ပထမဆုံး လုပ်ငန်းအစည်းအဝေးအတွက် ဆောင်ရန်၊ ရှောင်ရန် ၂၀

လုပ်ငန်းကိစ္စစကားဝိုင်းအစည်းအဝေးတွေအတွက် သတိထားစရာဆောင်ရန်ရှောင်ရန်အချက်တွေကများပါတယ်။ တချို့သိပြီးသား၊ နားလည်လိုက်နာပြီးသားဖြစ်မှာပါ။ အဲဒါကြောင့် လုပ်ငန်းခွင်စလူငယ်တွေ၊ တက်သစ်စမန်နေဂျာတွေ၊ အခုမှ အပြင်လူနဲ့ဆက်ဆံရမယ့် ဝန်ထမ်းတွေအတွက် လိုတိုရှင်းအချက် ၂၀ ကို ဖော်ပြပေးလိုက်ပါတယ်။

ဆောင်ရန်တွေက

၁။ လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံရမယ်ဆိုရင် မတွေ့ခင်အဲဒီပုဂ္ဂိုလ်အကြောင်းသိအောင် ကြိုတင်လေ့လာပါ။

၂။ အင်တာနက်ကတစ်ဆင့် သူ့ရဲ့လုပ်ငန်းအကြောင်းရော၊ ပြိုင်ဘက်ကုမ္ပဏီတွေအကြောင်းကိုရော တော်တော်များများသိထားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆထားရင်တောင် အဲဒီပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ်မှာသူပြောတာကို သေချာနားထောင်ပါ။

၃။ တွေ့ဆုံဖို့အတွက် သူ့ရဲ့ရုံးမှာ၊ ဒါမှမဟုတ် တွေ့ဖို့ချိန်းထားတဲ့နေရာရောက်တဲ့အခါ ရှက်ကြောက်စိတ်မရှိပါနဲ့။

၄။ ကိုယ့်အလုပ်ကို ကိုယ်နားလည်ကျွမ်းကျင်တယ်ဆိုရင် အတင်းကြီး ဘာမှကြိုးစားစရာမလိုပါဘူး။ ကိုယ့်အရှိအတိုင်းကိုယ်နေပါ။

၅။ Client ဖြစ်လာနိုင်တဲ့သူနဲ့စတွေ့ချိန်မှာ ကိုယ့်အကြောင်းကို မေးလာတဲ့အခါ မရှက်ကြောက်ပါနဲ့။ တိုတိုနဲ့လိုရင်းဖြေလိုက်ပါ။

၆။ တွေ့ဆုံချိန်မှာပြောမယ့်အကြောင်းအရာတွေကို တအားကြိုတင်လေ့ကျင့်မှုတွေလုပ်ဖို့မလိုပါ။ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပါ။

၇။ တစ်ချိန်လုံး Note မှတ်နေတာပဲမလုပ်ပါနဲ့၊ မျက်နှာချင်းဆိုင်တွေ့စဉ်မှာမျက်လုံးချင်းဆုံပြီးပြောတဲ့ အကြောင်းအရာတွေပေါ်မှာ ဂရုတစိုက်နားထောင်ပါ။

၈။ တကယ်လို့ Client ဖြစ်ခဲ့ရင် သူ့ဆီက သဘောတူညီချက်ရအောင်ယူရမှဖြစ်မယ်ဆိုရင် အဲဒီအတွက် ဖိအားရှိတယ်လို့ မခံစားပါနဲ့။ ရအောင် ကြိုးစားကြည့်ပါ။

၉။ တွေ့ဆုံပွဲကနေမပြန်ခင် နောက်တစ်ခေါက်တွေ့ဆုံဖို့၊ ဒါမှမဟုတ် အဆိုပြုချက် စသဖြင့်လုပ်ဆောင်ရမယ့် အရာတစ်ခုခုအပေါ် သဘောတူညီချက်ယူပါ။

၁၀။ တွေ့ဆုံပွဲတစ်ခုပြီးတိုင်းမှာ Follow up လုပ်ပါ။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အကျဉ်းချုပ်ရေးပြီးပို့ပါ။ တွေ့ဆုံပေးတဲ့အတွက် ကျေးဇူးတင်စကားပြောပါ။

ရှောင်ရန်တွေက

၁။ ပထမဆုံးတွေ့ဆုံချိန်မှာ ကိုယ့်အလုပ်၊ ကိုယ့်ကုမ္ပဏီနဲ့ အထက်လူကြီးအကြောင်း မကောင်းပြောတာတွေမလုပ်ပါနဲ့။

၂။ လစာအကြောင်းမေးတာတွေမလုပ်ပါနဲ့။ လုပ်မိရင်စပ်စုတယ်လို့ ထင်ခံရမှာပါ။

၃။ နိုင်ငံရေးနဲ့ပတ်သက်လို့ မေးမြန်းတာ၊ ဆွေးနွေးတာတွေ မလုပ်ပါနဲ့။

၄။ ဘာသာရေးဆိုင်ရာအကြောင်းအရာတွေလည်း မဆွေးနွေးသင့်ပါ။

၅။ ကိုယ်နဲ့တွေ့ဆုံတဲ့ပုဂ္ဂိုလ်က LGBT ဖြစ်တယ်လို့ သိထားရင်တောင် အဲဒီလိုလိင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မပြောသင့်ပါ။

၆။ ကာယကံရှင်က ထုတ်ဖော်မပြောမချင်း ကိုယ်ဝန်ဆောင်ထားတယ်လို့ ကိုယ်ကယူဆရင်တောင် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ ဘာမှမပြောပါနဲ့။

၇။ တစ်ဖက်လူရဲ့ ဝတ်ပုံစားပုံ၊ ကိုယ်နေဟန်ထား စသဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာမှာ ကောင်းကောင်း၊ ဆိုးဆိုးဝေဖန်ပြောဆိုတာတွေ မလုပ်သင့်ပါ။

၈။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ ကျန်းမာရေး၊ လူမှုရေးတွေအကြောင်းကို ပြောပြတာတွေမလုပ်သင့်ပါ။

၉။ စတွေ့တဲ့နေ့မှာ အဲဒီပုဂ္ဂိုလ်နဲ့ပတ်သက်လို့ ကိုယ်ကဘယ်လိုပုံပန်းဖြစ်မယ်ဆိုပြီး ထင်ထားသလိုဖြစ်မလာခဲ့ရင်တောင် အဲဒီလိုကိုယ့်ရဲ့ထင်မြင်ယူဆ ချက်တွေကိုမပြောပါနဲ့။

၁၀။ တွေ့ဆုံပွဲမှာ ကိုယ့်အကြောင်းကိုပဲ ပြောပြီးတော့ စကားဝိုင်းကိုအပိုင်မစီးထားသင့်ပါ။ တစ်ဖက်လူရဲ့စကားကို အာရုံစိုက်နားထောင်ပြီး သင့်လျော်တဲ့အချိန်မှာ မေးခွန်းမေးရပါမယ်။