နိုင်ငံတကာကုမ္ပဏီတွေအောင်မြင်ဖို့ တရုတ်ဈေးကွက်ကို ဘာကြောင့်နားလည်ဖို့ လိုအပ်တာလဲ

တရုတ်နိုင်ငံစီးပွားရေးဈေးကွက်နဲ့ပတ်သက်တဲ့အသိပညာဟာ နိုင်ငံတကာကုမ္ပဏီတွေရဲ့အောင်မြင်မှုမှာ ဘာကြောင့်ပဓာနကျနေသလဲ။

– တက်လာနေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာသူ့ရဲ့ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းနဲ့ ဒေသတွင်စီးပွားရေးဖွံ့ဖြိုးမှုအကြောင်း ပြောဆိုဆွေးနွေးမှုကိုဦးဆောင်နေပါတယ်။

– စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ ကမ္ဘာပေါ်ကထိပ်တန်းအမှုဆောင်တွေဟာ တရုတ်တွေရဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပုံ ဓလေ့ထုံးစံတွေကို အသေးစိတ်နားလည်မှုဆီက အကျိုးကျေးဇူးခံစားရဖို့ မျှော်လင့်နေကြပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကြီးအနေနဲ့ တရုတ်နိုင်ငံကို ဒီရာစုနှစ်ထဲမှာ ကမ္ဘာ့စီးပွားရေးကိုမောင်းနှင်ပေးမယ့် အင်အားတစ်ခုဖြစ်ဖို့မျှော်လင့်နေကြပါတယ်။ ဈေးကွက်တစ်ခုအနေနဲ့ သူ့ရဲ့အလားအလာဟာကမ္ဘာတစ်ဝန်းလုံးက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ပထမကိုးလအတွင်းမှာ တရုတ်နိုင်ငံမှာ နိုင်ငံခြားကတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာပြီးခဲ့တဲ့နှစ်ကထက် ၂. ၉ ရာခိုင်နှုန်းတိုးပြီး အမေရိကန်ဒေါ်လာ ၁၀ဝ.၇၈ ဘီလီယံကျော်သွားတယ်လို့ တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအင်းတွေက ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေးဈေးကွက်က နိုင်ငံတကာကကုမ္ပဏီတွေကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ အဲဒီနိုင်ငံတကာကကုမ္ပဏီတွေထဲမှာ Apple နဲ့ Microsoft နည်းပညာကုမ္ပဏီကြီးတွေလို နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေကစပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းသစ်တွေအထိပါဝင်ပါတယ်။

အခုအချိန်မှာ ၁.၄ ဘီလီယံရှိတဲ့တရုတ်နိုင်ငံရဲ့များပြားလှတဲ့လူဦးရေဟာ ဧရာမစီးပွာရေးလုပ်ငန်းဈေးကွက်ကြီးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ နိုင်ငံရဲ့အလျင်အမြန်မြင့်တက်နေတဲ့ အလယ်အလတ်ဝင်ငွေရှိသူတွေရဲ့လူဦးရေကလည်း ဇိမ်ခံပစ္စည်းသုံးစွဲမှု၊ အွန်လိုင်းရောင်းဝယ်ရေးနဲ့ ကားပိုင်ဆိုင်မှုအတွက်စားသုံးသူတွေရဲ့မြင့်မားတဲ့ဝယ်လိုအားကို ပေါ်ထွက်လာစေခဲ့တယ်လို့ ယူကေနိုင်ငံကုန်သွယ်ရေးကွန်ရက်ဖြစ်တဲ့ တရုတ်ဗြိတိန်စီးပွားရေးလုပ်ငန်းကောင်စီရဲ့လေ့လာမှုတစ်ခုကပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ နိုင်ငံခြားကုမ္ပဏီပေါင်း ၉၆၀,ဝဝဝ ကျော်မှတ်ပုံတင်ခဲ့ကြတယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးဆန်းစစ်လေ့လာမှုတစ်ခုကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အထူးခြားဆုံးအနေနဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ရပ်ဝန်းနဲ့ပိုးလမ်းစီမံကိန်း (BRI) ကတစ်ဆင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုနဲ့ပတ်သက်တဲ့ ပြောဆိုဆွေးနွေးမှုမှာလည်း ဦးဆောင်ခဲ့ပါတယ်။ အဲဒီစီမံကိန်းဟာ အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံပေါင်း တစ်ရာကျော်ပါဝင်ပတ်သက်နေတဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ မိတ်ဖက်ကုန်သွယ်မှုလုပ်ငန်းတွေကို ပိုပြီး ကြီးမားအောင်လုပ်ဖို့ရည်ရွယ်ထားတဲ့ ရည်မှန်းချက်ကြီးမားတဲ့ ဖွံ့ဖြိုးရေးနဲ့အခြေခံအဆောက်အအုံစီမံကိန်းကြီးဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးဟာ ၂၀၁၄ ခုနှစ်မှာ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အဲဒီဘဏ်ဟာအင်ဒိုပစိဖိတ်ဒေသတွင်းက အခြေခံအဆောက်အအုံစီမံကိန်းတွေအတွက် ရန်ပုံငွေတွေကိုပေးအပ်ခဲ့ပါတယ်။ ပေကျင်းမြို့မှာအခြေစိုက်တဲ့ ဒီဘဏ်ဟာ စတင်မတည်ရင်းနှီးငွေအမေရိကန်ဒေါ်လာဘီလီယံ တစ်ရာရှိပြီး ရန်ပုံငွေအများစုကို တရုတ်နိုင်ငံကထုတ်ပေးပါတယ်။

တရုတ်နိုင်ငံ၏ဦးဆောင်မှုနောက်သို့လိုက်ခြင်း

ပို့ကုန်ကိုဇောင်းပေးတဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာတွေကို လက်ခံကျင့်သုံးမှုအပေါ်မှာအခြေခံပြီး လျင်မြန်တဲ့စီးပွားရေးတိုးတက်မှုကိုတွေ့ကြုံခဲ့တဲ့အာရှပစိတ်ဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့တိုးတက်မှုဟာ အမြန်နှုန်းနဲ့အတိုင်းအတာမှာ ထူးချွန်ပြောင်မြောက်နေတယ်လို့ “တရုတ်နိုင်ငံစီးပွားရေးအသွင်ပြောင်းလဲမှုနှင့် အာရှပစိဖိတ်ဒေသအပေါ် သက်ရောက်မှုများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့နှစ်က အာရှတိုက်အတွက် ကမ္ဘာ့ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကော်မရှင်ကထုတ်ဝေခဲ့တဲ့ အစီရင်ခံစာတစ်စောင်က ပြောထားပါတယ်။

ဒါပေမဲ့ အဲဒီထက်ပိုပြီးအရေးကြီးတာက တရုတ်နိုင်ငံဟာပို့ကုန်နဲ့ရင်းနှီးမြှုပ်နှံမှုကဦးဆောင်တဲ့ တိုးတက်မှုဆီက စားသုံးမှုနဲ့ဆန်းသစ်တီထွင်မှုကဦးဆောင်တဲ့ တိုးတက်မှုဆီကို အောင်မြင်စွာပြောင်းရွှေ့သွားနိုင်ခဲ့ပြီး သူ့ရဲ့စီးပွားရေးကို ဝန်ဆောင်မှုကိုဇောင်းပေးတဲ့၊ ထပ်ဆင့်တန်ဖိုးအများကြီးတိုးထားတဲ့ လုပ်ငန်းတွေအပေါ်မှာပိုပြီး ဇောင်းပေးဖို့အတွက် ဦးတည်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Malaya တက္ကသိုလ်ကပညာရှင်သုံးဦးဖြစ်တဲ့ Kee Cheok Cheong ၊ Chan YuanWong နဲ့ Kim Leng Goh တို့က ” ၁၉၇၈ ခုနှစ်ကစခဲ့တဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုကအံ့ဩစရာကောင်းသလောက်” သူ့ရဲ့နည်းပညာတိုးတက်မှုဟာလည်း ထပ်တူအံ့ဩစရာကောင်းခဲ့တယ်လို့ “တရုတ်နိုင်ငံထံမှ အရှေ့တောင်အာရှကသင်ယူနိုင်သောအရာများ၊ သို့မဟုတ် တရုတ်လူမျိုးတို့၏စရိုက်လက္ခဏာများကို အမီလိုက်နေသောနည်းပညာ” ဆိုတဲ့ သူတို့ရဲ့ဆောင်းပါးထဲမှာဖော်ပြခဲ့ကြပါတယ်။ အဲဒီဆောင်းပါးကို The Round Table ဆိုတဲ့ ‘အပြည်ပြည်ဆိုင်ရာရေးရာများ၏ ဒနသဟာယဂျာနယ်ထဲမှာ ပထမဆုံးထည့်သွင်းဖော်ပြထုတ်ဝေခဲ့ပါတယ်။

တရုတ်နိုင်ငံကအသုံးပြုခဲ့တဲ့ ပြိုင်ဘက်ကင်းတဲ့ မဟာဗျူဟာတွေကို အဲဒီပညာရှင်သုံးဦးက မီးမောင်းထိုးပြခဲ့ပါတယ်။ အဲဒီမဟာဗျူဟာတွေဟာ ပြည်ပကုမ္ပဏီတွေ၊ ပူးပေါင်းကုမ္ပဏီတွေ၊ ဝယ်ယူသိမ်းသွင်းထားတဲ့ကုမ္ပဏီတွေ၊ ပုဂ္ဂလိက၊ ပညာရေးနဲ့ ပြည်သူပိုင်ကဏ္ဍတွေကို နီးနီးကပ်ကပ်ပူးပေါင်းလုပ်ကိုင်မှုတွေနဲ့ မဟာမိတ်အဖြစ်ပူးပေါင်းထားပါတယ်။ နိုင်ငံတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် အခြေအနေတွေရှိပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့လျင်မြန်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီက အဖိုးတန်တဲ့ထိုးထွင်းအမြင်တော်တော်များများကို ရရှိနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ ထိပ်တန်းအမှုဆောင်တွေဟာတရုတ်တွေရဲ့စီးပွားရေးလုပ်ကိုင်ပုံဓလေ့ထုံးတမ်းတွေကိုနားလည်ပြီး နိုင်ငံအတွင်းမှာကောင်းမွန်တဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခုကိုတည်ထောင်ပြီး အသိပညာကွာဟမှုကိုကျဉ်းမြောင်းအောင်လုပ်ဖို့ မျှော်လင့်နေကြပါတယ်။

ဈေးကွက်ထဲကို ဝင်ရောက်တဲ့မဟာဗျူဟာတွေနဲ့ပတ်သက်တဲ့ ပညာတွေကိုရရှိဖို့ Tsinghua က္ကသိုလ်ရဲ့ 2019 BRI EMBA အစီအစဉ်ထဲကိုသူဝင်ရောက်ခဲ့ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Halodoc ကုမ္ပဏီရဲ့ CEO ဖြစ်သူ Budi Jonathan Sudharta ကပြောပါတယ်။

“တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေဆီကတိုက်ရိုက်သင်ယူဖို့ ကျွန်တော့်အတွက်အရေးကြီးပါတယ်” လို့သူကပြောပြီးကုမ္ပဏီတွေအနေနဲ့လုပ်ငန်းချဲ့ထွင်ချင်တဲ့အခါ သူတို့ရဲ့အစီအစဉ်တွေကိုဘယ်လိုဖော်ထုတ်ရမယ်ဆိုတာနဲ့ပတ်သက်တဲ့ အဖိုးတန် တဲ့သင်ခန်းစာတွေကို အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေကပေးနိုင်ပါတယ်လို့ သူကထပ်ပြီးပြောပါတယ်။

Sudhartaဟာ ၂၀၁၉ ခုနှစ်မှာ ဘွဲ့လွန်သင်တန်းကိုတက်ခဲ့တဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးထဲကတစ်ယောက်ဖြစ်ပြီး အဲဒီသင်တန်းမှာ BRI ရဲ့တိုးတက်ဖွံ့ဖြိုးရေးမှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍအပါအဝင်တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်စီးပွားရေးလုပ်ငန်းဆိုင်ရာထိုးထွင်းအမြင်တွေကိုပေးတဲ့ ပို့ချမှုတွေ၊ ဆွေးနွေးပွဲတွေနဲ့ကုမ္ပဏီတွေကို သွားရောက်မှုတွေပါဝင်ပါတယ်။

တရုတ်ပြည်မကြီးက သက်တမ်းအရင့်ဆုံးနဲ့ အလေးစားအခံရဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Tsinghua တက္ကသိုလ်ရဲ့ BRI EMBA အစီအစဉ်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်အသစ်တွေကစပြီး နိုင်ငံတကာက စီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေအထိပါဝင်တဲ့ ထူးချွန်ပြောင်မြောက်တဲ့သင်တန်းသားတွေကိုဆွဲဆောင်ခဲ့တာ နှစ်တွေကြာခဲ့ပြီဖြစ်ပါတယ်။ ပုံမှန်သင်တန်းတစ်ခုဟာ နှစ်နှစ်ကသုံးနှစ်အထိကြာလေ့ရှိပါတယ်။

အင်ဒိုနီးရှားထောက်ပံ့ပို့ဆောင်ရေးနဲ့ပစ္စည်းပေး ပို့ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ J&T Express ရဲ့ CEO ဖြစ်သူ Robin Lo ကဘဏ္ဍာရေးဆိုင်ရာပညာကိုကျွမ်းကျင်ချင်ပြီး သူ့ရဲ့လုပ်ငန်းကို တိုးချဲ့ချင်တဲ့အတွက် သူဒီသင်တန်းကိုတက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ “ကျွန်တော့်ရဲ့လုပ်ငန်းက ထောက်ပံ့ပို့ဆောင်ရေးကိုဇောင်းပေးထားပြီး တရုတ်နိုင်ငံဟာကျွန်တော်တို့အတွက်စံနမူနာပုံစံဖြစ်တယ်လို့မြင်ပါတယ်” လို့သူကပြောပြီး အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးလုပ်ငန်းအယူအဆတွေနဲ့ Hardware ပစ္စည်းတွေအတွက် တရုတ်နိုင်ငံကိုမကြာခဏအားကိုးနေရတယ်လို့ သူကဖြည့်စွက်ပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာပို့ကုန်တင်ပို့နေတဲ့အဓိက နိုင်ငံတစ်ခုဖြစ်တဲ့အပြင် အွန်လိုင်းရောင်းဝယ်ရေးမှာလည်း ကမ္ဘာ့ထိပ်တန်း င်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အရောင်းပမာဏတွေက နောက်ထပ်ကမ္ဘာ့အကြီးဆုံးဈေးကွက် ၁၀ ခုရဲ့ စုစုပေါင်းအရောင်းပမာဏကို ကျော်သွားတဲ့အတွက် နိုင်ငံထဲကအွန်လိုင်းလက်လီအရောင်းတွေကို ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံအထိတက်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီခန့်မှန်းချက်က တရုတ်နိုင်ငံဟာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းရဲ့ ဗဟိုချက်အဖြစ်တယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ Mc Kinsey ရဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

“စီးပွားရေးလုပ်ငန်းမှာဘဏ္ဍာရေးဟာအဓိကကျတဲ့ ကျွမ်းကျင်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့အမှန်တကယ်မကြီးထွားခင်မှာ အဲဒီကျွမ်းကျင်မှုကို ပိုင်နိုင်ထားသင့်တယ်။ အဲဒါကြောင့် တရုတ်နိုင်ငံကိုလာပြီး တရုတ်နိုင်ငံအကြောင်းထပ်ပြီးလေ့လာဖို့ ကျွန်တော့်အတွက် တော်တော်အရေးကြီးတယ်လို့ ထင်ပါတယ်”လို့ Lo က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းစိတ်ကူးသစ်တွေရဲ့ အရင်းအမြစ်တစ်ခုအဖြစ် တရုတ်နိုင်ငံကိုမကြာခဏအသုံးပြုရတယ်လို့ Lo ပြောခဲ့တာကို မလေးရှားနိုင်ငံအခြေစိုက် Fave အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းကို တည်ထောင်သူ Joel Neoh က သဘောတူပါတယ်။

“လုပ်ငန်းအမျိုးမျိုးမှာ နည်းပညာကိုအသုံးပြုနိုင်မယ့်နည်းလမ်းအမျိုးမျိုးကိုကြည့်ဖို့အတွက် တရုတ်နိုင်ငံကို ကျွန်တော်အမြဲမျှော်ကြည့်ပါတယ်” လို့ သူကပြောပါတယ်။ တရုတ်နဲ့အရှေ့တောင်အာရှက စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပုံနည်းလမ်းတွေမှာ ဆင်တူတာတွေအများကြီးရှိ တယ်လို့လည်း သူကထပ်ပြောပါတယ်။ သူမလေးရှားနိုင်ငံကိုပြန်ရောက်တဲ့အခါ နည်းပညာကွာဟမှုကိုဖြည့်ဆည်းဖို့ သင်တန်းတုန်းကသူ့ရဲ့အတန်းဖော်တွေနဲ့အဖွဲ့ဖွဲ့ပြီး သူတို့ဆီကပြန်သင်ယူဖို့မျှော်လင့်ပါတယ်လို့ Neoh ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံစက်မှုလုပ်ငန်းသုံးဓတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ PT Aneka Gas Industri ရဲ့ President ဖြစ်သူ Rachmat Harsono ကတော့ ဒီသင်တန်းကို သူတက်ခဲ့တာဟာ တက္ကသိုလ်ရဲ့ထိပ်တန်းကျတဲ့အဆင့်အတန်းကြောင့်ဖြစ်သလို BRI ကပေးတဲ့ အခွင့်အလမ်းသစ်တွေကို စူးစမ်းလေ့လာချင်လို့လည်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံက ငွေကြေးနဲ့ဘဏ္ဍာရေးမူဝါဒတွေရဲ့အမြင်အသစ်တွေကိုရမယ်လို့ မျှော်လင့်ထားတယ်လို့ အမေရိကန်နိုင်ငံမှာဘဏ္ဍာရေးပညာကိုသင်ယူခဲ့တဲ့ Harsono က ဆိုပါတယ်။ ။

ဇော်ဝင်းကြူ(ပျဉ်းမနား)