နားထောင်ကြပါ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ မန်နေဂျာဖြစ်လာပြီတာဝန်ကြီးလာပြီဆိုရင် များများပြောရမယ်လို့ယုံထားကြတယ်။ တကယ်လည်း ဆိုင်တာရောမဆိုင်တာရော၊ သိတာရော မသိတာရော၊ နားလည်တာရော နားမလည်တာရော၊ အားရပါးရပြောကြတယ်။ အများစုကသမိုင်းနဲ့ချီပြီး ကိုယ်ရည်သွေးလိုက်တယ်။ အချိန်လည်းကုန်၊ အကျိုးလည်းမရှိတော့ တစ်ခါတလေဘာကြောင့်ပြောမှန်းပြောတဲ့ သူလည်းသိပုံမရသလို နားထောင်ရမယ်ဆိုတဲ့သူတွေလည်း ဘာမှန်းမသိ အူကြောင်ကြောင်နဲ့ပြီးသွားတတ်ပါတယ်။

တကယ်ဆိုတော့ ရာထူးကြီးလာလေ တာဝန်ကြီးလာလေများများပြောဖို့ဆိုတာထက် များများဂရုတစိုက် နားထောင်တတ်ဖို့လိုအပ်တာပါ။ ဝန်ထမ်းခြောက်သောင်းကျော်ရှိတဲ့ Zurich Financial Service ရဲ့ CEO James J. Schiro က အင်တာဗျူးတစ်ခုမှာ သူ့လုပ်သက်တစ်လျောက်လုံးမှာ အရေးကြီးဆုံးခေါင်းဆောင်မှု အရည်အချင်းတစ်ခုကတော့ ‘နားထောင်တတ်ခြင်း’ (Ability to Listen) ဖြစ်တယ်လို့ဆိုပါတယ်။

Harvard စီးပွားရေးအစီရင်ခံစာ ၂၀၁၁ အရ နားထောင်ခြင်းနဲ့ စကားပြောခြင်းအချိုးဟာ အထူးသဖြင့် ဖောက်သည်တွေနဲ့ဆိုရင် ၁၀ : ၁ ရှိရမယ်ဆိုပါတယ်။ ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ရင်တော့ စကားပြောတာ ၃၀ ရာခိုင်နှုန်းနဲ့ နားထောင်တာ ၄၅ ရာခိုင်နှုန်းရှိသင့်တယ်ဆိုပါတယ်။

ကျွန်တော်တို့အားလုံးက နားထောင်တယ်ဆိုတာ လွယ်တယ်လို့ ပေါ့ပေါ့လေးသဘောထားတတ်ကြတယ်။ တကယ်ဆိုတော့ နားထောင်တာ (Listen) နဲ့ ကြားတယ် (Hear)ဆိုတာ မကွဲပြားကြပါဘူး။ အများစုကနားထောင်တယ်ဆိုတာထက် ပြန်ပြောဖို့အဓိကထားတော့မေးတာနဲ့ပြောတာ၊ ကြားတာနဲ့ဖြေတာတလွဲစီဖြစ်လို့ ပြဿနာတွေ ပိုရှုပ်ထွေးတာမနည်းပါဘူး။ ကြားတယ်ဆိုတာ အသံကြားတာပဲဖြစ်ပြီး နားထောင်တယ်ဆိုတာ အာရုံစူးစိုက်ပြီးနားနဲ့နားထောင်တာဖြစ်ပါတယ်။ နားထောင်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်ဖို့လိုအပ်ပါတယ်။

နားထောင်ခြင်းရဲ့အကျိုးကျေးဇူးများ

ဥပမာ-ကိုယ့်ရဲ့မန်နေဂျာကကိုယ်ပြောတာကို ဂရုတစိုက်နားထောင်ရင် အဓိပ္ပာယ်က ‘ကိုယ့်ကို ဂရုစိုက်တယ်၊ လက်ခံတယ်၊ အရေးပါတဲ့သူလို့ သတ်မှတ်ခံရတယ်။ အဲဒီလိုမန်နေဂျာနဲ့ အလုပ်တွဲလုပ်ချင်တယ်”ဖြစ်ပါတယ်။
တကယ်တော့ ကိုယ်က ဂရုတစိုက်နားထောင်တတ်တယ်ဆိုရင် …

၁။ အသစ်အသစ်သောစိန်ခေါ်မှုတွေကို လက်ခံတယ်။ အဲဒါဟာ အတွေးအခေါ်သစ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတယ်။

၂။ ဂရုတစိုက်နားထောင်တော့ ပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူဖြေရှင်းနိုင်တယ်၊

၃။ သေသေချာချာနားထောင်တော့ အခြေအနေတွေကို ပိုနားလည်လာပြီး အလောသုံးဆယ်ဝေဖန်သုံးသပ်တာမျိုး မလိုလားအပ်တဲ့ အလျင်အမြန်ကောက်ချက်ချတာမျိုးကို သတိထားမိတယ်၊

၄။ နားထောင်တော့ တစ်ဦးနဲ့တစ်ဦးဆက်နွှယ်မှု ဆက် သွယ်မှုဖြစ်စေပြီး ဘုံရည်ရွယ်ချက်အတွက် အတူလုပ်ကိုင်ဖို့လွယ်ကူစေတယ်တို့ဖြစ်ပါတယ်။

နားထောင်တယ်ဆိုတာ အကျိုးကျေးဇူးတွေရှိ တယ်ဆိုရင် ကိုယ့်စကားနားထောင်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ လေ့လာဆန်းစစ်ကြည့်ချက်အရ ကြားတဲ့စကားလုံးအရေအတွက်ဟာ (ဥပမာ- တစ်မိနစ်မှာ အင်္ဂလိပ်စကားလုံး ၁၂၅-၁၇၅ လုံးပြောကြပေမယ့် နားထောင်ရင် တစ်မိနစ်မှာ စကားလုံး ၄၅၀ ထိကြားတယ်ဆိုတော့) ပြောတဲ့စကားလုံးထက်များတော့ ယေဘုယျမှာ သတိမမူဖြစ်တတ်ပါတယ်။ အဲဒါကြောင့် နားထောင်တတ်ဖို့ ‘အချိန်’ နဲ့ ‘အာရုံစူးစိုက်မှု’ ဟာ အရေးကြီးလှပါတယ်။

နားထောင်တတ်သူတစ်ယောက်ရဲ့ အရည်အချင်းတွေကိုကြည့်ရင် …

၁။ ကိုယ်နဲ့စကားပြောနေသူရဲ့ မျက်လုံးကိုကြည့်နေတတ်ပါတယ်။

၂။ ကိုယ်ဟန်အနေအထားစိတ်ဝင်စားတဲ့ပုံစံရှိနေတယ်။

၃။ မလိုလားတဲ့အာရုံပျက်စေတဲ့ကိစ္စတွေမှန်သမျ ဖယ်ရှားထားတတ်ပါတယ်။

၄။ စာနဲ့မှတ်သားတဲ့အပြင် စိတ်နဲ့ပါမှတ်ထားပါတယ်။

၅။ မကြာမကြာ ခေါင်းညိတ်တတ်ပါတယ်။

၆။ မကြာမကြာစကားပြောသူကို လမ်းကြောင်းပေးတာနဲ့ ‘နောက်ဘာဖြစ်လဲ’ဆိုပြီး စပြောတတ်ပါတယ်။

၇။ စိတ်ရှည်စွာနားထောင်ပြီး ကောက်ချက်ချတာမျိုး ဝေဖန်တာမျိုးမလုပ်တတ်ပါဘူး။

၈။ စကားပြောတဲ့သူကို အဆုံးထိပေးပြောတတ်ပါတယ်။

အဲဒါတွေ ကိုယ့်မှာရှိရင် ကိုယ်ကနားထောင်တဲ့ လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ နားထောင်တာကို လေ့ကျင့်ချင်တယ်ဆိုရင်တော့ …

(က) ကြက်တူရွေးနှုတ်တိုက်တဲ့နည်း – တစ်နည်းအားဖြင့်တော့ မှန်ကြည့်ပြီးကျင့်တာမျိုးပါ။

(ခ) စကားပြေဖြင့်ပြောဆိုခြင်း – တစ်နည်းအားဖြင့် ကိုယ်ကြားထားတဲ့အရာကို ကိုယ်နားလည်သလို အဓိပ္ပာယ်ကောက်ယူခြင်းဖြစ်ပါတယ်။ ဥပမာ- တစ်စုံတစ်ယောက်ကပြောတဲ့စကားပိုဒ်တစ်ခုလုံးရဲ့ အနှစ်ချုပ်ကို ကိုယ်နားလည်သလို အဓိပ္ပာယ်ဖွင့်ဆိုခြင်းပါ။

(ဂ) အတိုချုပ်အကျဉ်းချုပ်ထုတ်နုတ်ခြင်း – စကားပြောသူ ပြောဆိုတဲ့ကိစ္စတစ်ရပ်လုံးကို မိမိနားလည်သလိုထုတ်နုတ်ထားခြင်းဖြစ်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်ထုတ်နုတ်ထားတဲ့အကျဉ်းချုပ်ကို ပြောဆိုသူကို ပြန်ပြောခြင်းဟာ အထိရောက်ဆုံးဖြစ်ပါတယ်။

အဲဒါအပြင် ထိရောက်စွာနာေးထာင်တဲ့နည်းလမ်းကောင်းငါးခုကတော့ …

၁။ စကားပြောနေတဲ့အချိန်ကို အာရုံစူးစိုက်ပါ။

အလုပ်လုပ်သူတိုင်းအတွက် အလုပ်များတယ်ဆိုတာသဘာဝကျပေမယ့် နားထောင်ရမယ့်အချိန်မှာတော့ အာရုံစူးစိုက်နားထောင်မှပဲ အပေါ်ကတင်ပြတဲ့ ကြက်တူရွေးနုတ်တိုက်တာဖြစ်စေ၊ စကားပြေနဲ့ပြောတာ ဖြစ်စေ၊ အတိုချုပ်အကျဉ်းချုပ်လုပ်ဖို့ဖြစ်စေ လုပ်ကိုင်နိုင်မှာပါ။

၂။ စာနာစိတ်ထားပါ။

စကားပြောနေတဲ့သူနေရာ ကိုယ်ဝင်ကြည့်ပြီး ခံစားကြည့်ပါ။ ကိုယ်လည်းစကားပြောနေတုန်း လျစ်လျူရှုခံရရင် ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားတတ်ရင် ဘယ်လိုနားထောင်ရမယ်ဆိုတာ သဘောပေါက်လာပါမယ်။

၃။ နားထောင်တတ်တဲ့အနေအထားရွေးပါ။

တစ်ခါတလေ ကိုယ့်ကွန်ပျူတာရှေ့မှာအလုပ်ရှုပ်နေတုန်း တစ်ယောက်ယောက်က တစ်ခုခုလာပြောရင် ကိုယ်ကနားထောင်တယ်ဆိုပေမယ့် မျက်လုံးကကွန်ပျူတာဆီရောက်နေတယ်။ အာရုံမစူးစိုက်နိုင်ဘူး ဖြစ်တတ်တယ်။ ဒါကြောင့် တစ်ယောက်ယောက်လာ စကားပြောရင် ကိုယ်အာရုံစူးစိုက်နိုင်မယ့်အနေအထားကိုကြိုသိပြီး ပြင်ဆင်ထားရင် နားထောင်တာ ထိရောက်မှုရှိပါလိမ့်မယ်။

၄။ တစ်ယောက်ယောက်က စကားပြောပြီးသွားရင် ကိုယ်မပြောခင်မှာ ခဏပေးနားပါ။

တစ်ယောက်ယောက်စကားပြောပြီးရင် ကိုယ်ကခဏ ပေးနားထားခြင်းဖြင့် သူပြောတာကိုယ်နားလည်တယ်၊ အာရုံစူးစိုက်တယ်ဆိုတာလည်း သိသာစေပါတယ်။ အဲဒါအပြင် ကိုယ်ပြောရမယ့်ကိစ္စကို ကြိုတင်စိတ်ထဲစီလို့ရတာပေါ့။

၅။ ဘယ်သူမှ ဘာမှမစသေးခင် အရင်ဆုံးဝင်ပြောဖို့ မကြိုးစားသင့်ပါဘူး။

လူတချို့ဟာ အကြောင်းအရာ တစ်စုံတစ်ရာကို နားလည်လက်ခံဖို့ အချိန်ယူတတ်တော့ စိတ်ရှည်ဖို့လိုပါတယ်။ ကျွန်တော်တို့မြန်မာတွေက ပိုဆိုးတာပေါ့။ မေးရမှာရှက်ကြောက်တတ်တော့ ငြိမ်နေလိုက်တာ အထိရောက်ဆုံးပါ။ ပြီးမှ အားလုံးကိုမသိမသာအကဲခတ်ပြီး ကိုယ်ကစသင့်ပါတယ်။

စာရေးသူ Brenda Bence ရဲ့ I LISTEN ဆိုတဲ့ စာလုံးခုနစ်လုံးနဲ့စတဲ့ ထိရောက်တဲ့နားထောင်ခြင်းအလေ့ အကျင့်ကို လေ့လာကြည့်ရအောင်။

(က) I (Intention) ရည်ရွယ်ချက်

ကျွန်တော်တို့ တစ်ခါတလေနားထောင်ခြင်းရဲ့အနှစ်သာရကို မေ့တတ်ကြပါတယ်။ နားထောင်ရတဲ့ရည်ရွယ်ချက်ကတော့ …

၁) နားထောင်ဖို့ဆုံးဖြတ်ထားတာကတစ်ကြောင်း၊

၂) နားထောင်ဖို့ရည်ရွယ်ချက်ရှိတာကတစ်ကြောင်း၊

၃) နားထောင်တာ ဘယ်လောက်အရေးပါတယ်ဆိုတာသိတာကတစ်ကြောင်း၊

၄) နားထောင်လို့ရရှိလာမယ့် အကျိုးအမြတ်တွေကို သိတာကတစ်ကြောင်း တို့ကြောင့်ဖြစ်ပါတယ်။

(ခ) L (Landscape) ရေခံမြေခံသဘော

နားထောင်ခြင်းရဲ့ ကောင်းမွန်တဲ့ရေခံခြေခံသဘောတွေကတော့ …

၁) မှန်ကန်စွာဆက်စပ်လို့ရတဲ့ အခြေအနေ၊ အနေအထားနဲ့ ပတ်ဝန်းကျင်၊

၂) တိကျတဲ့အချိန်ဇယားသတ်မှတ်ထားခြင်း၊

၃) နားထောင်နေချိန်မှာ အနှောင့်အယှက်ကင်းအောင် စီစဉ်ဆောင်ရွက်နိုင်မှု၊

၄) အာရုံထွေပြားစေမယ့် ကွန်ပျူတာ၊ တက်ဘလက်၊ လက်ကိုင်ဖုန်းတွေကို ဖယ်ရှားထားခြင်းတို့ဖြစ်ပါတယ်။

(ဂ) I (Impartiality) သမာသမတ်ကျစွာနားထောင်ခြင်း

သမာသမတ်ကျတယ်ဆိုတာ …

၁) နားထောင်နေတုန်းမှာ ကောက်ချက်ဖြစ်စေ၊ ဝေဖန် ချက်ဖြစ်စေ မလုပ်မိဖို့၊

၂) တစ်ခုခုတော့ သင်ယူနိုင်မှာပဲဆိုတဲ့စိတ်၊

၃) တိကျတဲ့ လိုရင်းအဓိပ္ပာယ်ကို နားလည်ဖို့ အဓိကထားရ မှာဖြစ်ပါတယ်။

(ဃ) S (Safeguard) အကာအကွယ်ထားခြင်း

မိမိရဲ့အာရုံစူးစိုက်မှုကို အကာအကွယ်ထားဖို့လိုပါတယ်။

၁) ဖုန်းလက်ခံမဖြေပါနဲ့၊ Email မပြန်ပါနဲ့

၂) ခေါင်းညိတ်ခြင်း၊ မျက်လုံးစူးစိုက်ကြည့်ခြင်း၊ ခန္ဓာကိုယ်ရှေ့သို့စိုက်ထားခြင်းစတဲ့ လကိုယ်အမူအရာတွေနဲ့ အာရုံစူးစိုက်ပြပါ၊ အသံထွက်ပြီး’ဟုတ်ပါတယ်’၊ ‘အဲဒီ တော့ဘာဖြစ်လဲ’ စတဲ့ စကားလုံးတွေနဲ့ လိုအပ်သလိုထောက်ပေးခြင်းဖြင့် စိတ်ဝင်စားကြောင်းပြသပါ။

(င) T (Target) ရည်မှန်းချက်ထားပါ

ရည်မှန်းချက် ထားပါဆိုတာကတော့…

၁) ကိုယ်ရောစိတ်ပါ အာရုံစူးစိုက်ပါ၊

၂) လက်ရှိအခြေအနေကို နှစ်မြှုပ်ထားပါ၊

၃) တစ်ချက်တစ်ချက် စိတ်လွင့်သွားရင်လည်း ချက်ချင်းစိတ်ပြန်စုစည်းအာရုံထားလိုက်ပါ။

(စ) E (Empathy) စာနာစိတ်ထားပါ

စာနာစိတ် ထားတယ်ဆိုတာက …

၁) စကားပြောတဲ့သူနေရာ ခံစားဝင်ကြည့်ပါ၊

၂) စကားပြောတဲ့သူ လက်ရှိကြုံရတဲ့ အခြေအနေကိုနားလည်ပေးပါ။

(ဆ) N (No Interrupting) အနှောင့်အယှက်မပြုပါနဲ့

အဓိပ္ပာယ်ကတော့ …

၁) စကားဖြတ်မပြောပါနဲ့၊

၂) စကားဆုံးအောင်ပြောခွင့်ပေးပြီးမှ ကိုယ့်မှတ်ချက်ကို ပြောဆိုပါတို့ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့တော့ ဘယ်သူမဆို စကားပြောသူနေရာဖြစ်စေ၊ နားထောင်တဲ့သူနေရာဖြစ်စေ တစ်ချိန်မဟုတ် တစ်ချိန်ရောက်တတ်တော့ နားထောင်တတ်ခြင်းဖြင့် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: Would You want to Work for You? by Brenda Bence

မောင်စီအီးအို