တန်ဖိုးတက်လာသည့် ZOOM

ကိုဗစ်ကြောင့်လူသိလူသုံးများလာတဲ့ ZOOM ရဲ့တန်ဖိုးဟာ အခုအချိန်မှာ ကမ္ဘာ့အကြီးဆုံးလေကြောင်း လိုင်းခုနစ်ခုပေါင်းရဲ့တန်ဖိုးထက်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်ကြောင့် လူတွေရဲ့နေမှုပုံစံ၊ အလုပ်လုပ်မှုပုံစံတွေ ပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် အိမ်မှာနေပြီး အလုပ်လုပ်တဲ့ပုံစံဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုပါ။ အဲဒီပြောင်းလဲမှုကြောင့် ZOOM ဟာ အကျိုးခံစားခဲ့ရသလို ဆုံးရှုံးနစ်နာတဲ့ကုမ္ပဏီတွေလည်း အများကြီးပေါ်ပေါက်လာပါတယ်။

ZOOM ဟာ ရုပ်မြင်အသံကြား အင်တာနက်ပေါ်ကတစ်ဆင့် ဆက်သွယ်ရတဲ့ App တစ်ခုဖြစ်ပြီး သ့ူရဲ့သုံးစွဲရလွယ်ကူမှုကြောင့် ကိုဗစ်ကာလအတွင်း လူအများရဲ့အဓိကသုံးစွဲတဲ့ App တစ်ခုဖြစ်လာခဲ့ပါတယ်။

စာရင်းများအရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာသုံးစွဲသူ ဆယ်သန်းရှိခဲ့တဲ့ ZOOM ဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ သန်းသုံးရာအထိရောက်ရှိခဲ့ပါတယ်။ ZOOM လုပ်ငန်းအစည်းအဝေးတွေသာမက သင်ကြားရေးမှာလည်း တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ စီးပွားရေးအမြင်ရှိတဲ့ ZOOM ရဲ့ CEO အဲရစ်ယွန် (Eric Yuan) ကအမေရိကန်နိုင်ငံက ၁၂ တန်းသင်အထက်တန်းကျောင်းတွေ ကို ZOOM အခမဲ့ပေးသုံးခဲ့တာကြောင့်လည်း ZOOM ရဲ့ အသုံးတွင်ကျယ်မှုဟာ မြင့်တက်လာခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ မေလ ၁၅ ရက်မှာ ZOOM ဒေါ်လာကုမ္ပဏီရဲ့တန်ဖိုးဟာ ၄၈.၈ ဘီလီယံအထိ ထိုးထွက်မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၉ နှစ်တုန်းက ZOOM ရဲ့တန်ဖိုးဟာ ဒေါ်လာ ၆၂၃ သန်းသာ ရှိခဲ့ပါတယ်။

တန်ဖိုးကျသွားသည့် လေကြောင်းလိုင်းများ

တန်ဖိုးတက်လာတဲ့ ZOOM နဲ့ ဆန့်ကျင်ဘက် သိသာထင်ရှားစွာတန်ဖိုးကျသွားတာကတော့ လေကြောင်းလိုင်းများပါပဲ။ ကိုဗစ်ကြောင့် နိုင်ငံတကာလေဆိပ်တွေ ပိတ်သိမ်းပြီး ခရီးသွားလာမှုတွေ ရပ်ဆိုင်းခဲ့တာကြောင့် လေကြောင်းလိုင်းတွေ အကြီးအကျယ်အထိနာခဲ့ရပါတယ်။ အကျိုးဆက်ကတော့ ၂၀၂၀ ဇန်နဝါရီလကုန်မှာ လေကြောင်းလိုင်းတွေရဲ့ ဝင်ငွေဟာ ၆၂ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။

လေကြောင်းလိုင်းတော်တော်များများဟာ ဆက်လက်ရှင်သန်ဖို့ ဝန်ထမ်းတွေရဲ့လစာလျော့ချခြင်း၊ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ခြင်း စတာတွေနဲ့ ကျားကန်ခဲ့ရသလို တချို့လေကြောင်းလိုင်းတွေလည်း ဒေဝါလီခံသွားရပါတယ်။

ဘယ်အချိန်မှာ လေကြောင်းလိုင်းလုပ်ငန်းတွေ ပြန်လည်ဦးမော့လာမလဲဆိုတာ ဘယ်သူမှအတိအကျမခန့်မှန်းနိုင်ပါဘူး။ ကမ္ဘာ့အချမ်းသာဆုံးထဲမှာပါတဲ့ ရင်းနှီးမြှုပ်နှံသူသူဌေးကြီး Warren Buffett ကတော့ သူဝယ်ယူရင်းနှီးမြှုပ်နှံထားတဲ့ လေကြောင်းလိုင်းရှယ်ယာများကို ရောင်းထုတ်ခဲ့ပါတယ်။ အဲဒီလိုရောင်းထုတ်မှုရဲ့ဂယက်က လေကြောင်းလိုင်းတွေရဲ့ ရှယ်ယာတန်ဖိုးတွေကျဆင်းစေပြီး ပိုမိုအထိနာစေခဲ့ပါတယ်။

ZOOM ရဲ့အနာဂတ်

အခုအချိန်မှာ လူသုံးများနေတဲ့ ZOOM ဟာ ဘယ်လောက်အထိ ပေါ်ပြူလာဖြစ်နေမှာလဲဆိုတာ ရင်းနှီးမြှုပ်နှံသူတွေသိချင်နေတဲ့မေးခွန်းပါ။ (ZOOM ဟာ ၂၀၀၉ ခုနှစ်က စတော့အိပ်ချိန်းမှာ စာရင်းတက်ခဲ့ပါတယ်။) ZOOM ရဲ့ ၂၀၂၀ ပထမသုံးလ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) ရဲ့ ရလဒ်ဟာ ဇွန်လမှာထွက်ပေါ်လာတော့မှာပါ။

အခုအခြေအနေမှာ အောင်မြင်မူတွေရနေပေမယ့် ZOOM ဟာ ရုန်းကန်လှုပ်ရှားနေရဆဲပါ။ အထူးသဖြင့် ZOOM နဲ့ အစည်းအဝေးလုပ်နေစဉ် လူစိမ်းများက ဝင်ရောက်လာခြင်း၊ ကလေးငယ်များ စာသင်ကြားနေချိန် မဖွယ်မရာပုံတွေပေါ်လာခြင်းလို လုံခြုံရေးကျိုးပေါက်မှုတွေကို ဖြေရှင်းဖို့ကြိုးစားနေရသလို တစ်ကိုယ်ရေသတင်း အချက်အလက်တွေ ပေါက်ကြားပြီး ဈေးကွက်တင်ရောင်းချခံရခြင်းတွေက ကာကွယ်ဖို့ ZOOM အနေနဲ့ အားထုတ်ဆောင်ရွက်နေရပါတယ်။ ဘာပဲပြောပြော ပြောင်းလဲသွားတဲ့လူနေမှု၊ လုပ်ကိုင်မှုပုံစံသစ်မှာ ZOOM ရဲ့ အနာဂတ်ဟာလေကြောင်းလိုင်းတွေထက်တော့ ပိုပြီးတောက်ပနေတာ အမှန်ပဲဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့