တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ ရလဒ်ကောင်းတွေထွက်ပေါ်စေမယ့်မနက်ပိုင်း မိနစ် ၉၀

စီမံခန့်ခွဲတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေရသူတစ်ယောက်အနေနဲ့ တစ်ရက်ကို ၁၂ နာရီလောက် အလုပ်ချိန်ရှိနေတာဟာ မဆန်းကြယ်လောက်ပါဘူး။ သင်ရုံးမှာ ည ၉ နာရီ ၁၀ နာရီလောက်အထိ နေကောင်းနေမယ်၊ ဒါမှ မဟုတ် သင့်ရဲ့နောက်ထပ်ဖတ်ဖို့ကျန်သေးတဲ့ အီးမေးလ်တွေတောင်မစစ်နိုင်ဘဲ ညစာတောင်အချိန်လုစားရမယ့် အခြေအနေမျိုးတွေရှိနေမှာပါ။ နောက်တစ်ရက်မှာလည်း သင်အိပ်ရာကပြန်ထပြီးရင် အလားတူနေ့ရက်ကို ပြန်လည်ဖြတ်သန်းရမှာပဲ။

ဒါဟာကျွန်တော်ဖြတ်သန်းခဲ့တဲ့ ၁၃ နှစ်တာခရီးတစ်ခုပါ။ တစ်ရက်ကနေ နောက်တစ်ရက်ကို ကူးပြောင်းသွားပြီးသကာလမှာ သမမျတစွာနေဖို့ လိုအပ်လာပြီဆိုတာ ကျွန်တော်သတိထားမိလာတယ်။ ကျွန်တော့်ရဲ့အလုပ်ကို စနစ်တကျလုပ်ကိုင်လိုတဲ့စိတ်ရှိသလို အလုပ်ပြင်ပက ကျွန်တော့်ရဲ့ဘဝကိုလည်း အကျိုးရှိရှိ အသုံးချချင်လာတယ်။

ကျွန်တော့်ရဲ့ နေ့စဉ်အလုပ်လုပ်ကိုင်တဲ့နေ့ကို ပြောင်းလဲဖို့အတွက် ကျွန်တော့်ရဲ့နံနက်ခင်းတွေကို စတင်ပြောင်းလဲဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနဦး မိနစ် ၉၀ က ကျွန်တော်ရဲ့ နေ့စဉ်အသက်ရှင်သန်မှုကို ပြောင်းလဲပေးရုံသာမကဘဲ အောင်မြင်ပြီးရလဒ်ကောင်းတဲ့နေ့ရက်တွေဖြစ်အောင် ဖန်တီးပေးပါတယ်။ ခုဖော်ပြမယ့် လမ်းညွှန်ချက်ခုနစ်ချက်ကတော့ သင့်ရဲ့အလုပ်လုပ်ရတဲ့နေ့ရက်တွေကိုများစွာ ကူညီပေးမှာပါ။

၁။ အိပ်ရာ စောစောထပါ။

အိပ်ရာစောစောထတဲ့ အလေ့အကျင့်ကသိပ်ကိုစွမ်းအားကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်ပိုင်းမှာသင့်အတွက် အချိန်တွေများစွာရတဲ့အတွက်ဖြစ်ပါတယ်။ အစောပိုင်းအချိန်တွေဟာ တိတ်ဆိတ်နေတတ်ပါ တယ်။ ဒါအပြင် သင့်ကိုနှောင့်ယှက်မယ့်သူလည်း သိပ်မရှိပါဘူး။ အောင်မြင်တဲ့လုပ်ငန်းဦးဆောင်သူတွေဟာ နံနက်စောစောထတဲ့အလေ့အကျင့် ရှိပါတယ်။ PepsiCo ရဲ့အရင် CEO ဟာဆိုရင်တော့ နံနက် ၆ နာရီမထိုးခင်ကတည်းက အိပ်ရာထနေပြီလို့ဆိုပါတယ်။ တကယ်လို့ အစောပိုင်းအချိန်တွေကိုသာ သင်ကောင်းစွာအသုံးချမယ်ဆိုရင် သင့်တစ်နေ့တာကပိုပြီးအဆင်ပြေမှာပါ။

၂။ အီးမေးလ်တွေ၊ ဖုန်းစာတိုပြန်တာမျိုးတွေကို မေ့ထားလိုက်ပါ။

မနက်စောစော သင်ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ Message ကို စစ်မိမှာပါပဲ။ သင်တောင်မသိလိုက်ဘဲ စာပြန်ဖို့အတွက် သင်အာရုံထားနေရမှာ ဖြစ်ပါတယ်။ သင်တောက်လျောက်ဖုန်းပဲကိုင်နေမယ်ဆိုရင်တော့ စိတ်ဖိစီးမှုရဖို့ အခွင့်အလမ်းများနေပါပြီ။ ဘာကြောင့်လဲဆိုတော့ စာပြန်ရမယ်ဆိုတာက သင့်စိတ်ကိုတောက်လျောက်လွှမ်းမိုးလာလို့ပါပဲ။ သင်မသိခင်ကတည်းက သင့်ကိုယ်သင်ထိန်းချုပ်နိုင်စွမ်းတွေ ကျဆင်းလာပါပြီ။

ဒါကြောင့် သူတစ်ပါးကိုအချိန်ပေးတာတွေကို ခဏလောက်ရပ်ပြီး မနက်စောစောတစ်နာရီလောက်ကို အနှောင့်အယှက်ကင်းကင်း ဖြတ်သန်းဖို့ လိုအပ်ပါတယ်။ ဒီလိုဆို သင်မအိပ်ခင်ကတည်းကသင့်ဖုန်းက Airplane Mode (ဖုန်းခေါ်ဆို၍မရရန်ပြောင်းလဲထားခြင်း) ပြောင်းထားလိုက်ပါ။ ဒါဆိုရင် သင်အိပ်ရာကနိုးလာချိန်မှာ Message တွေ၊ Email တွေအတွက် ပူစရာမလိုတော့ဘူးပေါ့။

၃။ ကျေးဇူးတင်စကားပြောပါ။

ကျေးဇူးတင်စကားပြောတတ်တဲ့ အလေ့အထကောင်းမွန်တဲ့ လမ်းကြောင်းအတွေးအမြင်ရှိတဲ့ လမ်းကြောင်းပေါ်မှာ တည့်မတ်စွာသွားစေပါတယ်။ သင်လုပ်ကိုင်နေရတဲ့ အလုပ်အကိုင်မှာသင့်အတွက် အဆင်ပြေနေတာတွေ ရှိသလို အဆင်မပြေတဲ့ ပြဿနာတွေ ကြုံတွေ့နေရတာတွေမျိုးလည်း ရှိမှာပဲဖြစ်ပါတယ်။ ဒါကြောင့်သင်နိုးထလာတာနဲ့ သင့်ရဲ့နေ့သစ်မှာ သင်ကျေနပ်အားရတဲ့ သင့်ဘဝထဲကအကြောင်းအရာသုံးခုကို ပြောပါ။ အကောင်းမြင်တဲ့စွမ်းအားတွေ ပြည့်ဝလာဖို့ဖြစ်ပါတယ်။

၄။ သင့်ဘဝရည်မှန်းချက်တွေကို အမြဲသတိပြုနေထိုင်ပါ။

ဘဝရည်မှန်းချက်တွေကို ချမှတ်တာကအရေးကြီးတယ်ဆိုတာကို သင်သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ အဲဒီရည်မှန်းချက်တွေကိုချမှတ်ပြီး သင့်ကိုယ်သင် အမြဲသတိပေးပြောနေခြင်းက သင့်အတွက်လမ်းကြောင်းမှန်ပေါ်မှာရောက်နေမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ရက် ၃၀ ပန်းတိုင်တွေထားပြီး ချရေးထားပါတယ်။ ပြီးတော့ ကျွန်တော်ဘယ်လောက်ကောင်အထည်ဖော်ခဲ့ပြီလဲဆိုတာ ပြန်လည်ဆန်းစစ်ဖြစ်ပါတယ်။ မနက်တိုင်းမှာ ဒီစာကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးပါတယ်။ အဲဒီအတွက်ပဲ အလုပ်တွေကို ဂရုတစိုက်လုပ်ဖြစ်သလို ကျွန်တော့် ဦးနှောက်ကိုလည်း အမြဲသတိပေးပါတယ်။ ဒါကြောင့် ရေတိုပန်းတိုင်လေးတွေထားပြီး ဖြတ်သန်းပါ။

၅။ သင့်ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးပါ။

သင့်စိတ်ကို တစ်ရက်တာလုံးအဆင်ပြေကောင်းမွန် အောင်ဖန်တီးသလိုပဲ သင့်နံနက်စာကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာတဲ့နံနက်စာကို သင်စားမယ်ဆိုရင် ဒီပုံစံအတိုင်းပဲ သင်နေထိုင်စားသောက်တဲ့ အလေ့အကျင့်ရနိုင်ခြေပိုများပါတယ်။ သင်သိထားရမှာက သင့်ကျန်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ သင့်ရဲ့အီးမေးလ်တွေ၊ Message တွေထက်ပိုပြီး အရေးကြီးပါတယ်။

၆။ လှုပ်ရှားမှုပြုလုပ်ပါ။

မနက်ပိုင်းလေ့ကျင့်ခန်းပြုလုပ်တဲ့ အလေ့အကျင့်က အရေးအကြီးဆုံးပါပဲ။ သင့်မှာ သီချင်းကောင်းလေးတွေ ဒါမှမဟုတ် စိတ်တက်ကြွစေမယ့် သံစဉ်တွေရှိမယ်ဆိုရင် သင့်ကိုပိုမိုတက်ကြွစေမှာပါ။ ကျွန်တော်ကတော့ ပေါ့ ပေါ့ပါးပါးပဲလုပ်ပါတယ်။ ဒါပေမဲ့ မနက်စောစော ပြေးတာ၊ ယောဂလေ့ကျင့်တာ၊ ဒါမှမဟုတ် အလေးမတဲ့လေ့ကျင့်ခန်းနဲ့ မြန်မြန်လမ်းလျောက်တာတွေက သင့်ကျန်းမာရေးအတွက် ပိုပြီးကောင်းပါတယ်။ ဒါတွေက သင့်ကို ပိုပြီးရလဒ်ကောင်းတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

၇။ ကိုယ်ပိုင်အချိန်ထားဖို့လိုအပ်ပါတယ်။

ဒါကတော့ သင့်ရဲ့မနက်ပိုင်းအချိန်တွေရဲ့ အရေးအကြီးဆုံးအပိုင်းပါပဲ။ မိမိ တစ်ယောက်တည်းနေရမယ့် အချိန်ကို သေချာထားပြီး ပျော်ရွှင်စွာနေပါ။ အဲဒီအချိန်ကို ကောင်းစွာအသုံးချပြီး စိတ်ငြိမ်လေ့ကျင့်ခန်းပြု လုပ်တာ၊ စာဖတ်တာ ဒါမှမဟုတ် သင့်အတွက် အကျိုးရှိမယ့်အရာတစ်ခုခုကို လေ့လာတာမျိုးပြုလုပ်လို့ ရပါတယ်။သင်ဘာပဲလုပ်လုပ် သင်ရဲ့စိတ်ပျော်ရွှင်ကျေနပ်အောင် ပြုလုပ်ဖို့လိုပါတယ်။