ဒေဝါလီခံရတော့မယ့် AMD ကုမ္ပဏီကိုကယ်တင်ခဲ့သူ CEO Lisa Su

Semiconductor Company တစ်ခုဖြစ်တဲ့ Advanced Micro Devices (AMD) ကုမ္ပဏီဟာ ဒေဝါလီခံရကိန်းရှိနေချိန်မှာ ယင်းရဲ့စီအီးအိုဖြစ်လာရေးဟာ လီဆာဆူး (Lisa Lu) စိတ်ကူးထားတဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ ကျွန်မကတစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တုန်းက အမေရိကန်နိုင်ငံမှာအဲဒီကုမ္ပဏီမျိုးသိပ်မများခဲ့ဘူး။ AMD ရဲ့ စီအီးအိုဖြစ်လာတော့ ကျွန်မသိပ်ရင်ခုန်သွားပါတယ်လို့ သူက CNN ကိုပြောပါတယ်။

သူဟာ Best Buy လျှပ်ပ်စစ်ပစ္စည်းဆိုင်ထဲဝင်ပြီး လက်ပ်တော့ပ်တစ်လုံးလောက်ကိုင်တဲ့အခါ သူမကုမ္ပဏီကထုတ်လုပ်တဲ့ မိုက္ကရိုချစ်ပ် ဒါမှမဟုတ် Processor ပါရှိမှန်းသိပါတယ်။ ၂၀၁၄ ခုနှစ်မှာ လီဆာဟာ AMD ရဲ့ စီအီးအိုဖြစ်လာတော့ ကုမ္ပဏီရဲ့စတော့ရှယ်ယာဈေးနှုန်းက အနိမ့်ဆုံးဖြစ်နေပါတယ်။ နည်းပညာလုပ်ငန်းမှာ သြဇာအရှိဆုံးမိန်းမတစ်ယောက်ဖြစ်တဲ့ လီဆာဟာ စိန်ခေါ်မှုကို ကြိုက်ပါတယ်။ ဒါကြောင့် သူဟာမူလကတည်းက အင်ဂျင်နီယာလုပ်ခဲ့တာပါ။ AMD ကို ပြန်ဦးမော့စေဖို့ကငါးနှစ်လောက်ကြာပါတယ်။

”အဲဒီလောက်ကြာရတဲ့အကြောင်းရင်းက သာမန်ထက်ပိုပြီး ရှုပ်ထွေးခက်ခဲလို့ပါပဲ။ ဒေတာစင်တာတွေအတွက် ထုတ်လုပ်ပေးတဲ့ ကျွန်မတို့ရဲ့နောက်ဆုံးပေါ်ချစ်ပ်တွေဟာ တကယ်တော့ ထရန်စစ္စတာပေါင်း ဘီလီယံ ၄၀ ရှိတယ်။ အဲဒါတစ်ခုချင်းစီကိုနေရာတကျဖြစ် အောင်လုပ်ပေးရာမှာ အင်ဂျင်နီယာပညာအများကြီးလိုအပ်တယ်” လို့လီဆာကပြောပါတယ်။ MIT မက်ဆာချူး ဆက်နည်းပညာတက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဆိုင်ရာ ပါရဂူဘွဲ့ရထားတဲ့လီဆာဟာ စွမ်းဆောင်ရည်မြင့်တဲ့ တွက်ချက်မှုအက်ပလီကေးရှင်းတွေအတွက် နည်းပညာတည်ဆောက်မှုကို အကြီးအကျယ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီလုပ်ရပ်ကြောင့် Cloud Computing, Data Center, A.I လူဉာဏ်ရည်အတုနဲ့ ဂိမ်းဆိုင်ရာအရေးပါတဲ့ အနာဂတ်မျိုးဆက်နည်းပညာကို AMD အား ဖြည့်ပေးစေတယ်။

စွန့်စားမှုများသောလုပ်ငန်း

တစ်ပိုင်းလျပ်ကူးပစ္စည်းလုပ်ငန်းက နဂိုကတည်းက စွန့် စားမှုရှိခဲ့ပါတယ်။ ပစ္စည်းအသစ်ထုတ်လုပ်ပြီးရင် ဈေးကွက်မှာနေရာရဖို့ သုံးနှစ်မှငါးနှစ်အထိ ကြာလေ့ရှိတယ်။ ကိုယ့်ပြိုင်ဘက်တွေကိုလည်း အနိုင်ယူရမယ်။ နေ့မြင်ညပျောက် တစ်ပွဲထိုးပစ္စည်းမျိုးမဖြစ်သင့်ဘူး။ စွမ်းဆောင်ရည်မြင့်တဲ့ နောက်ဆုံးပေါ်ပစ္စည်းအသစ်တွေ အဆက်မပြတ် ထုတ်လုပ်သွားမှာဖြစ်ကြောင်း ထိပ် တန်းဖောက်သည်တွေကိုရယူဖို့အတွက် နည်းပညာလမ်းပြမြေပုံတစ်ချပ်ကိုတီထွင်ဖန်တီးဖို့လိုတယ်။

”၂၀၁၄ ခုနှစ်တုန်းက ကျွန်မတို့အတွက် အရေးကြီးဆုံးကိစ္စကနည်းပညာအတွက်ကောင်းတဲ့ အမှန်အကန်ဈေးကွက်တွေကို ရွေးချယ်ရေးပါပဲ။ ဒီနေ့လုပ်တာထက်တစ်နှစ်ပြီးတစ်နှစ်ဆက်လုပ်တာက ပိုအရေးကြီးတယ်။ ဖောက်သည်တွေ စတင်အာရုံစိုက်မိတဲ့နှစ်ရဲ့ နောက်ပိုင်းပေါ့” လို့ လီဆာကပြောတယ်။ လီဆာရဲ့ အရဲစွန့်လုပ်ဆောင်မှုကြောင့် သူ AMD စီအီးအိုဖြစ်ပြီး နောက်ပိုင်းမှာ AMD ရှယ်ယာတန်ဖိုးဟာ ၁,၃၀၀ ရာခိုင်နှုန်းကျော်တက်လာတယ်။ နည်းပညာကုမ္ပဏီအများ အပြားနည်းတူ AMD ဟာ တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲရော မကြာသေးခင်က ပေါ်ပေါက်တဲ့ Covid-19 ကပ် ရောဂါကြောင့် ထိခိုက်မှုတွေကိုပါရင်ဆိုင်ခဲ့ရတယ်။ ၂၀၂၀၊ ဖေဖော်ဝါရီလက AMD ရှယ်ယာတစ်စုလျင် ၅၉ ဒေါ် လာအထိ စံချိန်တင်မြင့်တက်သွားတယ်။

AMD ဟာ ဘယ်နေရာမှာအတော်ဆုံးဖြစ်ကြောင်း ရှာဖွေတွေ့ရှိခြင်း

လီဆာတစ်ယောက် AMD ရဲ့ စီအီးအိုဖြစ်မလာခင် နှစ်ပေါင်းအတော်ကြာကြာက AMD ဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေထုတ်လုပ်ပေးတဲ့ စက်ရုံပိုင်ဆိုင်မှုကို စွန့်လွှတ်ခြင်းအပါအဝင် တချို့လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်ခြင်းဖြင့် စရိတ်လျော့ချခဲ့တယ်။ လီဆာက သူရောက်လာတဲ့အခါ ဘယ်ဟာကို မလုပ်သင့်သလဲဆိုတာ အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်။

”ကိုယ့်ကုမ္ပဏီက ဘယ်နေရာမှာ တကယ်တော်သလဲ၊ တကယ်ကောင်းသလဲဆိုတာ ဆုံးဖြတ်ဖို့သိပ်အရေးကြီးတယ်။ ကိုယ်က အကောင်းဆုံးနံပါတ်တစ် ဒါမှမဟုတ် နံပါတ်နှစ်ဖြစ်ဖို့လိုတယ်လေ။ ဈေးကွက်ကို ကျွန်မတို့ယူဆောင်လာပေးနိုင်မယ့်ပစ္စည်းကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်လုပ်ကြစို့။ ဒါဟာ ကျွန်မတို့ကုမ္ပဏီရဲ့ ဒီအင်အေပါပဲဆိုတာမျိုးကို အာရုံစိုက်ဖို့လိုတယ်” လို့သူကပြောတယ်။

ဒါပေမဲ့ အဲဒီလိုလုပ်ခြင်းဟာ AMD အနေနဲ့ စိုးမိုးနိုင်ဖို့ အလားအလာနည်းတဲ့နယ်ပယ်တွေကို အလေးထားစဉ်းစားခြင်းလည်းဖြစ်တယ်။ AMD မိုဘိုင်းဖုန်းအတွက် နည်းပညာတည်ဆောက်ခြင်း ဒါမှမဟုတ် အင်တာနက်ဆက်စပ်တဲ့ စက်ယန္တရားတွေအတွက် အာရုံခံစနစ် Sensor တွေတည်ဆောက်ခြင်းမျိုးမလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါတွေဟာ AMD ရဲ့ အဓိကစွမ်းရည်ရှိမှုနဲ့ မနီးစပ်ဘူး။ အဲဒါတွေအစား AMD ဟာ အဆင့်မြင့် ဗိသုကာပညာတွက်ချက်နည်းစွမ်းရည်မြင့်ကွန်ပျူတာ ပရိုဆက်ဆာ၊ ဂိမ်းအတွက် ဂရပ်ဖစ်ချစ်ပ်တွေ A.I တွေနဲ့ တခြားဆန်းသစ်တဲ့ နည်းပညာတွေ စူပါတွက်ချက်နည်းတွေကို တီထွင်ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ AMD ဟာ လျင်မြန်ပြီး စွမ်းရည်မြင့်တဲ့ချစ်ပ်တွေ တည်ဆောက်ပြီး ပြိုင်ဘက်တွေထက် ဈေးလျော့ရောင်းပေးတယ်။ အဲဒီနည်းဗျူဟာက အဲဒီအချိန်တုန်းက AMD အတွက် အထူးအရေးကြီးတယ်။ အဲဒီတုန်းက AMD ဟာ သော့ချက်ကျတဲ့ လုပ်ငန်းတချို့စိုးမိုးထားတဲ့ နည်းပညာလုပ်ငန်းမှာခြေကုပ်ရဖို့ ကြိုးစားနေချိန်ဖြစ်တယ်။ AMD ပစ္စည်းတွေဟာ ယုံကြည်စိတ်ချရလို့ အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက တင်နက်ဆီပြည်နယ်ရှိ Oak Ridge အမျိုးအစားဓာတ်ခွဲခန်းမှာ စူပါကွန်ပျူတာစီမံကိန်းမှာသုံးဖို့ AMD ရဲ့ ချစ်ပ်တွေကို ရွေးချယ်ဝယ်ယူခဲ့တယ်။ အဲဒီနည်းပညာဟာ နျူကလီးယားဟန့်တားရေးအတွက် အရေးကြီးတဲ့ စွမ်းရည်မြင့်ကွန်ပျူတာတစ်မျိုးရှိရာ Lawrance Livermore အမျိုးအစား ဓာတ်ခွဲဌာနရဲ့ Exascale အတန်းအစား စူပါကွန်ပျူတာအသစ်ကို စွမ်းအားဖြည့်တင်းဖို့ အထောက်အကူပြုလိမ့်မယ်။

ချောက်-ချက်

တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီတွေဟာ ချောက်-ချက် (Tick-Tock) လို့ခေါ်တဲ့ ဖွံ့ဖြိုးတည်ဆောက်မှုစက်ဝန်းဖြင့် လည်ပတ်နေတာကြာပါပြီ။ ချစ်ပ်တွေထုတ်လုပ်မှုလုပ်ငန်းစဉ်ကို မြှင့်တင်ခြင်းနဲ့ ချစ်ပ်တွေရဲ့ ဒီဇိုင်းအသေးစိတ်ပိုင်းမြှင့်တင်ခြင်းတို့ကို ကုမ္ပဏီတွေက တစ်လှည့်စီလုပ်ကြရတယ်။ ဒီနည်းအားဖြင့် တစ်ခုခုအလုပ်မဖြစ် အဆင်မပြေရင် ဒီစနစ်ရဲ့ အစိတ်အပိုင်းပျက်သွားသလဲဆိုတာ လွယ်ကူစွာသိရမယ်။ ဒါပေမဲ့ AMD ဟာ အသည်းအသန် အားဖြည့်တင်းချင်တာကြောင့် အဲဒီနည်းနှစ်မျိုးစလုံးကို တစ်ပြိုင်တည်းလုပ်ကိုင်ဖို့ ဆုံးဖြတ်ကာ ကုန်ပစ္စည်းအသစ်လတ်တလောတစ်ခုလုံးကို ဖန်တီးလိုက်တယ်။

”သူတို့က လုပ်ငန်းစဉ်နည်းပညာဗိသုကာပညာနဲ့ ထုပ်ပိုးမှုကိစ္စတွေအတွက် အများကြီးအရဲစွန့်လုပ်ဆောင်တယ်” လို့ Rosen Blatt Securities ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဟန်းစ်မိုးဇက်မန်းကသုံးသပ်တယ်။ ”ဒါမျိုးက မျိုးဆက်တစ်ဆက်မှာ တစ်ကြိမ်တစ်ခါသာလုပ်နိုင်တာပါ။ အစောပိုင်းက ဒီလိုရည်မှန်းချက်ကြီးမားတဲ့အစီအစဉ်မျိုးကို ကျွန်မတို့လုပ်နိုင်ပါ့မလား” လို့ အလားအလာရှိတဲ့ ဖောက်သည်တချို့က မေးခွန်းထုတ်ကြတယ်။

”ဝယ်သူတွေကို ယုံအောင်ပြောဖို့တော့လိုတယ်။ ကျွန်မတို့လုပ်မယ့်ကိစ္စရှင်တို့ကို ပြောပြပါရစေ။ ဒါပေမဲ့ ကျွန်မရဲ့ပစ္စည်းကို နောက်သုံးနှစ်လောက်ကြာ ရှင်တို့မြင်ရမယ်။ ဒါပေမဲ့ အဲဒီကာလအတွင်း ရှင့်ကိုအဆက်မပြတ်သတင်းပေးနေမယ်၊ ပြသမယ်” လို့ ကျွန်မတို့က ပြောရတယ်။ ကျွန်မတို့ အဲဒီလိုပဲလုပ်ခဲ့ကြတယ်” လို့ လီဆာက ပြောပါတယ်။

AMD ဟာ အဲဒီကြိုးပမ်းမှုရဲ့ ရလဒ်အဖြစ် Ryzen ဆို တဲ့ Ryzen Desktop Processor တွေ EPYC ဆိုတဲ့ Server Processor တွေ ကို ၂၀၁၇ ခုနှစ်ကထုတ်လုပ်ခဲ့တယ်။ အဲဒါ ပထမဟာမျိုးဆက် ဖြစ်ပြီး ၂၀၁၉ မှာ တတိယမျိုးဆက် Ryzen ကို ထပ်မံထုတ်လုပ်ခဲ့တယ်။ ပထမမျိုးဆက် Ryzen နဲ့ EPYE တို့က အောင်မြင်တယ်။ နောက်ထပ်ဘာဆက်လုပ်မလဲစဉ်းစားတယ်။ ဒုတိယမျိုးဆက် AMD ဟာ တကယ်အလေးအနက်လုပ်ကြောင်း ဈေးကွက်ကို ယုံကြည်စေတယ်” လို့ Tirias သုတေသနဌာနမှ ဆန်းစစ်လေ့လာသူ ကာဗင်ခရဲဝဲလ်က ပြောပါတယ်။

စိန်ခေါ်မှုအသစ်

Covid -19 ဗိုင်းရပ်ဟာ ကမ္ဘာ့စီးပွားရေးတွေကို ထိခိုက်aစခဲ့လို့ ကုမ္ပဏီအများအပြားရဲ့ အနာဂတ်အတွက် စဉ်းစားစရာတွေရှိတယ်။ သို့တစေ တစ်ပိုင်းလျှပ်ကူးပစ္စည်း တွေထုတ်လုပ်မှုဟာ အဓိကအားဖြင့် လုပ်သားအင်အားထက် အလိုအလျောက်စနစ်သုံးတာကြောင့် အဲဒီကုမ္ပဏီတွေဟာ အကျိုးအမြတ်ထွက်ဖွယ်ရှိတယ်လို့ ခရဲဝဲလ်က ပြောတယ်။ လူတွေအိမ်ပြင်မထွက်ရလို့ AMD ရဲ့ နည်းပညာပံ့ပိုးတဲ့ လက်ပ်တော့ပ်နဲ့ ဂိမ်းတွေကိုပိုပြီး ဝယ်ယူစုဆောင်းပေးတဲ့အလျောက် AMD စီးပွားရေးကာလတိုအတွင်း ပိုကောင်းလာဖွယ်ရှိတယ်။ AMD ဟာ လာမယ့် နှစ်တွေအတွင်း တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာရှိနေဆဲပါ။

”ဒီဟာက စွန့်စားမှုကြီးမားပြီး ဆုလာဘ်များများရတဲ့နေရာဖြစ်တယ်။ ကျွန်မတို့အနေနဲ့ မှန်ကန်တဲ့ စွန့်စားမှုတွေကို တစ်နှစ်ပြီးတစ်နှစ်ဆက်ယူသွားဖို့ ရည် မှန်းထားတယ်။ ရှေ့ငါးနှစ်ဟာ ကျွန်မတို့မှာပိုပြီးပြိုင်ဆိုင်မှုပိုရှိလာမယ်။ ကျွန်မတို့အနာဂတ်အတွက် လမ်းပြမြေပုံဘယ်လိုရေးဆွဲမလဲဆိုတာ နေ့တိုင်းဆွေးနွေးနေကြတယ်။ အဲဒါဟာ ကျွန်မတို့ကမ္ဘာပဲ”လို့ လီဆာဆူးက ပြောပါတယ်။

Ref: CNN, Wikipedia

စိုးညွန့်ဇော်