဲ၊ ပြေလျော့လာသည့် အခြေအနေ သို့ ရောက်လာသည်။ Unravel ဖြစ်လာသည်ဟုဆိုကြသည်။

ဤဆောင်းပါးတွင် အစဉ်ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့်အတူ ထုတ်လုပ်မှုပုံစံများ၊ Supply Chain ပုံစံများပြောင်းလဲလာသည့်အလျောက် စားသုံးသူများအတွက် ပိုမိုအဆင်ပြေချောမွေ့လာသကဲ့သို့ Cyber လုံခြုံမှုအတွက် အန္တရာယ်များပိုမိုများပြားလာသည်ကို တင်ပြထားသည်။ Supply Chain များသည် ဆယ်စုနှစ်များအတွင်း အထူး ခြားဆုံးအသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အလျောက် ကုမ္ပဏီများစွာအတွက် အကျပ်အတည်းဖြစ်လိမ့်မည်ဟု ဗီဂျေးဗိုင်သီဆွာရန် (Vijay Vaitheeswaran) က ဆိုသည်။

Supply Chain တွင် ကုန်ကြမ်းပစ္စည်းများ၊ အရန်အစိတ်အပိုင်းများ၊ စက်ပစ္စည်းအစိတ်အပိုင်းများ ပါဝင်ကြသည်။ ထိုပစ္စည်းများသည် နိုင်ငံပေါင်းများစွာ၏ နယ်နိမိတ်များကို ဖြတ်ကျော်သွားပြီးမှသာလျင် ကုန်ချောပစ္စည်းများအသွင်သို့ ကူးပြောင်းကြသည်။ ယခုအချိန် အခါတွင် အခြေအနေနှစ်ရပ်ကြောင့် Global Enterprise (ကမ္ဘာ့ကုမ္ပဏီကြီး) ဖြစ်လာပြီဖြစ်သည်။ ပထမအခြေအနေမှာ ဆက်သွယ်မှုများကို ဈေးသက်သာစွာဖြင့် အသုံးပြုလာနိုင်စေသည့် ပြန်ကြားရေးနည်းပညာ (Information Technology) တိုးတက်လာခြင်းဖြစ်ပြီး ဒုတိယအခြေအနေမှာ လုပ်အားခများသက်သာစေမည့် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးသို့ဝင်ရောက်လာခြင်းဖြစ်သည်။ “The Great Convergence” စာအုပ်ကိုရေးသူ Richard Baldwin က အနောက်တိုင်း၏ စက်မှုနည်းပညာအသိနှင့် အရှေ့တိုင်း၏ ထုတ်လုပ်နိုင်စွမ်းတို့ကို ပေါင်းစပ်လိုက်ခြင်းဖြင့် Supply Chain များကို ံHyper-Globalization ဖြစ်စေသည်ဟု ဆိုပါသည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ သွင်းကုန်စည်းကြပ်ခွန်များဖြတ်တောက်မှု၊ ဆက်သွယ်မှုများ သက်သာမှုနှင့် စရိတ်သက်သာသော ပို့ဆောင်ရေး များကြောင့် ကုန်သွယ်မှုများ ပိုမိုဖွံ့ဖြိုးလာသည်။

ခေတ်မီတိုးတက်သော နိုင်ငံများအတွက် ကျွမ်းကျင်မှုအကြံဉာဏ်များပေးသည့် OECD (Organization for Economic Cooperation and Development) အဖွဲ့က ယနေ့ခေတ်ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၇၀ ရာခိုင်နှုန်းသည် Global Value Chains (GVCs) များဖြစ်လိမ့်မည်ဟု တွက်ဆသည်။ နိုင်ငံတစ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးတွင် နိုင်ငံခြားထုတ်လုပ်မှုတန်ဖိုးကပို၍မြင့်တက်လာသည်။ ဤကဲ့သို့ မြင့်တက်လာခြင်းသည် ၁၉၉၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်းရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းနီး ပါးအထိ ဖြစ်လာခဲ့သည်။ အနောက်တိုင်းလက်လီရောင်း သူများက အထူးသဖြင့် တရုတ်နိုင်ငံတွင် ဈေးသက်သာသော ဖြည့်တင်းသူများကွန်ရက်များကို ထူထောင်လာကြသည်။ သူတို့နိုင်ငံများတွင် စားသုံးသူများအား ”နေ့စဉ်ချို သာသော ဈေးနှုန်းများ” ဖြင့် ဖြည့်ဆည်းပေးနိုင်ရန် ဖြစ် သည်။(Everyday Low Price သည် Walmart ၏ ဆောင်ပုဒ်ဖြစ်သည်။) နိုင်ငံတကာတွင် စီးပွားရေးလုပ်ကိုင်နေ သည့် ကုမ္ပဏီကြီးများ(Multi-National Companies – MNCs) သည် ယခင်ကစက်ရုံများကို ယင်းတို့၏ နိုင်ငံများအနီးတွင် ထားရှိကြသော်လည်း ယခုအခါတွင် လုပ်အားခ သက်သာသော၊ ထုတ်ကုန်များများထုတ်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာမည့်နိုင်ငံများနောက်သို့ လိုက်နေကြပြီဖြစ်သည်။ Globalization ဆက်လက်ဖြစ်ပျက်နေ လိမ့်မည်ဟူသော ယူဆချက်ဖြင့် ကုန်ပစ္စည်းသိုလှောင်ရမှု နည်းခြင်း၊ ဖြန့်ချိရမှုလျင်မြန်ခြင်းနှင့် ကုန်ကျစရိတ်ထိန်းချုပ်နိုင်ခြင်း စသည့်အချက်များအတိုင်း လုပ်ဆောင်လာ ကြသည်။

ရွေးချယ်ထားသောလုပ်ငန်းနယ်ပယ်တစ်ချို့မှ ကုန်ထုတ်မှုရဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဈေးကွက်ဝေစု

ပြောင်းလဲရန်လို…
ရုတ်တရက်ဖြစ်ပေါ်လာသည့် အန္တရာယ်မှာ သမ္မတဒေါ်နယ်ထရမ့် (Donald Trump) က အမေရိကန်နိုင်ငံ၏ကုန်သွယ်ဖက်နိုင်ငံများအား သွင်းကုန်ခွန်စည်းကြပ်လိုက် ခြင်းနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များအား ပြန်လည်ညှိနှိုင်းလာခြင်းတို့ဖြစ်သည်။ ထိုလုပ်ဆောင်ချက်နှစ်ခုကြောင့် တာရှည်စွာတည်ရှိလာခဲ့သည့် မြောက်အမေရိကနှင့် အာရှတို့တွင်ရှိနေသည့် Supply Chain များအား ပြတ်တောက်စေခဲ့သည်။

နိုင်ငံရေးကိစ္စများကို ကျော်လွန်၍ ကြည့်ပါက လုပ်ငန်းကိုင်ငန်းများ၊ နည်းပညာများနှင့် လူ့အသိုင်းအဝိုင်းများ နက်နဲလာသည်နှင့်အမျ Supply Chain များသည်လည်း ဆယ်စုနှစ်များအတွင်း လျင်မြန်စွာပြောင်းလဲ လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ စားသုံးသူများအား အမျိုးမျိုးသော ကုန်ပစ္စည်းများကို လျင်မြန်စွာဝယ်ယူ၊ လက်ခံရရှိနိုင်သည်ဆိုသည့်အချက်ဖြင့် Amazon Alibaba နှင့် အခြားသော E-commerce ကုမ္ပဏီကြီးများက ဆွဲဆောင်လာကြသည်။ ထိုအချက်က နိုင်ငံတကာကုမ္ပဏီ ကြီးများကို ယင်းတို့ Supply Chain များအား သင့်လျော်သလို ပြုပြင်ရန်၊ ခေတ်နှင့်အမီ ပြောင်းလဲမှုများပြုလုပ်ရန် ဖိအားပေးလျက်ရှိသည်။ ဆန်းသစ်တီထွင်မှုများ၊ စားသုံးသူများ၏ နှစ်ခြိုက်မှုပုံစံများ တစ်စတစ်စပြောင်းလဲ လာမှုများကြောင့် Supply Chains များကို ပြောင်းလဲရန်လိုအပ်လာသည်။

နည်းပညာစစ်အေး…
ပြောင်းလဲမှုဖြစ်စေရန်အတွက် အကြီးမားဆုံးသော အင် အားမှာ နည်းပညာပင်ဖြစ်သည်။ အသိဉာဏ်အတု (Artificial intelligence – AI)၊ ကြိုတင်ဟောကိန်းထုတ်နိုင်စေမည့် ကိန်းဂဏန်းအချက်အလက်များအား သရုပ်ခွဲသုံးသပ်ခြင်းပညာရပ် (Predictive Data Analytics) နှင့် စက်ရုပ်ပညာရပ် (Robotics) များက စက်ရုံများ၊ သိုလှောင်ရုံများ၊ ဖြန့်ချိရေးဌာနများနှင့် ကုန်ပစ္စည်းဖြန့်ဝေသည့် နေရာများတွင် အလုပ်လုပ်ပုံများကို ပြောင်းလဲစေသည်။ သုံးဖက်မြင် ပုံနှိပ်ခြင်း(3-D Printing)၊ ဒစ်ဂျစ်တယ်လယ်ဂျာစနစ်ဖြင့် အချက်အလက်များ သိမ်းဆည်းမှတ်တမ်းဖော်ခြင်းနည်းပညာများ (ဒစ်ဂျစ်တယ်ငွေကြေးစနစ် များတွင်အသုံးပြုသည့်နည်းပညာ) (Blockchain Technologies)၊ အလိုအလျောက်ထိန်းချုပ်သည့်ယာဉ်များ (Autonomous Vehicles) သည် အနာဂတ်တွင် ကြီးမားသော သက်ရောက်မှုများဖြစ်လာကြမည်။ တချို့သော လူများက လူများမပါဝင်ဘဲ အလိုအလျောက်လည်ပတ်သည့် Supply Chain မျိုးကို စိတ်ကူးယဉ်ကြသည်။

သို့သော်လည်း နည်းပညာများတိုးတက်လာမှု ကြောင့် Supply Chain လုံခြုံမှုတွင် လက်နက်ယှဉ်ပြိုင်မှု အရိပ်အယောင်များသန်းနေသည်။ ထိုးနှက်တိုက်ခိုက်လို သည့် ပုဂ္ဂလိက Hacker များနှင့် နိုင်ငံတော်အဆင့်အား ပေးကူညီမှုရသည့် ဆိုက်ဘာစစ်သည်များ (Cyber-Warriors) က ကုမ္ပဏီများနှင့် အစိုးရများအပေါ်အသာစီးရနေသည်။ မကြာသေးမီက တရုတ်၏ ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဟွာဝေးအား အမေရိကန်ကနှိပ်ကွပ်ခြင်းကို သတင်းစာများက အသားပေးဖော်ပြကြသည်။ ဤပြဿနာသည် ကုမ္ပဏီတစ်ခုတည်းနှင့်သာပတ်သက်သည်မဟုတ်။ ကမ္ဘာ့လျပ်စစ်ပစ္စည်းအများစုကို ထုတ်လုပ်နေသည့်၊ ဟာ့ဒ်ဝဲအများစုကို တီထွင်နေသည့် တရုတ်နိုင်ငံအတွင်းရှိ ကုမ္ပဏီအားလုံးနှင့် ဆက်နွှယ်လျက်ရှိသည်။

နည်းပညာစစ်အေးဖြစ်ပွားခဲ့ပါက လက်ရှိစုစည်းတည်ရှိနေသည့် နည်းပညာ Supply Chain အား ပြိုကွဲစေလိမ့်မည်ဖြစ်ပြီး ပြန်လည်ညှိနှိုင်းတည်ဆောက်ရန် စရိတ်စကအတော်ကြီးမားလိမ့်မည်။ 5G နည်းပညာတွင်ကျယ်လာပါက နှစ်လမ်းကွဲသွားလိမ့်မည်။ 5G သည် အနာဂတ်တွင် Internet of Things (IoT) ခေါ် အရာရာတိုင်း အား ချိတ်ဆက်ဆက်သွယ်လာစေရန် မရှိမဖြစ်သည့်ဆက် သွယ်ရေးနည်းပညာတစ်ခုဖြစ်သည်။ ဈေးသက်သာသည့် အာရုံခံကိရိယာများ (Sensors) ကို အသုံးပြုလျက် အိမ် များ၊ စက်ရုံများ၊ မြို့ကြီးများအား IoT ၏အကူအညီ၊ ဒစ်ဂျစ်တယ်နည်းလမ်းတို့ဖြင့် စောင့်ကြည့်ခြင်း၊ စီမံထိန်း ချုပ်ခြင်းများ ပြုလုပ်လာနိုင်မည်ဖြစ်သည်။ အရာရာတိုင်း ကို ချိတ်ဆက်သည်ဆိုရာ၌ အမေရိကန်ကတစ်လမ်းသွား၊ တရုတ်က တစ်လမ်းသွားဆိုလျင် Splinternet of Things ဟုခေါ်သည့် တစ်စစီချိတ်ဆက်မှုဖြစ်သွားလိမ့်မည်။ ဤစနစ်ဖြင့်ဆိုပါက စရိတ်စကကြီးမားပြီး ထိရောက်မှုမရှိ ရုံသာမက 5G ခေတ်၊ အနာဂတ် Cyber ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ လုံခြုံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့် မည်မဟုတ်။

ဤအခြေအနေတွင် ဟွာဝေးအား အရေးယူမှုကို ရုပ်သိမ်းပြီး ကုန်သွယ်ရေးစစ်ကို ရပ်ဆိုင်းလျက် ငြိမ်းချမ်း ရေးရလာပြီဆိုလျင်တောင်မှ ရှန်ဇန် (Shenzhen) မှ ဆန်ဖ ရန်စစ္စကို(San Francisco) နှင့် စတုဂတ် (Stuttgart) မြို့ များသို့ အငြိအစွန်းမရှိသွားနေသည့် ဖြည့်တင်းမှုလမ်းကြောင်းခေတ်ပြီးဆုံးသွားလိမ့်မည်။ Globalization သည် ရှုပ်ထွေးသည့် အနေအထားသို့ အသွင်ကူးပြောင်းသွားပြီး နိုင်ငံတကာကုမ္ပဏီကြီးများနှင့် ကမ္ဘာ့စီးပွားရေးတို့မှာ သက်တမ်းရှည်တော့မည်မဟုတ်ပေ။

လှုပ်ခါနေသည့် ကမ္ဘာသစ်…
ကမ္ဘာ့ Supply Chain များသည် ဆယ်စုနှစ်များစွာ ကာလ ရှည်လျားကြာမြင့်ခဲ့ပြီး၊ နှေးကွေးသည်။ ယခုအခါ ပိုမိုတို တောင်းလာပြီး လျင်မြန်လာပြီ၊ ကျုံ့လာပြီဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ Globalization တွင် အများကအမှန်ဟု သတ်မှတ်သည့် အယူအဆများအနက် တစ်ခုမှာ ကမ္ဘာပြားသည် ဟူ၍ဖြစ်သည်။ ထိုအယူအဆ ကို စာရေးဆရာသောမတ်ဖရိဒ်မန်း (Thomas Friedman) က ပြန့်ပွားစေခဲ့သည်။ အလုပ်များ လွှဲပြောင်းအပ်နှံခြင်း၊ ထုတ်လုပ်ခြင်းတို့တွင် နိုင်ငံများ၏ နယ်နိမိတ်များသည် အရေးမပါတော့။

ထိုအယူအဆ၏ လွှမ်းမိုးမှုကြောင့် ကုမ္ပဏီများသည် နေရာတိုင်းတွင် ထိုအယူအဆကို ထူထောင်ကြသည် ဟု Standford University မှ ဟောလီ(Hau Lee) က ဆို သည်။ Globalization အပေါ်အမြင်မှာ ေ၀ဝါးလာသည့်အလျောက် ဖန်တီးပုံပေါ်လာသည့် Hyper-Globalization ၏ ပြည့်စုံခိုင်မာမှုကို ကြည့်လာကြသည်။ မတည်ငြိမ်၊ လှုပ်ခါနေသည့် ကမ္ဘာသစ်အတွက် Supply Chain အား ပြန်လည်ပုံဖော်ရာတွင် နိုင်ငံတကာကုမ္ပဏီများ၏ မန်နေဂျာများသည် ကျွမ်းကျင်မှုအသစ်များကို ပျိုးထောင်ရန်လိုအပ်သည်ဟု ဟောလီကဆိုသည်။

အမေရိကန်၏ ဥပဒေကုမ္ပဏီတစ်ခုဖြစ်သည့် Baker McKenzie က ဧပြီလတွင် အာရှတစ်ဝိုက်တွင်ရှိနေသော နိုင်ငံတကာကုမ္ပဏီကြီးပေါင်းခြောက်ရာကို သုတေသနပြုခဲ့ရာ ယင်းတို့အနက်တစ်ဝက်ခန့်က သူတို့၏ Supply Chain များအား အဓိကကျသောပြောင်းလဲမှုများ ပြုလုပ်မည်ဟုဆိုကြသည်။ ဆယ်ပုံတစ်ပုံကျော်ကျော်က လုံးဝပြောင်းလဲမှုပြလုပ်ရမည်ဟု ဆိုကြသည်။ ကဏ္ဍအသီးသီး၌ အလုပ်များလွှဲပြောင်းအပ်နှံခြင်း၊ ထုတ်လုပ်ခြင်းတို့တွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ပြန်လည်စဉ်းစားဖို့ လိုလာမည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ဆယ်စုနှစ်အနည်းငယ်အကြာအ တွင်း အကြီးအကျယ်တိုးချဲ့မှုများဖြင့် Supply Chain များ တိုတောင်းလျင်မြန်လာပြီးနောက် အဓိကအကြောင်းအချက်နှစ်ခုမျော်လင့်ရန်ဖြစ်လာသည်။ ပထမအချက်မှာ Supply Chain များကို တိုတောင်းလျင်မြန်စေခြင်းဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ အမြဲသက်သာနေစေရန်မှာ အန္တရာယ်များနှင့် ယှဉ်တွဲလျက်ရှိသည်။ ဒုတိယအချက်မှာ ကမ္ဘာ့ကုန်သွယ်ရေးတွင် အကောင်အထည်ရှိသည့် ကုန်ပစ္စည်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း ပမာဏများစွာပါဝင်နေ ခြင်းဖြစ်သည်။

အန္တရာယ်အပိုင်းအရဆိုရလျင် နိုင်ငံတကာ ကုမ္ပဏီကြီးများ (MNCs) သည် ယင်းတို့အား ကုန်ပစ္စည်း တိုက်ရိုက်ဖြည့်တင်းသူ (Supplier) မှလွဲ၍ Supplier အဆင့်ဆင့်ကို မသိကြ။ ထိုအခြေအနေတွင် အလွန်အလှမ်း ဝေးသောနေရာတွင်ရှိနေသည့် ရောင်းချသူက သူ၏ကတိ ကဝတ်များကို ပြည့်မီအောင်မလုပ်နိုင်ခဲ့လျင် ယင်း MNCs များသည် ဓားစာခံများသဖွယ်ဖြစ်နေလိမ့်မည်။ တစ်ခါတစ်ရံပြင်ပအကြောင်းတရား၊ သက်ရောက်မှုများ ကြောင့်လည်း အန္တရာယ်များပေါ်လာနိုင်သည်။ ပြင်ပ အကြောင်းတရားများတွင် သဘာဝဘေးအန္တရာယ်များ လည်း ပါဝင်သည်။ ၂၀၁၁ ခုနှစ် ဂျပန်ဆူနာမီလှိုင်းရိုက် ခတ်ခံရပြီးနောက်တွင် ကမ္ဘာ့ဆီမီးကွန်ဒတ်တာကုမ္ပဏီကြီးတစ်ခုသည် တတိယအဆင့်နှင့် စတုတ္ထအဆင့်ရောင်းချသူများ (ဖြည့်တင်းသူများ) ၏ ပျက်စီးမှုများကို မြေပုံကားချပ်ဖြင့် မှတ်တမ်းတင်ရန် ကြိုးပမ်းခဲ့သည်။ မည်သည့်ကုမ္ပဏီများက ယင်း၏တိုးချဲ့ထားသော ဖြည့်တင်းသူကွန်ရက် (Supplier Network) တွင် မည်သည့် ကုမ္ပဏီများပါဝင်သည်ကို အဖြေထုတ်ရန်အတွက် အမှုဆောင်ပေါင်းတစ်ရာပါဝင်သည့် အဖွဲ့သည် တစ်နှစ်ကျော်ကျော် အချိန်ယူခဲ့ရသည်။

နိုင်ငံရေး၏ရိုက်ခတ်မှုများ…
မကြာသေးမီက ရိုက်ခတ်မှုမှာ နိုင်ငံရေးနယ်ပယ်မှဖြစ် သည်။ Brexit ဟုခေါ်သည့် ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂ (European Union) မှ ခွဲထွက်မည့် အစီအစဉ်ကြောင့် အင်္ဂလန်နိုင်ငံနှင့် တခြားသောဥရောပတိုက်ကျွန်းနိုင်ငံများအကြား ဖြည့်တင်းမှုလမ်းကြောင်းများ ပြတ်တောက် သွားနိုင်သည်။ အင်္ဂလန်နိုင်ငံသည် အမှန်တကယ်ခွဲထွက် ပါက MNCs များအနေဖြင့် ယင်းတို့၏ အင်္ဂလန်နိုင်ငံအ တွင်း လုပ်ငန်းလုပ်ဆောင်မှုများကို လျော့ချမည်ဟု ခြိမ်းခြောက်ထားသည်။ အင်္ဂလန်နိုင်ငံ Chartered Institute of Procurement and Supply ၏ စစ်တမ်းသုတေသနတစ်ခုအ ရ ဗြိတိသျကုန်ပစ္စည်းဖြည့်တင်းသူများသည် ပေးပို့မှုအား နယ်စပ်တွင် တစ်ရက်တာမျနှောင့်နှေးပါက ယင်းတို့ထံမှ ကြီး မားသောဈေးဆစ်မှု (Discount) ကို ဥရောပတိုက်ရှိ လုပ်ငန်းအားလုံး၏ ငါးပုံတစ်ပုံက တောင်းဆိုကြလိမ့်မည်။ ဆယ်ပုံတစ်ပုံကျော်က စာချုပ်ကို ချက်ချင်းဖျက်သိမ်းလိမ့် မည်ဟု ဗြိတိသျတင်ပို့သူများက မျော်လင့်ထားကြသည်။
ထရမ့်က တိုးမြှင့်လိုက်သည့် သွင်းကုန်ခွန်များကြောင့် အမေရိကန်စားသုံးသူများမှာ ၂၀၁၈ ခုနှစ် အဆုံးပိုင်း လောက်တွင် တစ်လလျင် ဒေါ်လာ ၁.၄ ဘီလီယံ ပိုမိုကုန် ကျစေလိမ့်မည်။ လက်လီဆိုင်များဖြစ်သည့် Walmart နှင့် Target ၏ ဈေးနှုန်းများမြင့်တက်လာတော့မည်ဟု သတိ ပေးထားခြင်းနှင့်အတူ လက်လီရောင်းသူများလည်း သွင်း ကုန်အခွန်ဒဏ်ခံကြရသည်။ လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်သည့် Caterpillar သည် ယခုနှစ်တွင် သွင်း ကုန်ခွန်များကြောင့် ဒေါ်လာသန်း ၂၅၀ မှ ၃၅၀ အထိ ကုန်ကျဖွယ်ရာရှိသည်ဟု မျော်လင့်ထားသည်။ အင်ဂျင် ထုတ်လုပ်သည့် Cummins ကလည်း ဒေါ် လာသန်း ၁၅၀ ခန့်ထိခိုက်နစ်နာလိမ့်မည်ဟု မျော်လင့်ထားသည်။

သမ္မတရှီကျင့်ဖျင်နှင့် သဘောတူညီမှုရယူထား သော်လည်း မစ္စတာထရမ့်၏ တရုတ်သွင်းကုန်များအပေါ် ကြပ်ခြင်းသည် ဆက်လက်ရှိနေပြီး ဟွာဝေး၏အနာဂတ် မှာလည်း ရေရာမှုမရှိသေး။ တရုတ်နိုင်ငံကလည်း တုံ့ပြန် သည့်အနေဖြင့် သွင်းကုန်စည်းကြပ်မှုများပြုလုပ်လိုက်ပြီး မှီခို၍မရသော နိုင်ငံခြားကုမ္ပဏီများအား အပြစ်ပေးမည်၊ လျပ်စစ်ပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုသည့် ရှားပါး သောမြေများ (Rare Earths) တင်ပို့ခြင်းကို ရပ်တန့်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ဤရလဒ်များကို ရှောင်ရှားနိုင်သည်ဆိုလျင် ပင် မစ္စတာထရမ့်၏ လုပ်ဆောင်ချက်ကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများ (MNCs) အပေါ်သက်ရောက်မှုကရှိနေပြီး ဖြစ်သည်။

Apple ကုမ္ပဏီကလည်း ပြန်စဉ်းစားလာသည်။ ယင်း၏ ဖြည့်တင်းမှုအခြေ (Supply Base) ၏ ၁၅ ရာခိုင် နှုန်းမှ ၃၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ အရှေ့တောင်အာရှ၊ သို့မဟုတ် အိန္ဒိယသို့ ပြောင်းလဲပါက ကုန်ကျမှုမည်မျရှိ မည်နည်းဟု ယင်း၏အကြီးမားဆုံးဖြည့်တင်းသူများအား မေးခဲ့သည်ဟုဆိုသည်။ တိုင်ဝမ်မှ Apple ထုတ်ကုန်များကို စာချုပ်ဖြင့် ထုတ်လုပ်သည့် ကုမ္ပဏီ Foxconn ၏ ဥက္ကဋ္ဌ အသစ် လျူယမ်းေ၀ (Liu Young-way) ကလည်း အမေရိကန်ဈေးကွက်အတွက် iPhones များကို လိုအပ်ပါက တရုတ်နိုင်ငံ၏ ပြင်ပစက်ရုံများမှ ဖြည့်တင်းမည်ဟု ကြေညာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ ကုန်ပစ္စည်းကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၁၇.၃ ထရီလီယံဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဲ့သို့သော ဝန်ဆောင်မှုများ၏ ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၅.၁ ထရီလီယံသို့ မြင့် တက်လာသည်။

ဝန်ဆောင်မှုသည် ကုန်သွယ်မှုပြုလုပ်သော ကုန်ပစ္စည်းများ တန်ဖိုး၏ သုံးပုံတစ်ပုံရှိသည်ဟု အကြံ ပေးအဖွဲ့ McKinsey Global Institute (MGI) က တွက်ဆသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဝန်ဆောင်မှုများအား ကုန်သွယ်မှုမှာ ကုန်ပစ္စည်းများ ကုန်သွယ်မှုထက် ၆၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်လာသည်။ ကြိုးမဲ့ဆက် သွယ်ရေးနှင့် ပြန်ကြားရေးနည်းပညာ ကဏ္ဍများတွင် နှစ်ဆမှသုံးဆအထိ ပိုမိုလျင်မြန်လာ သည်။ ကုမ္ပဏီများသည် ဝန်ဆောင် မှုနှင့် ဆန်းသစ်တီထွင်မှုများတန်ဖိုး ကိုမြှင့်တင်ရန် စဉ်းစားကြသည့်အလျောက် ကမ္ဘာ့အဆင့်တွင် ဈေးသက်သာသော လုပ်အားနောက်သို့ လိုက် တော့မည်မဟုတ်ဟု MGI Susan Lund က ဆိုသည်။

ထုတ်လုပ်မှုကုန်ကျစရိတ်ညွှန်းကိန်း အမေရိကန် = ၁၀၀

စီမံချက်ချ၊ လုပ်ငန်းပြင်ပအပ်၊ ထုတ်လုပ်၊ ဖြန့်ချိ
(Plan, Source, Make, Deliver)

ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ဖြည့်တင်း မှု (Logistics) ကို လက်နက်သဖွယ် သဘောထားလုပ်ဆောင်ခြင်းအားဖြင့် Supply Chain များသည် ယှဉ်ပြိုင်မှု တစ်ပန်းသာစေရန်အတွက် အခြေခံများဖြစ်ကြသည်။ အားတက်မှု တစ်ဝက်၊ ကြောက်ရွံ့မှုတစ်ဝက်ရှိနေသည့် နိုင်ငံတကာကုမ္ပဏီကြီးများ၏ အကြီး အကဲများသည် ယင်းတို့၏ကုမ္ပဏီများ မည်ကဲ့သို့တိကျစွာ ”စီမံချက်ချ၊ လုပ် ငန်းပြင်ပအပ်၊ ထုတ်လုပ်၊ ဖြန့်ချိ” (PSMD) သည်ကို ပြန်လည်စစ်ဆေး နေကြပြီဖြစ်သည်။ PSMD သည် Supply Chain မန်နေဂျာများအတွက် မန္တာန်တစ်ခုပင်ဖြစ်သည်။

ဤကဲ့သို့ ဆန်းစစ်လာကြသည့်အခါ Slowbalization ဟု ခေါ်သည့် ကမ္ဘာတစ်ဝန်းလုံး Supply Chain များနှေးကွေး ခြင်းကြောင့် စိန်ခေါ်မှုများပေါ်လာသည်ကို တွေ့လာကြသည်။ “Global Supply Chain Ecosystem” စာအုပ်ကို ရေးသည့် Mark Millar က Supply Chains များကျုံ့သွားခြင်းသည် ရိုးစင်းသွားခြင်းမဟုတ်။ Customer များနှင့် ပိုမိုနီးလာသည့်အတွက် Customer များ လိုအပ်သည့်၊ လိုချင်သည့် ပုံစံအတိုင်း ပိုမိုလုပ်ဆောင် ပေးလာနိုင်သည်၊ ဆန်းသစ်တီထွင်မှုကို ပိုမိုအရှိန်မြှင့် တင်လာနိုင်သည်၊ ကုန်ပစ္စည်းဖြန့်ချိမှုကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်ပေးလာနိုင်သည်ဟု ဆိုသည်။

ကုမ္ပဏီအများစုအတွက် Supply Chain သည် တိုတောင်းရန် လိုအပ်ရုံတင်မက လျင်မြန်ထိရောက်ရမည်ဟု ဆိုလိုပေသည်။

တရုတ်နိုင်ငံအားချစ်ခြင်း၊ တရုတ်နိုင်ငံမှ ထွက်ခွာခြင်း…
အဝတ်အစားများ၊ မော်တော်ကားများနှင့် ကွန်ပျူတာများ သည် မည့်သည့်နေရာမှ ထုတ်လုပ်သည်ကို ကြည့်လိုက် ပါ။ ထိုကုန်ပစ္စည်းများသည် နေရာအသီးသီးမှ ဖြည့်တင်း ရောက်ရှိလာသည်ကို တွေ့ရမည်။တရုတ်နိုင်ငံသည် ”ကမ္ဘာ့အလုပ်ရုံ” (World’s Workshop) ဖြစ်နေသည်ဆိုသည့် အခန်းကဏ္ဍသည် တ ဖြည်းဖြည်းချင်း မှေးမှိန်လာပြီဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံပြည်မကြီးရှိ ထုတ်လုပ်မှုမှာ လုံးဝပျက်သုဉ်း သွားပြီဟု မဆိုနိုင်သေး။ ကျွမ်းကျင်သော အလုပ်သမား များနှင့် အထူးကောင်းမွန်သည့် အခြေခံအဆောက်အဦတို့ ကြောင့် တရုတ်နိုင်ငံသည် ကုန်ပစ္စည်းများထုတ်လုပ်ရန် ထူးခြားကောင်းမွန်သော နေရာတစ်ခုဖြစ်နေသေးသည်။ ထို့အတွက် ကဏ္ဍအသီးသီးတွင် ထုတ်လုပ်မှုအင်အားရှိနေ ဆဲဖြစ်သည်။ တရုတ်နိုင်ငံတွင် လူလတ်တန်းစားများ မြင့်တက်လာမှုကြောင့် ကုမ္ပဏီအများအပြားသည် ယင်း တို့၏ထုတ်လုပ်မှုများကို ပြည်တွင်းဈေးကွက်သို့ ပြန် လည်ဦးတည်ရတော့မည်ဖြစ်သည်။

ကုမ္ပဏီများ၏ Supply Chain အချက်အလက်များ ကို သိသိသာသာ မမြင်နိုင်။ တရားဝင်ကုန်သွယ်ရေးကိန်း ဂဏန်းအချက်အလက်များမှာ ရရှိနိုင်ခြင်းမှာ နှစ်အလိုက် နောက်ကျလျက်ရှိသည်။ လုပ်ငန်းအမျိုးအစားသုံးမျိုးတွင် လုပ်ကိုင်နေသော ကုမ္ပဏီများနှင့် စကားပြောကြည့် ရာတွင် ထုတ်လုပ်မှုပုံစံများ အမျိုးမျိုးကွဲပြားလျက်ရှိသည် ကို တွေ့နိုင်သည်။ အဝတ်အထည် ကုမ္ပဏီများသည် ကမ္ဘာနှင့်အဝန်းတွင် ခြေကုပ်ဟူ၍မရှိ။ ကားထုတ်လုပ်မှု လုပ်ငန်းများသည် ဒေသဆိုင်ရာအချက်အချာကျသော နေရာများတွင် ပေါင်းစည်းလျက်ရှိသည်။ (မစ္စတာထရမ့်၏ ဟွာဝေးအားတိုက်ခိုက်မှုက သက်ရောက်မှုရှိနိုင်သော်လည်း) လျပ်စစ်ပစ္စည်းများထုတ်လုပ်မှုသည် တရုတ်နိုင်ငံတွင် အမြစ်တွယ်လျက်ရှိသည်။

အဝတ်အထည်နှင့် ဖိနပ်လုပ်ငန်း၏ ကြီးမား သောအစိတ်အပိုင်းသည် ချုပ်လုပ်ခြင်း (Stitching) ကဲ့သို့ သော လုပ်သားအင်အားကြီးမားစွာ လိုအပ်သည့် လုပ်ငန်း ဖြစ်သည့်အတွက် ကုန်ကျစရိတ်သက်သာသည့် ဈေးကွက် များနောက်သို့ လိုက်လျက်ရှိသည်။ လုပ်အားခများမြင့် တက်လာသောကြောင့် တရုတ်ပြည်မကြီးတွင် ထုတ်လုပ် သူများသည် အရှေ့တောင်အာရှနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ များသို့ ထွက်ခွာလာခဲ့ပြီဖြစ်သည်။ Nike နှင့် Adidas တို့သည် လေ့ကျင့်ရေးရှူးဖိနပ်များကို တရုတ်နိုင်ငံထက် ဗီယက်နမ်နိုင်ငံတွင် ပိုမိုထုတ်လုပ်ကြသည်။
ယနေ့ခေတ်တွင် ခေတ်စားနေသည့်နေရာမှာ အီ သီယိုးပီးယားနိုင်ငံဖြစ်သည်။ ယင်းနိုင်ငံသည် Calvin Klein နှင့် H&M တို့၏ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ခဲ့ သည်။ တစ်လလျင် လုပ်အားခမှာ ၂၆ ဒေါ်လာသာရှိသည့်အတွက် ချွေတာလိုသည့် အဝတ်အစားထုတ်လုပ် သူတို့အဖို့ အိပ်မက်မက်စရာနေရာဖြစ်သည်။ သို့သော်လည်း ထိုအခကြေးငွေသည် အလုပ်သမားများ၏ အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ဟု NYU Stern Centre for Business and Human Rights က မေလတွင် ထုတ်လွှတ်သော အစီရင်ခံစာကထောက်ပြသည်။ ထုတ်လုပ်နိုင်စွမ်းအဆင့်များနိမ့်ကျပြီး အလုပ်သမားအင်အားလျော့ကျမှုမြင့်မားလျက်ရှိသည်။

အာရှတွင် အခြေစိုက်သည့် Supply Chain ကျွမ်းကျင်သူက Suresh Dalai က ကမ္ဘာ့အကောင်းဆုံး လက်လီ ရောင်းသမားများ၊ လူမှု-ကုန်သွယ်မှုဆန်းသစ် တီထွင်သူ များနှင့် သွက်လက်သော ထုတ်လုပ်သူများရှိသည့် တရုတ် နိုင်ငံက တစ်ပန်းသာလျက်ရှိဆဲပဲဟု ဆိုသည်။

ဈေးနှုန်းလျော့ချ ယှဉ်ပြိုင်သူများနှင့်မတူဘဲ တရုတ်စက်ရုံများတွင် ချုပ်ရိုးမဲ့အဝတ်အထည်များ၊ တန် ဖိုးမြင့် ချည်ထည်များထုတ်လုပ်ရန်လိုအပ်သည့် အထူး စက်ယန္တရားများ၊ အတွေ့အကြုံရှိသည့် လုပ်ကိုင်သူများ ရှိနေသည်။ အမျိုးသားဝတ်ဘောင်းဘီရှည်များထုတ် လုပ်သည့် Haggar က အလိုအလျောက်စက်များမြင့်မား စွာတပ်ဆင်ထားသည့် တရုတ်ချည်မျင်စက်များအား စွန့်လွှတ်ရန် စီမံချက်များမရှိဟု ပြောသည်။ ထိုစက်ရုံများသည် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ကို သူကတွေ့ရှိခဲ့ သည်။ တရုတ်နိုင်ငံတွင် ကလေးသူငယ်လုပ်အားဥပဒေကို လိုက်နာခြင်းလည်း အလွန်မြင့်မားသည်။

သို့သော် ဂျပန်နှင့် ဥရောပနိုင်ငံများကဲ့သို့ အ ဝတ်အထည်များ တင်ပို့သောဈေးကွက်များတွင် တရုတ် နိုင်ငံ၏ ပါဝင်မှုမှာ ၂၀၁၀ ပြည့်နှစ်ကတည်းက ကျဆင်း လျက်ရှိသည်။ အကြောင်းရင်းမှာ ထိုဈေးကွက်များသည် အရှေ့တောင်အာရှတွင် ထုတ်လုပ်သည့် ဈေးပေါသော အဝတ်အထည်များကို ပိုမိုဝယ်ယူလာ၍ ဖြစ်သည်။ သို့သော်လည်း အဝတ်အထည်အလုပ်ရုံအများအပြားမှာ တရုတ်ပြည်မကြီးမှ ချည်မျင်ဝယ်ယူကြသဖြင့် အာရှ တိုက်အတွင်းကြီးမားသော ချည်မျင်တင်ပို့သည့် ဈေး ကွက်တိုင်းတွင် တရုတ်၏ဈေး ကွက်ပါဝင်မှုမှာ မြင့်တက်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားပြီဟုဆိုသော်လည်း တချို့သောအရေးကြီးသည့် နယ်ပယ်များတွင် ခိုင်မာလျက်ရှိနေသေးသည်။

မော်တော်ကား Supply Chain တွင် ထုတ်လုပ်မှုများသည် ကွန်ရက်သုံးခုဖြင့် ဒေသအလိုက်ထုတ်လုပ်မှုများ (Regionalization) ဖြစ်လာမည်ဟု ဆိုသည်။ ပထမ ကွန်ရက်မှာ အမေရိကန်နိုင်ငံအတွက် မက္ကဆီကိုနိုင်ငံတွင် ထုတ်လုပ်ခြင်း၊ ဒုတိယကွန်ရက်မှာ အနောက်ဥရောပအတွက် အရှေ့ဥရောပနိုင်ငံများနှင့် မော်ရိုကိုနိုင်ငံတွင် ထုတ်လုပ်ခြင်းနှင့် တတိယကွန်ရက်မှာ အာရှတိုက်အတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့တွင် ထုတ်လုပ်ခြင်းများဖြစ်ကြသည်။

တရုတ်ကို နှုတ်ဆက်ခြင်း…
မော်တော်ကားကုမ္ပဏီများသည် မက္ကဆီကိုနိုင်ငံအား နိုင် ငံခြားတင်ပို့မှုအခြေဖြစ်လာစေရန် ပိုမိုရင်းနှီးမြှုပ်နှံလျက် ရှိသည်။ မက္ကဆီကိုမှ မော်တော်ကား တင်ပို့ခြင်းသည် ၂၀၁၀ ပြည့်နှစ်မှစ၍ နှစ်ဆတိုးလာပြီး ယမန်နှစ်က ဒေါ်လာ ၅၀ ဘီလီယံနီးပါးဖြစ်လာသည်။ မက္ကဆီကိုအား ရွေးချယ်ရခြင်းအကြောင်းရင်းများမှာ မက္ကဆီကိုက အခြားသောနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ပေါင်းလေးဒါဇင်ခန့် လက်မှတ်ရေး ထိုးထားသဖြင့် မက္ကဆီကိုမှ တင်ပို့ပါက ကမ္ဘာ့ဈေးကွက် တစ်ဝက်ခန့်သို့ အခွန်လွတ်တင်ပို့နိုင်သောကြောင့်ဖြစ် သည်။ မော်တော်ကားထုတ်လုပ်သူများက အသာစီးရရန် အတွက် ဖြည့်တင်းမှုလမ်းကြောင်းများကိုပြောင်းလာကြသည်။ ”နောက်ဆုံးတော့ ကျွန်တော်တို့ တရုတ်နိုင်ငံကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ကမ္ဘာ့ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုမှ Supply Chains အမှုဆောင်အရာရှိတစ်ဦးက ပြောလိုက်သည်။ ယင်းကုမ္ပဏီသည် ကမ္ဘာ့ဈေးကွက်အတွက် ကားထုတ်လုပ်ခြင်းကို တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်းရန် လေးနက်စွာ စဉ်းစားလျက်ရှိသည်။ သို့သော်လည်း အိန္ဒိယကားရောင်း သူများကို အားထား၍မရ။ တစ်ဖန်ထုတ်လုပ်မှုကို မက္ကဆီကိုနှင့် အိန္ဒိယနှစ်ခြမ်းခွဲထုတ်ရန် စဉ်းစားသည့်အခါတွင် လည်း တစ်နေရာတည်းစုထုတ်သည်ထက် ကုန်ကျစရိတ် များလိမ့်မည်။ တစ်နေရာတည်းစုထုတ်ပါက များများ ထုတ် စရိတ်သက်သာ (Economics of Scale) ဖြစ်လိမ့်မည်။

မော်တော်ကား Supply Chain များကို ကျွမ်း ထိုးမှောက်ခုံဖြစ်စေမည့် ရေရှည်အင်အားတစ်စုမှာ လျပ်စစ်ဓာတ်အားသုံးစနစ်သို့ပြောင်းခြင်း (Electrification) ပင်ဖြစ်သည်။ လျပ်စစ်ကားများသည် ခေတ်ပေါ်ကား များထက် လှုပ်ရှားရသည့် အစိတ်အပိုင်းများနည်းသဖြင့် နောင်တွင် ကုန်သွယ်မှုအား အစိတ်စိတ်အပိုင်းပိုင်းဖြင့် ထူးခြားစွာ လျော့ချလိမ့်မည်။

ယခုအခါတွင် ဗြိတိသျအင်ဂျင်နီယာကုမ္ပဏီတစ်ခုဖြစ်သည့် Dyson က တရုတ်နိုင်ငံနှင့်နီးသော စင်ကာပူ နိုင်ငံတွင် ယင်း၏လျပ်စစ်ကားသစ်များကို ဒီဇိုင်းဆွဲထုတ် လုပ်နေပြီဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ တရုတ်နိုင်ငံ သည် အကြီးမားဆုံးသော ကားထုတ်လုပ်သည့် နိုင်ငံ ဖြစ်သောကြောင့်သာမဟုတ်၊ ကမ္ဘာ့လျပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာအချက်အချာ နေရာတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

ဆန်းသစ်တီထွင်သည့်နိုင်ငံ…
ကမ္ဘာ့လျပ်စစ်ပစ္စည်းများထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက် ခန့်သည် တရုတ်ပြည်မကြီးတွင် အခြေခံသည်။ ပြည်မ ကြီး၏အင်အားမှာ ကုန်ပစ္စည်းအမျိုးသစ်များထပ်မံထုတ် လုပ်ရန်၊ ဆန်းသစ်တီထွင်ရန် အတိုင်းအတာထက်ကျော် လွန်သည်။ တရုတ်နိုင်ငံ၏ ပုလဲမြစ်ဝကျွန်းပေါ်ဒေသ (Pearl River Delta) တွင် ဟာဒ်ဝဲတီထွင်သည့်နှုန်းမှာ ဆီလီကွန်တောင်ကြားကပင် မယှဉ်နိုင်ပေ။ စကေးနှင့် သွက်လက်မှုပေါင်းစပ်မှုမှာ တစ်မူထူးခြားသည်။ ထိုအ ချက်ကြောင့်ပင် ကမ္ဘာ့လျပ်စစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီကြီးများသည် ယင်းတို့၏ ထုတ်ကုန်များကို တ ရုတ်နိုင်ငံတွင် ထုတ်လုပ်ကြခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ကုန်ကျစရိတ်များ မြင့်မားလာမှုကြောင့် တချို့သောကုမ္ပဏီများ ပြင်ပသို့ ထွက်ရန် စဉ်းစားလာကြသည်။ အထူးခြားဆုံးမှာ ဆမ် ဆောင်း (Samsung) သည် အလွန်ကြီးမားသည့် စမတ် ဖုန်းထုတ်လုပ်သည့် စက်ရုံစုကြီးတစ်ခုကို ဗီယက်နမ် နိုင်ငံတွင် တည်ဆောက်ခြင်းဖြစ်သည်။ နိုင်ငံရေးနှင့် ဆက်နွှယ်နေသည့် ဟွာဝေးအားနှိပ်ကွပ်မှုကဲ့သို့သော အကြောင်းများက တခြားကုမ္ပဏီများကိုလည်း တရုတ်မှထွက်ခွာစေသည်။ လက်ရာကြမ်းသည့် ဒစ်ဂျစ်တယ် ကင်မရာများထုတ်လုပ်သည့် GoProသည် ယင်း၏စက်ရုံအများစုကို မက္ကဆီကိုသို့ ပြောင်းရွှေ့နေသည်။ ကြီး မားသော ကိရိယာများထုတ်လုပ်သည့် Stanley Black & Decker သည် Craftsman တံဆိပ် ကိရိယာပစ္စည်းများထုတ် လုပ်သည့် စက်ရုံကို အမေရိကန်သို့ ပြန်ရွှေ့တော့မည်။ 5G ဆက်သွယ်ရေးကိရိယာများအရောင်းမြင့်လာမည်ကို မျော်မှန်းလျက် ဆွီဒင်၏ Ericsson သည် အမေရိကန်နိုင်ငံ တွင် ထုတ်လုပ်မှုကို မြှင့်တင်လာသည်။

တရုတ်နိုင်ငံမှ ထွက်ရသည်မှာ မလွယ်ကူ ကြောင်းတွေ့ရသည်။ John Kern သည် အမေရိကန်၏ဆက်သွယ်ရေးကိရိယာများထုတ်လုပ်သည့် Cisco ၏ Supply Chain တွင် အကြီးအကဲဖြစ်သည်။ တရုတ်နိုင်ငံ တွင် ထုတ်လုပ်ခြင်းကို မလိုလားသည့် အမေရိကန်နှင့် အိန္ဒိယစားသုံးသူများ၏ ပူပန်မှုကြောင့် မက္ကဆီကိုရှိ ယင်း ၏ထုတ်လုပ်မှုကို မြှင့်တင်လိုက်ရသည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းစားသုံးသူများတွင် ထိုကဲ့သို့ စိတ်မပူသောစားသုံးသူများ အများအပြားရှိနေသေးသည်။ တရုတ်နိုင်ငံ သည် Cisco အတွက် ကြီးမားသောထုတ်လုပ်မှုအခြေဖြစ် သကဲ့သို့ အနာဂတ်တွင်လည်း နှစ်ပေါင်းများစွာရှိနေဦး မည်ဟု သူကပြောလေသည်။
အာရှတိုက်တစ်လွှားတွင် လော်ရီကားများ၊ ဝန် ထမ်းများရှိသည့် ပို့ဆောင်ရေးကုမ္ပဏီ Kerry Logistics မှ ဂျော့ဂျ်ယိုး (George Yeo) က အရှေ့တောင်အာရှဒေသတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းဖောက်သည်များတိုးမြှင့်လာသည်ကို သတိပြုမိသည်။ အထူးသဖြင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားကြသည်။ သို့သော်လည်း လုပ်အားဖြင့် ထုတ်လုပ်နိုင်စွမ်းသည် ဒေသတစ်ခုလုံးတွင် ကြီးမားသော ပြဿနာတစ်ခုဖြစ်ပြီး အခြေခံအဆောက် အအုံမှာလည်း အရည်အသွေးညံ့သည်။ သူမြင်တွေ့သမျ ဆိုရလျင် လုပ်သားအင်အားများစွာ အသုံးပြုရသော ချည်မျင်ကဲ့သို့ လုပ်ငန်းများက ရင်းနှီးမြှုပ်နှံမှုပြုကြ သည်။ လျပ်စစ်ပစ္စည်းများအပိုင်းတွင် ဈေးနိမ့်သောပစ္စည်း များထုတ်လုပ်ရန်အတွက်သာ ပြောင်းရွှေ့ကြသည်ဟု မစ္စတာယိုးက ထင်မြင်သည်။ ”အလိုအလျောက်စက်တွေနဲ့ တန်ဖိုးမြှင့်ပေါင်းဖြည့်တာတွေကြောင့် တရုတ်ပြည်ရဲ့ ရှန်ဇန် (Shenzhen) ကတော့ ဘုရင်ဖြစ်နေဆဲပါပဲ။”

ဤအပိုင်းကဏ္ဍသုံးပိုင်းကို စိစစ်ကြည့်လိုက်လျင် Globalization မှ ရှေ့သို့ဆက်သွားပါက ရှုပ်ထွေးသော လမ်းကြောင်းကိုသာ တွေ့ရသည်။ ဤစိန်ခေါ်မှုနှင့် ရင် ဆိုင်နေရသည့် နိုင်ငံတကာကုမ္ပဏီကြီးများသည် အန္တ ရာယ်နှစ်မျိုးနှင့် ရင်ဆိုင်နေရသည်။ သူတို့သည် Supply Chain များအား ပိုမိုတိုတောင်းရန်နှင့် ပိုမိုလျင်မြန်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

ပိုမိုလျင်မြန်ခြင်းသို့ပြောင်းလဲခြင်း…
နောက်ထပ် Supply Chain ရုတ်ခြည်းပြောင်းလဲမှုအတွက် အဓိကရှေ့ဆုံးမှဦးဆောင်ပြေးနေသည့် ကုမ္ပဏီကြီးနှစ်ခုမှာ Amazon နှင့် Alibaba တို့ ဖြစ်ကြသည်။

ချမ်းသာသောကမ္ဘာမှ ကုမ္ပဏီကြီးများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အားကျစေသည်မှာအမှန်ပင်ဖြစ်သည်။ တရုတ်နိုင်ငံသည် အရည်အသွေးညံ့သော ပို့ဆောင်ဖြည့်တင်းရေးမှ အထူးစွမ်းအင်ပြည့် Supply Chain သို့ ခုန်ကျော်ပြောင်းလဲလာခဲ့သည်။ E-commerce နှင့် Mobile Payments များတွင် တစ်ချိန်ကနောက်ကျကျန်သူ ဘဝမှယခုအခါကမ္ဘာ့ဦးဆောင်ဖြစ်လာသည်။

တရုတ်နိုင်ငံတွင် ညအခါထွက်လာသည့်သတ္တဝါများ…
ဟန်ကျိုး (Hangzhou) တွင် စက်ရုပ်များသည် ညမှောင်မှထွက်လာကြသည်။ တရုတ်နိုင်ငံ၊ အစိုးရစာတိုက်လုပ်ငန်း China Post က လုပ်ကိုင်သည့် ဖြန့်ဝေရေးစင်တာ၏အပေါ်ထပ်တွင် စက်ရုပ်ခုနစ်ရာသည် ရည်ရွယ်ချက်ရှိရှိဖြင့် လှည့်ပတ်သွားလာနေကြသည်။ ဒေသခံလုပ်ငန်း ကုမ္ပဏီအသစ်တစ်ခုဖြစ်သည့် လီပြောင်း (Libiao) က ထုတ်လုပ်ခဲ့သော ထိုအဝါရောင်အလုပ်လုပ်သည့် စက်ရုပ်များသည် တရုတ်နိုင်ငံအနှံ့အပြားသို့ ပေးပို့မည့် အထုပ်များအား ညလုံးပေါက် မြို့အလိုက်ခွဲခြားခြင်းများပြု လုပ်ကြ၏။ အလုပ်သမားများက အထုပ်များကိုကြည့်၍ ကိရိယာများအပေါ်တင်ကြသည်။ စက်ရုပ်များက မြို့အလိုက် အပေါက်ကလေးများရှိသည့် ဆင်ခြေလျောနေရာသို့ သွား၍ အထုပ်များကို သက်ဆိုင်ရာအပေါက်များထဲသို့ ပစ်ထည့်ကြသည်။ ဆင်ခြေလျောမှတစ်ဆင့်နိမ့်ကြမ်းပြင်သို့ ကျလာသည့်အထုပ်များကို အလုပ်သမားများက ဖမ်းယူ၍ အသင့်စောင့်နေသည့် လော်ရီကားများဆီသို့ သယ်ဆောင်ကြသည်။

အေအိုင်ခေါ် အသိဉာဏ်အတုအသုံးပြုသည့် စက်ရုပ်များအသုံးချရာတွင် Amazon က ဦးဆောင်လျက်ရှိသည်။ သို့သော်လည်း တရုတ်နိုင်ငံက အမြန်နှုန်းတွင်တစ်ပန်းသာသည်။ ပြည်မကြီးရှိ ဆန်းသစ်တီထွင်သူများသည် အဆင့်အမြင့်ဆုံးတီထွင်မှုများ ပြုလုပ်နိုင်ကြသည်။မျက်နှာကို မှတ်မိသောဆော့ဖ်ဝဲ (Facial Recognition Software) တီထွင်နိုင်မှုသည် သာဓကတစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့သည် ကုန်ကျစရိတ်နည်းသော အင်ဂျင်နီယာဝန်ဆောင်မှုအပိုင်းတွင်လည်း ဈေးသက်သာသော ဖြေရှင်းချက်များ (Solutions) နှင့်အတူ ဈေးကွက်သို့ အနောက်တိုင်းတီထွင်သူများထက် ပိုမိုလျင်မြန်စွာရောက်နိုင်သည်။

လီပြောင်းကုမ္ပဏီကို ခင်ပွန်းသည်နှင့်အတူ ထူထောင်ခဲ့သူ ရှာဟွီလင်း (Xia Huiling) သည် စက်ရုပ်တစ်ရုပ်ချင်းစီကို အလိုအလျောက်ဖြစ်စေမည့် ရှုပ်ထွေးသည့် AI နှင့် ထိန်းကျောင်းသည့်စနစ်များကို ရှောင်၍ အများတတ်နိုင်မည့် စက်ရုပ်များကိုသာထုတ်လုပ်သည်။ သူ၏စက်ရုပ်များသည် ဗဟိုစနစ်ကချထားသည့် လမ်းကြောင်းများအတိုင်း အလုပ်လုပ်ကြသည်။ လီပြောင်းသည် သူရယူထားသည့် အမေရိကန် Supply Chain ကုမ္ပဏီတွမ်ကင်စ် (Tompkins) ဖြင့် တီထွင်မှုပါသောလုပ်ငန်း မိုဒယ်တစ်ခုကိုလည်း စမ်းသပ်လုပ်ကိုင်လျက်ရှိသည်။ ရာသီအလိုက်ထိုးတက်လာတတ်သည့် ဝယ်လိုအားအခြေအနေများကို ရင်ဆိုင်နေကြသည့် လက်လီအရောင်းဆိုင်များသည် ယင်းစက်ရုပ်များကို လိုအပ်သလောက် ငှားရမ်းအသုံးပြုနိုင်ကြသည်။

အလားအလာကောင်းသည့် လီပြောင်းကုမ္ပဏီတွင် ပုဂ္ဂလိကပိုင် တရုတ်ဖြည့်တင်းရေးနှင့်ပို့ဆောင်ရေး (Logistics) ကုမ္ပဏီတစ်ခုဖြစ်သည့် GLP က ရှယ်ယာပါ ဝင်ထားသည်။ GLP တရုတ်နိုင်ငံပိုင်းဆိုင်ရာပူးတွဲဥက္ကဋ္ဌဗစ်တာမော့ခ် (Victor Mok) က စမတ်ဂိတ်ပေါက်များ၊ လော်ရီကားများ ရှင်းရှင်းလင်းလင်းဖြစ်စေမည့် ကုန်တင်ကုန်ချပလက်ဖောင်းများနှင့် အလိုအလျောက်စက်များ တပ်ထားသည့် သိုလှောင်ရုံများပါဝင်သော Logistics Parks များကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။ GLP သည် ဒေသခံလုပ်ငန်းသစ်ကုမ္ပဏီတစ်ခုဖြစ်သည့် Inceptio တွင် ရင်းနှီးမြှုပ်နှံ၍ အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သော လော်ရီကားများကိုလည်း တီထွင်လျက်ရှိသည်။

ဟောင်းနွမ်းနေသောလုပ်ငန်းများမှ ခေတ်မီသောလုပ်ငန်းများသို့…
”ရေနွေးငွေ့စွမ်းအားကနေ လျပ်စစ်ဓာတ်ပြောင်းလဲသွားတဲ့အခါ ထုတ်လုပ်မှုအပိုင်းကို သက်ရောက်မှုဖြစ်ခဲ့သလိုပဲ ဒစ်ဂျစ်တယ်ကို ပြောင်းလဲမှုကလည်း Supply Chain ကို သက်ရောက်မှုရှိလိမ့်မယ်” ဟု Bain မှ ဂျိုးတယ်ရီနို(Joe Terino) က မှတ်ချက်ချလိုက်သည်။ အလားတူအခြေအနေနှစ်ခုကို ယှဉ်ပြောလိုက်ခြင်းဖြင့် ချဲ့ကားပြောသည်ဟု ဆို၍မရ။ နောင်တွင်ဖြစ်မည့်အခြေအနေကို ကြိုတင်သိခြင်းဟုဆိုရမည်။ အင်တာနက်ပေါ်ပြီးနောက် နှစ်ပေါင်း ၃၀ နီးပါးအချိန်တွင် Amazon နှင့် Alibaba တို့၏ ပုံစံဖြင့် လုပ်ငန်းမလုပ်ကြသည့် နိုင်ငံတကာကုမ္ပဏီကြီးများ (MNCs) ၏ Supply Chain များအား စီမံထိန်းချုပ်သူများသည် အံ့အားသင့်စရာကောင်းလောက်အောင် ခေတ်နောက်ကျပြီး ဖွံ့ဖြိုးမှုတန့်နေသည်ကိုတွေ့ရမည်။

လုပ်ငန်းအမျိုးမျိုးတွင် လုပ်ကိုင်နေကြသော ကုမ္ပဏီများသည် မိမိတို့လုပ်ငန်းများတွင် စီမံ၊ ပြင်ပအပ်၊ ထုတ်လုပ်၊ ဖြန့်ဝေခြင်းအလုပ်များကို တိုးတက်လာစေရန်အတွက် နည်းပညာသစ်များ၊ နည်းလမ်းသစ်များကို စမ်း သပ်နေကြပြီဖြစ်သည်။ ဤတီထွင်ဆန်းသစ်မှုများကြောင့် ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဖြန့် ဝေမှုအရှိန်နှုန်းတို့ မြင့်တက်လာပြီး ယင်းတို့၏ Supply Chains များကို ပိုမိုကောင်းမွန်စေသည်။

ကြိုတင်ခန့်မှန်းခြင်းအပိုင်းတွင် ကုမ္ပဏီများသည် လွန်ခဲ့သည့်နှစ်များမှ အရောင်းကိန်းဂဏန်းများဖြင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန်ချိခြင်းတို့ကို စီမံချက်အတိုင်းလုပ်ကိုင်လာခဲ့သည်မှာ ရှည်ကြာလာခဲ့ပြီဖြစ်သည်။ ဤဟောင်းနွမ်းနေသော နည်းလမ်းက ယနေ့ခေတ် ဝယ်လိုအားပေါ်မူတည်သော စီးပွားရေးလုပ်ငန်းကို အမီလိုက်နိုင်ခြင်းမရှိတော့ပေ။ ထို့အတွက် လူမှုမီဒီယာ၏အနာဂတ်လမ်းကြောင်း၊ ဝယ်လိုအား ပြောင်းလဲမှုများမှစ၍ ကုန်ပစ္စည်းအရောင်းထွက်နှုန်း၊ ရောင်းသူအမူအကျင့်များအထိ အရာရာတိုင်းကို သုံးသပ်နိုင်ရန် ကုမ္ပဏီများသည် အသိဉာဏ်အတုခေါ် အေအိုင်အား စမ်းသပ်အသုံးပြုနေပြီဖြစ်သည်။ သူတို့၏ ရည်မှန်း ချက်မှာ ယင်းတို့၏ Supply Chain များအား အချိန်လစ်ဟင်းမှုမရှိဘဲ အချောသပ်ပြုပြင်မှုများပြုလုပ်ရန်ဖြစ်သည်။

မည်သည့်နည်းပညာများက Supply Chain အပေါ်အမြင့်ဆုံးသက်ရောက်မှုရှိပါလဲ၊ မည့်သည့်နည်းပညာများကို အသုံးပြုဖွယ်ရာရှိပါလဲဟူသောမေးခွန်းကို အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် KPMG နှင့် Supply Chain ဆော့ဖ်ဝဲကုမ္ပဏီ JDA တို့က မေလတွင် ထုတ်ဝေသော နှစ်စဉ်စစ်တမ်းသုတေသနတွင် အမှုဆောင်အရာရှိများအား မေးထားသည်။ ယမန်နှစ် စာရင်းအရ နားလည်သိရှိမှုပါသော သရုပ်ခွဲသုံးသပ်မှု (Cognitive Analytics) နှင့် ဉာဏ်တု (AI) တို့က ထိပ်ဆုံးတွင်ရှိနေသည်။ Blockchain နှင့် Drone နည်းပညာများမှာ တစ်နှစ်ထက်တစ်နှစ်အောက်သို့ ကျဆင်းလျက်ရှိသည်။

ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ မေးနေကျ ”ငါ့ပစ္စည်းဘယ်မှာလဲ” ဟူသောမေးခွန်းသည် Supply Chain မန်နေဂျာများအား ဒုက္ခပေးလေ့ရှိသည်။ ဤမေးခွန်းသည် လူအချင်းချင်းဆက်သွယ်နိုင်မှု၊ စမတ်ဖုန်းများ၊ GPS စသည့်ခေတ်တွင် အံ့အားသင့်စရာကောင်းသော်လည်း မှန်နေဆဲဖြစ်သည်ဟု Deloitte မှ အဒမ်မူဆိုမယ်လီ (Adam Mussomeli) က ပြောသည်။

Supply Chain ဆော့ဖ်ဝဲကုမ္ပဏီ E2Open မှ ပါဝမ်ဂျိုရှိ (Pawan Joshi) က အကြောင်းရင်းကို ရှင်းပြသည်။ အလုပ်များကိုပြင်ပသို့ အပ်နှံခြင်းများ များပြားလာခြင်းကြောင့် နိုင်ငံတကာကုမ္ပဏီများက ထုတ်လုပ်ခြင်းကို မလုပ်ကြတော့ (စာချုပ်ဖြင့် ထုတ်လုပ်သူများက လုပ်ကြသည်)။ ကုန်ပစ္စည်းများသိုလှောင်ခြင်းများမပြုလုပ်ကြတော့ (သိုလှောင်ရုံလုပ်ငန်းကုမ္ပဏီများက လုပ်ကြသည်)။ ထို့အတွက် ”ချက်ချင်းချရမည့် ဆုံးဖြတ်ချက်များအတွက် လုံလောက်သော အချက်အလက်များသည် ထုတ်လုပ်သူ၏ ကွန်ရက်တွင်မရှိ။ ကုမ္ပဏီများအတွင်းရှိနေသော အချက်အလက်များသည်လည်း အထူးဆော့ဖ်ဝဲများဖြင့် ဌာနအသီးသီးတွင် ခွဲခြားသိမ်းထားသည်။ ”ဤအချက်အလက်များအားလုံးကို E2Open က ချိတ်ဆက်၍ အဓိပ္ပာယ်ဖော်ရသည်ဟု ပါဝမ်ဂျိုရှိက ရှင်းပြလေသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျာမန်ကုန်ပစ္စည်းသယ်ပို့အလုပ်သမားများ သပိတ်မှောက်မှုကြောင့် သင်္ဘောဖြင့် ပို့လာသည့် IBM Mainframe ကွန်ပျူတာများ ဖရန့်ဖု (ထိ) လေဆိပ် (Frankfurt Airport) တွင် သောင်တင်နေခဲ့သည်။ ထိုကုန်ပစ္စည်းများ၏ တည်နေရာကို အတိအကျမသိရှိသဖြင့် လေဆိပ်သိုလှောင်ရုံတစ်ခုခုအတွင်း အန္တရာယ်ကင်းရှင်းစွာ ရှိလိမ့်မည်ဟု ကုမ္ပဏီကယူဆသည်။ အမှန်တကယ်က ထိုတန်ဖိုးကြီးသော ပစ္စည်းများမှာ အေးခဲနေသောလေယာဉ်ပြေးလမ်းပေါ်တွင် နှင်းမုန်တိုင်းမိပြီး တစ်လနီးပါးရှိနေခဲ့သည်။ ယင်းကုန်ပစ္စည်းများရှိသည့်နေရာကို တွေ့ရသောအခါ ယင်းတို့မှာ လုံးဝသုံးမရတော့ပေ။

နည်းပညာအခြေပြုထုတ်လုပ်မှုများ…
ထိုဖြစ်ရပ်မျိုးအား Internet of Things – IoT ခေါ် အရာရာအား ချိတ်ဆက်ခြင်းက ကူညီဖြေရှင်းနိုင်လိမ့်မည်။ အာရုံခံကိရိယာများ (Sensors) ဈေးကွက်အတွင်းရောက်ရှိလာပြီဖြစ်သည်။ Sensors များက တည်နေရာကို သိရှိစေရုံမကဘဲ ကုန်သေတ္တာများ၏ အခြေအနေနှင့် အပူချိန်၊ စိုထိုင်းဆစသည့် အချက်အလက်များကိုပါ ပေးသည်။ ဖေဖော်ဝါရီလတွင် IBM သည် IOT ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီ Sigfox နှင့်တွဲ၍ “Track and Trace” ဝန် ဆောင်မှုကို စတင်ခဲ့သည်။ ကနဦတွင် ကုန်ပစ္စည်းဖြည့် တင်းသူများမှ ပြင်သစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ Groupe PSA ၏ စက်ရုံများသို့ သွားသည့်လမ်းတစ်လျောက် ကွန်တိန်နာများ၏လမ်းကြောင်းကို လိုက်မည်ဖြစ်သည်။ သို့သော်လည်း ထိုဝန်ဆောင်မှုကို ယခုနှစ်အတွင်း ဥရောပနိုင်ငံများသို့ တိုးချဲ့မည်ဖြစ်သည်။

အထက်မှအောက်၊ အောက်မှအထက် ဒစ်ဂျစ်တယ်ဆန်းသစ်မှုများကြောင့် သင်္ဘောဖြင့် ပို့ဆောင်ရေးကို ပိုမိုကောင်းမွန်စေသည်။ စင်ကာပူနိုင်ငံသည် အလွန်ကြီးမားသော ဆိပ်ကမ်းကြီးတစ်ခုတည်ဆောက်နေသည်။ ယင်းဆိပ်ကမ်းတွင် အလိုအလျောက်ထိန်းချုပ်မောင်းနှင်သည့် ကရိန်းများ (ဝန်ချီစက်များ)၊ မောင်းသူမပါသော ယာဉ်များဖြင့် တိုးချဲ့သွားမည်ဖြစ်သည်။ ကုန်သွယ်ရေးကိုလည်း နိုင်ငံတကာအားထုတ်မှုဖြင့် ဒစ်ဂျစ်တယ်စနစ်ကူး ပြောင်းမည်ဖြစ်သည်။ ”ဘဏ်လုပ်ငန်းမှာ Swift Code သုံးသလိုပဲ ကျွန်တော်တို့လည်း အများနည်းတူဒစ်ဂျစ် တယ်စံတွေလိုပါတယ်” ဟု စင်ကာပူ၏ ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်သည့် ကြီးမားသည့် အဖွဲ့အစည်း PSA ၏ အကြီးအကဲတန်ချုန်မင် (Tan Chong Meng) ကဆိုသည်။

IBM နှင့် Maersk တို့က သင်္ဘောပို့ဆောင်ရေးလုပ်ငန်းကို စက္ကူမဲ့၊ ပွင့်လင်းမြင်သာမှုဖြစ်စေရန် Blockchain နည်းပညာကို အသုံးပြုနေသည်။ (Blockchain ဆိုသည်မှာ Bitcoin ကဲ့သို့သော ဒစ်ဂျစ်တယ်ပိုက်ဆံဖြင့် အရောင်းအဝယ်လုပ်ခြင်းများကို Digital Ledger တွင် ရေးသွင်းမှတ်တမ်းတင်ခြင်းဖြစ်သည်။) IBM နှင့် Maersk တို့၏ TradeLens ကနဦးလုပ်ဆောင်မှုသည် ဥရောပ၏ ကြီးမားသော သင်္ဘောကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် CMA CGM နှင့် MSC တို့ ပူးပေါင်းလိုက်သောအခါ များစွာအထောက် အကူရခဲ့သည်။IBM နှင့် Maersk တို့ ပူးပေါင်းထားသော လုပ်ငန်းအုပ်စုကြီး (Consortium) သည် ကမ္ဘာ့ကွန်တိန်နာဖြင့် ကုန်ပစ္စည်းသင်္ဘောတင်ပို့ခြင်းများလုပ်ငန်း၏ ထက်ဝက်ခန့်ရယူထားသည်။ သင်္ဘောပို့ဆောင်ခြင်းဖြစ်စဉ်တွင်ပါဝင်ကြသည့် တင်ပို့သူ၊ အကောက်ခွန်ကိုယ်စားလှယ်၊ စာရင်းစစ် စသည်တို့သည် သင်္ဘောပို့ဆောင်မှုများ ခရီးအစမှအဆုံးအထိ စက္ကူစာရွက်စာတမ်းများအသုံးပြု၍ လမ်းကြောင်းလိုက်စရာမလိုဘဲ Blockchain ကို အသုံးပြုလျက် သိရှိနိုင်သည်။

ကယ်လီဖိုးနီးယားကုမ္ပဏီတစ်ခုဖြစ်သည့် Flexport က တရုတ်နိုင်ငံတောင်ပိုင်းရှန်ဇန်မြို့၊ ရန်တီယန် (Yan-tian) ဆိပ်ကမ်းခရိုင်ရှိအလုပ်များသည့် သိုလှောင်ရုံတစ်ခုတွင် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း (Freight-Forwarding) အား ဒစ်ဂျစ်တယ်သို့ ပြောင်းလဲလျက်ရှိသည်။ လော်ရီကားများကုန်ပစ္စည်းတင်သည့်နေရာသို့ ရောက်သောအခါ ကုန်များအား စက္ကူပုံစံများမသုံးဘဲ၊ လက်ဖြင့် စာရင်းရေးသွင်းခြင်းမပြုလုပ်ဘဲ ဒစ်ဂျစ်တယ်နည်းဖြင့် အရွယ်အစားကိုတိုင်းတာသည်။ Pallet (ကုန်ပစ္စည်းတင်၍ ရွေ့လျား၍ရသော ပလက်ဖောင်း) တိုင်းကို Bar-Code လုပ်ပြီး ဒစ်ဂျစ်တယ်ချိန်ခွင်ပေါ်တွင် တင်၍ချိန်သည်။ ကွန်ပျူတာအမြင်ဖြင့် Analogue ပုံစံများကို ဒစ်ဂျစ်တယ်ဖြင့် ရှာနိုင်သောပုံစံသို့ ပြောင်းလဲသည်။ Machine-Learning က ကုန်တင်ခြင်းကို အကောင်းဆုံးဖြစ်စေသည်။ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံမှ SoftBank ၏ ရင်းနှီးပါဝင် မှုဒေါ်လာတစ်ဘီလီယံဖြင့်ဆိုပါက Flexport ၏တန်ဖိုးမှာ ဒေါ်လာ ၃.၂ ဘီလီယံသို့ မြင့်တက်လာသည်။

ယှဉ်ပြိုင်ဘက်များက ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ အမေရိကန်သို့ကုန်ပစ္စည်းပို့ဆောင်ပါက အပြည့်မတင်ဘဲ ၆၅ ရာခိုင်နှုန်းသာတင်ကြသည်။ သူ၏ကုမ္ပဏီသည် အထုပ်အပိုးစာရင်းများကို Machine Learning ကိုသုံး၍ ဒစ်ဂျစ်တယ်သို့ပြောင်းပြီး အချိန်မီသရုပ်ခွဲသုံးသပ်မှုပြလုပ်နိုင်သဖြင့် သင်္ဘောတွင်လပ်နေသေးသည့် သုံးပုံတစ်ပုံကို သေးငယ်သောကုန်များဖြင့် ဖြည့်နိုင်သည်။ အမျိုးမျိုး သောသင်္ဘောတင်ခြင်းများတွင် ရောင်းလိုအားနှင့် ဝယ်လိုအားကိုက်စေရန် ဦးနှောက်ဖြင့် တွေးခြင်း၊ စာရင်းဇယားများ၊ ဖုန်းခေါ် ခြင်းများဖြင့် မလုံလောက်၊ ဆုံးဖြတ်ချက်ချနိုင်ရန် နည်းပညာနှင့်လုံလောက်သော ကိန်းဂဏန်းအ ချက်အလက်များလိုအပ်သည်ဟု Flexport ၏အကြီးအကဲ Mr. Petersen က မှတ် ချက်ချသည်။
ထိုစကားကို Amazon ၏ Senior Operations Executive Dave Clark က သဘောတူသည်။ Supply Chain စီမံခန့်ခွဲမှုအလုပ်သည် ညှိနှိုင်း၊ ဝယ်ယူခြင်းအလုပ်မှ နည်းပညာနှင့် သိပ္ပံလုပ်ဆောင်မှုသို့ ပြောင်းလဲသွားပြီဟု သူကမြင်သည်။ ဤရှေ့ဆောင်လမ်းပြကုမ္ပဏီတွင် နှစ် ပေါင်း ၂၀ အလုပ်လုပ်လာခဲ့သည့် အတွေ့အကြုံကြောင့် သူသဘောပေါက်မိသည့်အချက်မှာ မန်နေဂျာများသည် မိမိတို့၏ပင်ကိုအသိကိုမှီခို၍ ကြီးမားသောပြောင်းလဲမှုကို စတင်ကြသည်ဟူ၍ဖြစ်သည်။ သိုလှောင်ရုံများတွင် စက်ရုပ်များက လူသားများကို ဖယ်ရှားသည်ထက် အနာဂတ်တွင် ကြိုတင်ခန့်မှန်းခြင်းနှင့် စီမံချက်ချခြင်းတွင် ML က လူသားများဆုံးဖြတ်ချက်ချသည့်နေရာတွင် အစားထိုးဝင်ရောက်လာလိမ့်မည်ဟု သူကမြင်သည်။ Amazon ၏ စဉ်းစားနည်းကို သပ်သပ်ယပ်ယပ် ခြုံငုံပြောလိုက်သည်မှာ ”ကျွန်တော်တို့က Supply Chain နည်းပညာကုမ္ပဏီတစ်ခုပါပဲ” ဟူ၍ဖြစ်သည်။

ခေတ်မီ၊ တိုးတက်၊ ပြောင်းလဲခြင်းများနှင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များ…
Supply Chain စီမံခန့်ခွဲမှုပေါ်လာကတည်းက နိုင်ငံတကာကုမ္ပဏီများသည် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့ရသည်။ ဆက်သွယ်မှုမရှိပြတ်တောက်နေသောဖြစ်စဉ်များကို ပြည့်စုံမှန်ကန်သော ပညာရပ်တစ်ခုအဖြစ် ပေါင်း စည်းခဲ့သည်။ အချက်အလက်များကို အသုံးပြုလျက်ပင် ကိုအသိဉာဏ်နှင့် ရင်းနှီးဆက်ဆံမှုများအပေါ် အခြေခံသည့် ဆုံးဖြတ်ချက်များကို ချသည်။ အကျိုးတရားအားဖြင့် Supply Chain များတိုတောင်းလာသည်၊ လျင်မြန်လာသည်၊ ပိုမိုကောင်းမွန်လာသည်။

သို့သော်လည်း ယင်းတို့မှာ စိတ်ချလုံခြုံမှုမရှိသေး။ ကမ္ဘာ့စီးပွားရေးသည် နိုင်ငံတကာကုမ္ပဏီကြီးများ အတွက် အန္တရာယ်များလာသဖြင့် ဤကိစ္စသည် အရေးကြီးလာသည်။ ကမ္ဘာတစ်ဝန်း Supply Chain များသည် လတ်တလောအန္တရာယ်သုံးမျိုးနှင့် ရင်ဆိုင်နေရသည်။ (၁) ဟွာဝေးပြဿနာ၊ (၂) Cyber-Security နှင့် (၃) သွင်းကုန်ခွန်စစ်ပွဲများဖြစ်ကြသည်။ မနက်ဖြန်၏အန္တရာယ် ”ရာသီဥတုပြောင်းလဲခြင်း” သည် ပို၍ဆိုးပေလိမ့်မည်။

Cyber လုံခြုံရေးခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ယခင်ကအဝေးတွင်ရှိနေသော ရန်သူသည် ယခုအခါအတွင်းသို့ ရောက်နေပြီဖြစ်ပြီ။ ယူကရိန်းနိုင်ငံရုံးတစ်ရုံးအတွင်းတွင် NotPetya ဟုသိကြသည့် ရုရှား Malware ခေါ် အဖျက်ဆော့ဖ်ဝဲအစိတ်အပိုင်းလေးတစ်ခုကြောင့် ၂၀၁၇ ခုနှစ်တွင် ဆိပ်ကမ်းပေါင်းများစွာတွင် Maersk ၏ သင်္ဘောတင်လုပ်ငန်းများရပ်ဆိုင်းသွားခဲ့ပြီး ဒေါ်လာသန်းသုံးရာဆုံးရှုံးခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် ကုန်သွယ်မှုပြုလုပ်နေသော အမေရိကန်အများပိုင်ကုမ္ပဏီများအပေါ် Cyber တိုက်ခိုက်မှုများ၏ ၆၀ ရာခိုင်နှုန်းကျော်ကျော် (၂၀၁၀ ပြည့်နှစ်ကလေးပုံတစ်ပုံထက်နည်း)သည် ကုန်ပစ္စည်းဖြည့်တင်းသူများ၊ သို့မဟုတ် ကန်ထရိုက်တာများ၏ ကွန်ပျူတာစနစ်များမှတစ်ဆင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟုကို လိုရာဒိုပြည်နယ်တက္ကသိုလ်မှ Zac Rogers နှင့် အရီဇိုး နားပြည်နယ်တက္ကသိုလ်မှ Thomas Choi တို့၏သုတေသနအရသိရသည်။

5G ကွန်ရက်များနှင့် အရာရာတိုင်းအားချိတ်ဆက်ခြင်း (Internet of Things) တို့ထွက်ပေါ်လာပါက နောက်ထပ် Cyber အရေးအခင်းဖြစ်လိမ့်ဦးမည်ဟု အကြောင်းရင်းမှာကုမ္ပဏီများသည် သူတို့၏ဒီဇိုင်းတွင် Cyber လုံ ခြုံမှုကို မထည့်သွင်းဘဲ ခေတ်မီဆန်းသစ်သောကိရိယာများကို ဖြည့်တင်းသူများမှတစ်ဆင့် ဈေးကွက်သို့ တွန်းပို့ကြမည့်အကြောင်းကြောင့်ဖြစ်သည်။

ယနေ့ခေတ် ကုမ္ပဏီအကြီးအကဲများအတွက် အကြီးမားဆုံးသောမေးခွန်းမှာ ကိုယ်ကျိုးစီးပွားကာကွယ်သည့် ဝါဒခေတ်တွင် ကုမ္ပဏီများအနေဖြင့် မိမိတို့၏ Supply Chain များအား မည်ကဲ့သို့ပြန်လည်စဉ်းစားကြမည် နည်းဟူ၍ဖြစ်သည်။ သမားရိုးကျအသိဉာဏ်ဖြင့်ဆိုလျင် ကုန်ပစ္စည်းဖြည့်တင်းသူများ (Suppliers) အား အမျိုးမျိုးစုံ လင်စွာထားရှိခြင်း၊ နောက်ထပ်ထုတ်လုပ်ရေးစက်ရုံများ ဆောက်လုပ်ခြင်း၊ ကုန်ပစ္စည်းလက်ကျန်များစွာထားရှိခြင်း စသည်တို့တွင် ဆုံးရှုံးမှုရှိပါက ပြန်လည်ထောင်မတ်လာစေရန် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ လက်တွေ့တွင် အကျိုးအမြတ်များနှင့်ယှဉ်၍ ရှုပ်ထွေးသည့် အကာအကွယ် မဟာဗျူဟာများအတွက် ကုန်ကျစရိတ်များကို အလေးအနက်ချိန်ဆစဉ်းစားရန် လိုလိမ့်မည်။

အမြန်ဆုံးလုပ်ရမည့် လုပ်ဆောင်ချက်…
နိဂုံးချုပ်အနေဖြင့်ဆိုရလျင် တစ်ချိန်က နိုင်ငံတကာကုမ္ပဏီများအတွက် ရွှေခေတ်ဟုခေါ်ရလောက်သည့် Supply Chain များသည်လည်း တစ်နေရာတည်းတွင်စုနေခြင်း (Convergence) အခြေအနေမှ ကမ္ဘာအနှံ့သို့ ပြန့်ကျဲ၊ ပြေ လျော့လာသည့် အခြေအနေသို့ ရောက်လာသည်၊ သို့မ ဟုတ် Unravel ဖြစ်လာသည်။ ထို့အတွက် ယင်းကုမ္ပဏီများက ယခင်ကရင်းနှီးမြှပ်နှံမှုဆုံးဖြတ်ချက်များ၊ ယခင်က Supply Chain များနှင့်ပတ်သက်၍ မေးခွန်းများမေးလာကြသည်။ ဤကဲ့သို့ ပြန်လည်စဉ်းစားသုံးသပ်ခြင်းက အမှုဆောင်နေရာတွင် ထမ်းဆောင်နေသူများအမြန်ဆုံးလုပ် ဆောင်မည်ဖြစ်သည်။

ရိုးရာ Supply Chains များ၏ သဘောတရားအရ ကျရောက်လာနိုင်မှုသည် သဘာဝဘေးအန္တရာယ်များ ဖြစ်ကြပြီး အင်တာနက်ပြင်ပ (Offline) အလုပ်ဖြစ်သည်။ ကုမ္ပဏီများက အလားအလာရှိသော သဘာဝဘေးအန္တရာယ်များကို မြေပုံချပြီး လုပ်ငန်းမပြတ်တောက်ရေး Business Continuity အတွက် ရင်းနှီးမြှုပ်နှံကြသည်။ လုပ်ဆောင်နိုင်မှုကို နှစ်ဆတိုးကြသည်။

သို့သော်လည်း ဤအတွေးပုံစံသည် ကုန်သွယ်ရေးစစ်များကို ဖြေရှင်းရန်မလုံလောက်။ ယနေ့စည်းကြပ် ထားသည့် သွင်းကုန်ခွန်များကို မနက်ဖြန်ဖယ်ရှားပစ်နိုင်သည်။ သို့သော် စက်ရုံများကို ချက်ချင်းဖယ်ရှား၍မရ။ ယခုအလုပ်မှာ ပထဝီနိုင်ငံရေးအခြေအနေများကို လျင်မြန်စွာ ပြန်လည်တုံ့ပြန်နိုင်ရန် Supply Chain များကို ဒီဇိုင်းပြန်ဆွဲရန်ဖြစ်သည်။ ကုမ္ပဏီများက ကုန်လက်ကျန်များလည်ပတ်မှုအရှိန်ကို မြှင့်တင်ရန်ဖြစ်သည်။ သွင်းကုန်ခွန်များကျဆင်းသွားသည့်အခြေအနေတွင် ပြည်တွင်း Sourcing ကို အားထားရမည်ဖြစ်သဖြင့် Supply Chain ကို အလိုအလျောက်အစားထိုးရာတွင် ကမ္ဘာ့ဖြည့်တင်းသူများအား ဘက်လိုက်ရွေးချယ်ခြင်းမှ ပြောင်းလဲရမည်။ ပြည်တွင်း Sources များသည် ကုန်သွယ်ရေးစစ်များအခြေအနေတွင် ကြားခံအဖြစ်ရှိနေသည်။သို့သော်လည်း တစ်နေရာတည်းတွင်စုနေခြင်းသည် စွန့်စားရသည့်အန္တရာယ်များသောကြောင့် ဉာဏ်ရှိရှိဖြင့် ရင်းနှီးမြှုပ်နှံရန် လိုသည်။

ကုမ္ပဏီများသည် Cyber အန္တရာယ်များမှ ကာကွယ်ရန်အတွက်လည်း လုပ်ဆောင်ထားရမည်။ ထိုအန္တရာယ်များသည် 5G ထွက်ပေါ်လာပါက ပိုဆိုးလာမည်ဖြစ်ကြောင်း အမေရိကန် Cyber လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် Proofpoint မှ Ryan Kalember က မှတ်ချက်ချလေသည်။ ထိုကွန်ရက်တွင် ပါဝင်ပတ်သက်နေသည့် အရောင်းသမားများသည် ဗိုင်းရပ်စ်များပါသော Code များကို ပေးပို့တတ်သည့် သမိုင်းရှိနေ၍ဖြစ်သည်။ ကြီးမားသော ကုမ္ပဏီကြီးများသည် Cyber တိုက်ခိုက်နိုင်မှုများကို သိရှိနိုင်ရန်အတွက် Supply Chain ပါတနာများနှင့် ဦးတည်ဝယ်ယူမည့် ကုမ္ပဏီများအား လုံခြုံမှုစစ်ဆေးရန် MrMadnick က အကြံပေးသည်။

Supply Chains များသည်ကုန်ကျစရိတ်များသည့် စင်တာများမဟုတ်တော့။ အတော်ဆုံးကုမ္ပဏီများသည် ပိုမိုတိုတောင်း၊ လျင်မြန်၊ ထိရောက်သော Supply Chain များအား အစွမ်းထက်သော လက်နက်များအဖြစ် ကိုင်တွယ်နေကြပြီဖြစ်သည်။ နောက်ထပ်စိန်ခေါ်မှုမှာ ယင်း တို့အားလုံခြုံစိတ်ချရအောင် လုပ်ရန်ဖြစ်သည်။ ဤစစ်မြေပြင်ထဲသို့ လက်နက်မပါဘဲ စွန့်စားပြီးဝင်ခြင်းမှာ မိုက်မဲရာကျပေလိမ့်မည်။

ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)

Ref: The Economist, Internet

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း Cover Story