ပထဝီစီးပွားရေး စစ်အေးတိုက်ပွဲ

ပထဝီနိုင်ငံရေး Geopolitics ကို ကြားဖူးသူများကြသည်။ ပထဝီစီးပွားရေး Geoeconomics ဟူသောစကားလုံးမှာမူ အသုံးနည်းသည်။ သို့သော် လက်တွေ့၌ စီးပွားရေးသည် နိုင်ငံရေး၏အခြေခံဖြစ်သဖြင့် ပထဝီစီးပွားရေးသည်လည်း ပထဝီနိုင်ငံရေးကို အခြေခံအုတ်မြစ်အဖြစ် ကျေးဇူးပြုလျက်ရှိသည်။

ရှေးရိုးပထဝီနိုင်ငံရေးတွင် ‘နှလုံးသားနယ်မြေသီအိုရီ’ သည် လူသိများသော သီအိုရီတစ်ရပ်ဖြစ်ပြီး အရှေ့ဥရောပနှင့်အာရှမြောက်ခြမ်းတို့ ပေါင်းစည်းထားသည့် ‘ယူရေးရှား’ Eurasia ဒေသ ‘ကမ္ဘာ့အချက်အချာနှလုံးသားနယ်မြေကို ပိုင်စိုးသူသည် ကမ္ဘာကိုလွှမ်းမိုးနိုင်လိမ့်မည်’ ဟူသောအယူအဆဖြစ်သည်။ ယင်းအယူအဆကို နှောင်းလူအချို့က အကြွင်းမဲ့လက်မခံဘဲ ‘နှလုံးသားနယ်မြေထက် လူနေများပြားသည့် သမုဒ္ဒရာကမ်းခြေပိုင်း နှုတ်ခမ်းသားနယ်မြေများက ပို၍အရေးပါသည်’ ဟူသော ‘နှုတ်ခမ်းသားနယ်မြေသီအိုရီ’ ကိုထပ်ဆင့်ဖော်ထုတ်ခဲ့ကြသည်။ ယင်းသီအိုရီများမှာ ယနေ့ထက်တိုင် ကမ္ဘာ့အင်အားကြီးတို့၏ မဟာဗျူဟာအားပြိုင်ပွဲတွင် အကျုံးဝင်ဆဲဖြစ်သည်ကို တွေ့နိုင်သည်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်နှစ်များမှ ၁၉၉၀ ပြည့်နှစ်များအထိ ဖြစ်ပွားခဲ့သော စစ်အေးတိုက်ပွဲတွင် အဓိကဇာတ်ဆောင်ဖြစ်သော ဆိုဗီယက်ပြည်ထောင်စုနှင့် တွဲဖက်ဇာတ်ဆောင်ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နှလုံးသားနယ်မြေရပ်ဝန်းတွင် ပါဝင်ကြပြီး၊ ယင်းတို့နှင့် ရန်ဘက်ပြိုင်ဘက်အုပ်စုဖြစ်သော အမေရိကန်နှင့် အနောက်အုပ်စုက နေတိုး၊ စင်တိုး၊ ဆီးတိုးဟူ သော စစ်အုပ်စုကြီး သုံးခုဖွဲ့စည်း၍ နှုတ်ခမ်းသားနယ်မြေမှ နှလုံးသားနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့ကာ အားပြိုင်ခဲ့သည်။ ထိုစဉ်က အားပြိုင်မှုမှာ စစ်ရေးနှင့်နိုင်ငံရေးတို့က အဓိကဖြစ်သည်။ စီးပွားရေးအပိုင်းတွင်မူ ဆိုဗီယက်အုပ်စုက ဆိုရှယ်လစ်စီးပွားရေးဖြစ်သည့်အတွက် ပြင်ပနှင့်ကုန်သွယ်မှုနည်းပါးခဲ့ပြီး ‘ကိုမီကွန်’ ဟုခေါ်သော ကွန်မြူနစ် စီးပွားရေးအုပ်စုအတွင်း၌သာ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြသဖြင့် အရှေ့နှင့်အနောက်စီးပွားရေးအုပ်စုနှစ်ခုအကြား များစွာထိပ်တိုက်တွေ့မှုမရှိခဲ့ပေ။

‘ကိုမီကွန်’ အုပ်စု၏ ဗဟိုမှထိန်းချုပ်သည့် စီးပွားရေးမူဝါဒသည် အစပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးတက်မှုကို ဖြစ်စေခဲ့သော်လည်း နောက်ပိုင်းတွင် တိုးတက်မှုကျ ဆင်းလာကာ ၁၉၉၀ ဝန်းကျင်တွင် အရှေ့အုပ်စုတစ်ခုလုံး ပြိုကွဲရမှု၏ အခြေခံအကြောင်းဖြစ်ခဲ့သည်။ ထိုကာလနောက်ပိုင်းတွင်
ကမ္ဘာ့နိုင်ငံများသည် နိုင်ငံရေးအသားပေး မူဝါဒမှစီးပွားရေးအလေးပေးမူဝါဒဘက်သို့ ဦးတည်လာခဲ့ကြသည်။

တရုတ်နိုင်ငံအနေဖြင့် ၁၉၇၈ ခုနှစ်မှစ၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် အရှိန်အဟုန်မြင့်မားစွာ တိုးတက် လာခဲ့သည်။ ဆိုဗီယက်ပြိုကွဲပြီးနောက် အဓိကဆက်ခံသည့် ရုရှားနိုင်ငံသည်လည်း ၂၀၀၀ ပြည့်လွန်နှစ်များတွင် သမ္မတပူတင်လက်ထက်၌ ရေနံလုပ်ငန်းများ ပြည်သူပိုင်ဖြစ်သွားမှုနှင့် ကမ္ဘာ့ရေနံဈေးမြင့်တက်မှုတို့ပေါင်းဆုံကာ ရေနံမှဝင်ငွေ အလုံးအရင်းရရှိလာပြီး စီးပွားရေးအရ နာလန်ပြန်ထူလာခဲ့သည်။ ဤသို့ဖြင့် နှလုံးသားနယ်မြေသည် ကမ္ဘာ့စီးပွားရေးတွင် ကြီးမားသောအင်အားစု တစ်ရပ်ဖြစ်လာခဲ့တော့သည်။ ထိုကာလအတွင်း ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကြောင့် ဥရောပနှင့်အမေရိကအပါအဝင် အနောက်အုပ်စု၏ စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့ရာ ကမ္ဘာ့စီးပွားရေးမျခြေပျက်ပြားလာခဲ့ပြီး အရှေ့ဘက်သို့အင်အားချိန်ခွင်လျာ ယိမ်းလာခဲ့သည်။

စီးပွားရေးနှင့် နိုင်ငံရေးအရ အားပြိုင်တင်းမာမှုများ…

စီးပွားရေးဦးစားပေးသည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း (အထူးသဖြင့် ၂၀၁၀ ခုနှစ် နောက်ပိုင်း) ကမ္ဘာ့မြင်ကွင်းတွင် နှလုံးသားနယ်မြေအုပ်စု၌ စီးပွားရေးအင်အားပိုမိုတောင့်တင်းသည့် တရုတ်ကအဓိကဇာတ်ဆောင်ဖြစ်လာပြီး ရုရှားကအရေးပါသော ဇာတ်ပို့ဖြစ်လာခဲ့သည်။ ရုရှားအနေဖြင့် စွမ်းအင်ရေနံကဏ္ဍ၌ အရေးပါသောဇာတ်ဆောင်ဖြစ်နေခဲ့ပြီး၊ စစ်ရေးအင်အားတွင်လည်း မဟာဗျူဟာလက်နက်နှင့် ကာကွယ်ရေးနည်းပညာ၌ တရုတ်ထက်သာလွန်နေသေးရာ တရုတ်နှင့်ရုရှားတို့၏ ပေါင်းစုစွမ်းအင်မှာ အနောက်အုပ်စုအတွက် အကြီးအကျယ်စိုးရိမ်ဖွယ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် နှလုံးသားနယ်မြေမှစွမ်းအားများ အပြင်စက်ဝန်းသို့ ဖြန့်ကြက်မလာနိုင်ရေးအတွက် ကြိုးပမ်း ပိတ်ဆို့လာခဲ့ကြသည်။

ရုရှားစစ်နယ်ဝန်းတွင် အနောက်အုပ်စု၏ လက်နက်မှာ ယူကရိန်းဖြစ်သည်။ ယူကရိန်းသည် ရုရှား၏မဟာဗျူဟာ ပင်လယ်ထွက်ပေါက်နှင့် ကုန်းလမ်းဝင်ပေါက်တွင် အထိုင်ချထားပြီး ရုရှားမှဥရောပသို့ထွက်သော ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများကိုလည်း ထိန်းချုပ်ထားနိုင်သောကြောင့် ယူကရိန်းကိုကိုင်ထားနိုင်ခြင်းသည် ရုရှား၏စစ်ရေးနှင့် စီးပွားရေးအညှာကို ကိုင်ထားနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်သမ္မတအိုဘားမားလက်ထက်တွင် ယူကရိန်း၌အနောက်လိုလားသော သမ္မတတက်လာစေရန် နိုင်ငံရေးစစ်ပွဲနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် ယင်းလုပ်ရပ်မှာ ရုရှားဝက်ဝံကြီးကို တုတ်နှင့်ထိုးဆွလိုက်သလိုဖြစ်ပြီး ရုရှားလိုလားသော ယူကရိန်းခွဲထွက်ရေးလှုပ်ရှားမှုများနှင့် စစ်ပွဲများ ပေါ်ပေါက်လာစေခဲ့သည်။ စစ်ရေးစွမ်းပကား တည်ဆောက်လာသော ရုရှား၏ ခပ်မာမာတုံ့ပြန်မှုကပင်လယ် နက်ဒေသတွင် တင်းမာမှုများ မြင့်တက်လာခဲ့ပြီး၊ အရှေ့အလယ်ပိုင်းအထိပါ ရုရှား၏ခြေတံလက်တံများ ဆန့်ထုတ်လာမှုကို တွေ့မြင်ရသည်။ ယင်းလုပ်ရပ်များကြောင့် အနောက်အုပ်စုက ရုရှားကိုစီးပွားရေးပိတ်ဆို့မှု များပြုလုပ်လာခဲ့ရာ ရုရှားကို တရုတ်ဘက်သို့ စီးပွားရေးအရ တွန်းပို့လိုက်သလိုဖြစ်ခဲ့ရသည်။

စီးပွားရေးအလျင်အမြန်တိုးတက်လာမှုကြောင့် စွမ်းအင်လိုအပ်ချက်မြင့်မားလာသော တရုတ်နှင့် အနောက် အုပ်စု၏ ပိတ်ဆို့မှုကြောင့် ရေနံနှင့်ဓာတ်ငွေ့ဈေးကွက် သစ်လိုအပ်နေသော ရုရှားတို့ အခြေအနေ၏ လိုအပ်ချက်အရ ပိုမိုပေါင်းစည်းမိကြသည်။ တရုတ်နှင့်ရုရှားတို့အကြား ဆိုက်ဘေးရီးယားနှင့်အခြားဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း သစ်သွယ်တန်းမှုများ မြှင့်တင်ဆောက်လုပ်လာခဲ့သလို ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်တို့၏ ‘ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်’ BRI (Belt and Road Initiative) အစီအစဉ်အရလည်း ကုန်းပိုင်းပိုးလမ်းမ၏ မီးရထားလမ်းနှင့် အဝေးပြေးကားလမ်းမကြီးများက နှလုံးသားနယ်မြေ၏ သွေးကြောများဖြစ်လာခဲ့သည်။

နှုတ်ခမ်းသားနယ်မြေအုပ်စုများဘက်မှ စီးပွားရေးအရ ပိတ်ဆို့ထိုးနှက်မှုများ ပြုလုပ်လာခဲ့ရာ ၂၀၁၈ ခု နှစ်မှစ၍ အမေရိကန်ကတရုတ်အပေါ် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲခဲ့ရာမှ ကမ္ဘာ့စီးပွားရေးကိုပါ တစ်နွယ်ငင်တစ်စင်ပါ ထိခိုက်လာခဲ့တော့သည်။ လက်ရှိအခြေအနေတွင် ကုန်သွယ်ရေးစစ်ပွဲကြောင့် ပို့ကုန်ပမာဏများသည့်တရုတ်က ပိုမိုအထိနာနေသော်လည်း အမေရိကန်ဘက်တွင်လည်း အထိနာလာခဲ့သဖြင့် ဤကိစ္စဖြေရှင်းရန် နှစ်ဖက်သဘောတူချက်များ စတင်ရရှိလာခဲ့သည်ကို တွေ့ရသည်။ ယခင်နိုင်ငံရေးစစ်ပွဲကာလနှင့် ခြားနားချက်မှာ နှစ်ဖက်အုပ်စုတို့ သည် ကမ္ဘာဖြန့်ကြက်ဖြစ်စဉ် (Globalization) ကြောင့် စီးပွားရေးအရ ခွဲမရအောင် တွဲဆက်လျက်ရှိရာ ထိခိုက်သက်ရောက်မှုများမှာ ရန်/ငါမကွဲ ပြားဘဲ ပိုမိုရှုပ်ထွေးလျက်ရှိသည်ကိုတွေ့ရသည်။

သုံးသပ်ချက်နှင့် ရှေ့အလားအလာ…
လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ပထဝီစီးပွားရေးစစ်အေးတိုက်ပွဲမှာ အချိန်တိုကာလအတွင်း ပြေလည်သွားမည့်အလားအလာမရှိပေ။ အမေရိကန်ဘက်မှ ကုန်သွယ်ရေးတိုက်ပွဲကို စတင်ခဲ့သည့် သမ္မတထရမ့်အနေဖြင့် နောကသက်တမ်းတွင် တာဝန်မယူရတော့လျင်ပင် အမေရိကန်၏ နှလုံးသားနယ်မြေထိန်းချုပ်ရေးမူဝါဒမှာ ပြောင်းလဲသွားဖွယ်မရှိဟု ယူဆရ၏။ အထူးသဖြင့်တရုတ်တို့က ၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် အမေရိကန်ကို စီးပွားရေးအရ ကျော်တက်မည်၊ ၂၀၅၀ ပြည့်နှစ်တွင် ဘက်ပေါင်းစုံ၌ ကမ္ဘာ့ခေါင်းဆောင်နေရာကို ရယူတော့မည်စသည်ဖြင့် ကြုံးဝါးကြေညာထားမှုများက ရာသက်ပန်ကမ္ဘာ့ခေါင်းဆောင်လုပ်လိုသော အမေရိကန်ကို ခြောက်လှန့်လျက်ရှိရာ တက်လူတရုတ်နှင့် လက်ရှိထိပ်ဆုံးမှအမေရိကန်တို့အကြား ပွတ်တိုက်မှုများက မလွှဲမရှောင်သာ ဆက်လက်ဖြစ်ပွားနေပေဦးမည်။ အလားတူပင် နိုင်ငံရေးသဘောတ ရားအရ အမျိုးသားရေးဝါဒကို မြှင့်တင်လာသော သမ္မတပူတင်၏ရုရှားနိုင်ငံသည်လည်း အနောက်အုပ်စု၏ လစ်ဘရယ်စံနှုန်းတန်ဖိုးများနှင့် ဆက်လက်ထိပ်တိုက်တွေ့ နေဖွယ်ရှိရာ ရုရှား-တရုတ် နှလုံးသားနယ်မြေဝင်ရိုးတန်းအုပ်စု၏ မဟာမိတ်ဖွဲ့မှုသည်လည်း ဆက်လက်ခိုင်မာနေ ဖွယ်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြောက်ဝင်ရိုးစွန်းဘက်ခြမ်း ရေခဲများအရည်ပျော်လာမှုကလည်း ယင်းမဟာမိတ်ဖွဲ့မှုကို အားဖြည့်ပေးနိုင်သည်။ အာတိတ်သမုဒ္ဒ ရာတွင် ရေခဲများအရည်ပျော်လာမှုကြောင့် ကုန်သွယ်ရေကြောင်းလမ်းများပေါ်ထွန်းစပြုလာပြီး တရုတ်မှရုရှားနှင့် ဥရောပသို့အာတိတ်ရေလမ်းမှ ပိုမိုလွယ်ကူလျင်မြန်စွာ ကုန်စည်များတင်ပို့နိုင်မည့် ဝင်ရိုးစွန်းပိုးလမ်းမကို တရုတ်ကစတင်ပြင်ဆင်လျက်ရှိပြီဖြစ်သည်။

ကမ္ဘာ့သတင်းနည်းပညာနှင့် လူလုပ်အသိဉာဏ် ပြိုင်ပွဲတွင်လည်း တရုတ်ကအသာစီးရလာပြီး ပဉ္စမမျိုး ဆက် 5G နည်းပညာကို ကျယ်ပြန့်စွာ စတင်သုံးစွဲလာရုံမျမက ဆဋ္ဌမမျိုးဆက် ၆G နည်းပညာသုတေသနအဖွဲ့ကိုလည်း စတင်ဖွဲ့စည်း၍ အင်တိုက်အားတိုက်လုပ်ဆောင်နေပြီဖြစ်သည်။ သို့ဖြစ်ရာ နည်းပညာပြိုင်ပွဲ၌ အနိုင်ရသူသည် ကမ္ဘာကိုစိုးမိုးနိုင်လိမ့်မည်ဟု ရုရှားသမ္မတပူတင်ပြောကြားခဲ့သည့်အတိုင်း ကမ္ဘာ့ဗိုလ်လုပွဲတွင် အမေရိကန်တို့နောက်ကောက်မကျစေရေးအတွက်ရရာနည်းလမ်းတို့ဖြင့် ကြိုးပမ်းလုပ်ကိုင်လာကြဖွယ်ရှိသည်။

ခြုံ၍သုံးသပ်ရလျင် ယခုဖြစ်ပေါ်သည့် စစ်အေးတိုက်ပွဲမှာ ရေရှည်ဖြစ်မည်။ စီးပွားရေးကို မဏ္ဍိုင်ပြုလိမ့်မည်။ နည်းပညာပြိုင်ပွဲကို အထွတ်တင်လိမ့်မည်။ နိုင်ငံရေးနှင့် သတင်းမီဒီယာ ယဉ်ကျေးမှုနယ်ပယ် အပျော့ထည့် စစ်ပွဲများက နောက်မှကျယ်ကျယ်ပြန့်ပြန့် လိုက်ပါလာမည်။ စစ်ရေးတွင် အင်အားကြီးချင်း ထိပ်တိုက်တွေ့မည်မဟုတ်ဘဲ ကိုယ်စားပြုစစ်ပွဲ Surrogate Wars ၊လက်အောက်ခံစစ်ပွဲ Proxies Wars များကို တွေ့မြင်ရနိုင်သည်။ မြန်မာအပါအဝင် နှုတ်ခမ်းသားနယ်မြေမှနိုင်ငံများမှာ ယင်း ဆင်နှစ်ကောင်ဗိုလ်လုပွဲတွင် အနင်းခံရမည့် မြေစာပင်များဖြစ်လာနိုင်ဖွယ်ရှိသဖြင့် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး စည်းလုံးညီညွတ်စွာ ကြိုးပမ်းသွားကြရန်လိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ကိုကိုလှိုင်

#Issue_January2020