နိုးနိုးကြားကြားနဲ့ အိပ်ရာထနိုင်ဖို့

အောင်မြင်တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်ဖို့ဆိုတာ အလုပ်ကြိုးစားဖို့ထက် ပိုအရေးကြီးတာက အလုပ်ကို စမတ်ကျကျ လုပ်ဆောင်နိုင်ဖို့ပဲဖြစ်တယ်။ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးသမားတိုင်းက အချိန်ဆိုတာ အကန့်အသတ်ရှိတယ်၊ တန်ဖိုးမြင့်တယ် ဆိုတာကို သိထားလေ့ရှိတယ်။ ဒါကြောင့် သူတို့ရဲ့အိပ်ချိန်ကို တတ်နိုင်သမျလျော့အောင် နေလေ့ရှိကြတယ်။ ဒါပေမဲ့သိထားသင့် တာက စမတ်ကျအလုပ်လုပ်နိုင်ဖို့အချက်များစွာရှိပေမယ့် အရေးအကြီးဆုံးက အစီအစဉ်ကြိုတင်ရေးဆွဲထားခြင်းနဲ့ သင့်တင့်တဲ့ အိပ်စက်ချိန်ထားရှိ ဖို့ကိုတော့ မမေ့ထားသင့်ပါဘူး။ ဒါကြောင့် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့ အိပ်ရာမဝင်ခင် အောက်ပါ အချက် ငါး ချက်ကိုပြုလုပ်ပါ။ ဒါဆိုရင် သင်ဟာ နောက်တစ်နေ့မနက်မှာ နိုးနိုးကြားကြားနဲ့ စွမ်းအားတွေကို အစွမ်းကုန်ညှစ်ထုတ်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

၁။ ပြက္ခဒိန်ကိုကြည့်ပါ။

ကြိုတင်ပြင်ဆင်ဖို့ပျက်ကွက်တာဟာ ကျရှုံးဖို့ပြင်ဆင်ထားသလိုပဲဆိုတဲ့ အဆိုရှိပါတယ်။ ဒီနေ့ည ပြက္ခဒိန်ကို ကြိုကြည့်ထားခြင်းဖြင့် သင်ဟာ နောက်တစ်နေ့တာကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့်အပြင် ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကိုလည်း ကြိုတင် သိမြင်လာမှာဖြစ်ပါတယ်။ နောက်တစ်နေ့အတွက် ပြင်ဆင်ပြီးသားဆိုတဲ့အသိနဲ့ သင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာဖြစ်ပြီး မနက်အိပ်ရာထစဉ်မှာလည်း အားလုံးကို လုပ်ထားပြီးသား ဆိုတဲ့အသိနဲ့ လန်းဆန်းနေမှာ ဖြစ်ပါတယ်။

၂။ အားကစားလုပ်ဖို့အတွက် အဆင်သင့်ပြင်ဆင်ထားပါ။

အားကစားရုံသွားဖို့ပဲဖြစ်ဖြစ်၊ အိမ်အနီးအနားမှာ ပြေးဖို့ပဲဖြစ်ဖြစ်၊ ခွေးလေးနဲ့ လမ်းလျောက်ထွက် ဖို့ပဲဖြစ်ဖြစ် နောက်တစ်နေ့မနက် ကိုယ်လက် လှုပ်ရှားလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ဒီညမှာ အဆင်သင့်ပြင်ထားပါ။ နောက်တစ်နေ့မနက်မှာ ပြင်ဆင်ချိန်မလိုတော့တဲ့အတွက် အချိန်မရှိလို့ အားကစားမလုပ်ရဘူးဆိုတဲ့နေ့တွေကို လျော့ချ နိုင်မှာဖြစ်ပါတယ်။ အားကစားလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ချိန်ဟာ မိနစ် အနည်းငယ်သာရှိပါတယ်။ ဒီလိုခဏတာ အ ချိန်လေးပေးလိုက်ပြီး မပျက်ကွက်တဲ့ နေ့စဉ်အားကစားပြုလုပ်နိုင်တဲ့အခွင့်အရေးကို ရယူနိုင် တယ်ဆိုတာ သိသင့်ပါတယ်။ ကိုယ့်ကျန်းမာရေး ကို ဂရုစိုက်ပြီးနေထိုင်တာဟာလည်း စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ရဲ့ နေထိုင်မှုပုံစံမှာရှိ သင့်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပါပဲ။

၃။ ဖုန်းပိတ်ပါ။

အိပ်စက်ခြင်းဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ဘဝမှာ ကျန်းမာစွာနေနိုင်ဖို့အတွက် အင်မတန် အရေးကြီးတဲ့အပိုင်း ဖြစ်ပါတယ်။ ပြက္ခဒိန်ကိုကြည့်ပြီးတဲ့နောက် သင်ဟာ နောက်တစ်နေ့ ဘာလုပ်ရမလဲဆိုတာ သိပြီးနေပြီဖြစ်တဲ့အတွက် သင့်ရဲ့ မျက်လုံးလှုပ်ရှား မှုနှုန်း (Rapid Eyes Movement – REM) ကို အနှောင့်အယှက်ဖြစ်စေ မယ့် ဖုန်းရဲ့ Vibration သံတွေ၊ တီတီတောင်တောင် မြည်သံတွေစတဲ့ အသံတွေမဖြစ်စေဖို့ ဖုန်းကို Silent လုပ်ထားသင့်ပါတယ်။ သိထားသင့် တာက သင့်ရဲ့ REM စနစ်အနှောင့်အယှက်ခံရပြီဆိုရင် နောက်တစ်နေ့မှာ သင်ဟာ မောပန်းမှုတွေနဲ့ နှေးကွေးလေးလံနေမှာ သေချာပါတယ်။ အမြင့်မားဆုံးစွမ်းအင်တွေနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် သင့်ရဲ့အိပ်စက်မှုကို နှောင့်ယှက်စေမယ့်အရာမှန်သမျကို လျော့ချဖို့ ပြုလုပ်ပါ။ Email တွေ၊ Text Message တွေဟာ နောက်တစ်နေ့ထိ စောင့်နိုင်ကြပါတယ်။ ဒါ ကြောင့် ဖုန်းကိုပိတ်၊ ဒါမှမဟုတ် ဖုန်းကို Silent လုပ်ပြီး အိပ်ရေး၀ အောင်အိပ်ပါ။

၄။ နေ့စဉ်မှတ်တမ်းရေးပါ။

Diary သဘောမျိုးတော့ မဟုတ်ပါဘူး။ နေ့စဉ်မှတ်တမ်းထား ရှိတယ်ဆိုတာ ကိုယ့်ရဲ့တစ်နေ့တာကို ပိုပြီးအစီအစဉ်တကျ ဖြစ်သွားစေပြီး ကိုယ့်ရဲ့အတွေးအမြင်တွေကို ပိုပြီး အဓိပ္ပာယ် ရှိလာစေတယ်။ ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းလေးကို အိပ်ရာနား မှာထား၊ ပြီးတော့တစ်နေ့တာရဲ့အောင်မြင်မှု၊ တစ်နေ့တာအတွင်းကျေနပ်မှုတွေကိုပြန်ရေးဖို့ အချိန်အနည်းငယ်ယူ လိုက်ပါ။ ပျင်းစရာကြီးလို့တော့မထင်ပါနဲ့။ ညစဉ်ညတိုင်း စိတ်တည်ငြိမ်အောင်လုပ်တဲ့သဘောမျိုး နှစ်မိနစ်လောက် အချိန်ယူပြီး တစ်နေ့တာတွေ့မြင်ခဲ့တဲ့ မှတ်မှတ်ရရ ဖြစ်နေတဲ့ အကြောင်းအရာတွေ၊ မသိစိတ်နဲ့သိစိတ်တွင်းမှာဖြစ်လာတဲ့အတွေးတွေကို ချရေးတာလို့သဘောထားပါ။ ကိုယ့်ကိုတံခါး ဖွင့်ပေးတာ၊ စကားလက်ဆုံကျတာ စတဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေကို ပြန်ပြီး Appreciate လုပ်တာကလည်း ကျန်းမာစွာနေထိုင်ဖို့အတွက် နည်းလမ်းကောင်းပါပဲ။

၅။ တကယ့်စာအုပ်ကိုဖတ်ပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ ကောင်းစွာအိပ်စက်နိုင်စေဖို့ တကယ်ကောင်းတဲ့စာအုပ်ကို ဖတ်ပါ။ ဘယ်စာအုပ်က ကောင်းတယ်မကောင်းဘူးဆိုတာ သင်ကိုယ်တိုင် ဆုံးဖြတ်နိုင် တာဖြစ်ပြီး အိပ်ရာမဝင်ခင်စာအုပ်ဖတ်တာဟာ အိပ်စက်ခြင်း ကို ရောက်ရှိစေမယ့် အကောင်းဆုံးလမ်းဖြစ်တယ်ဆိုတာကို သိထားသင့်တယ်။ စာအုပ်ဖတ်နေတာဟာ စူးရှတဲ့မီးရောင်၊ လျပ်စစ်ပစ္စည်း စတာတွေနဲ့ ထိတွေ့မှုမရှိတဲ့အတွက် ခန္ဓာကိုယ်ကို အိပ်စက်ခြင်းဆီ အလွယ်တကူ ကူးစက်စေမှာဖြစ်ပါတယ်။

ဟန်သက်ဝါ