တစ်နှစ်တာအကောင်းဆုံးဆုတွေ  သိမ်းကြုံးရယူသွားသူ Ariya Jutanugarn

jutanugarn-family-1063335650၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့ကပြီးစီးခဲ့သော ယူအက်စ် အမျိုးသမီးအိုးပင်းမေဂျာပွဲကြီးတွင် အာရီးယားဂျူတာနုဂန်းဗိုလ်စွဲလိုက်သည့်အခါ သူ့အားဂုဏ်ပြုသည့်ဆောင်းပါးအား ဇူလိုင်လ CEO Magazine ၌ ဖော်ပြခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လက ကမ္ဘာ့နံပါတ်တစ်အမျိုးသမီးဂေါက်သီးမယ်နေရာအား ပထမဆုံးအကြိမ် သူစတင်ရယူနိုင်ခဲ့သော်လည်း ထိုကာလမှစကာ ကိုယ်ခန္ဓာနာကျင်မှုဒဏ်ရာများမကြာခဏဖြစ်ပေါ်ကာ ယင်းနောက်ပိုင်း ရလဒ်များဆိုးရွားခဲ့ပါသည်။ ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးမယ်အဖြစ် ရက်သတ္တပတ် နှစ်ပတ်သာခံသည်။ ထိုနှစ်၏ လက်ကျန် မေဂျာပွဲကြီးလေးပွဲစလုံးတွင် မယုံနိုင်စရာပင် နှစ်ရက်နှင့်ပြုတ်ခဲ့သည်အထိ ဖြစ်ခဲ့ပါသည်။

          ဇူလိုင်လ ဆောင်းပါးတွင် အာရီးယားက ဂေါက်သီးရလဒ်များကာင်းမွန်လိုသဖြင့် စိတ်ပိုင်းဆိုင်ရာနည်းပြများပင်ခန့်ထားကာ ကြိုးပမ်းခဲ့ပုံများနှင့် ၂၀၁၈ ခုနှစ်အတွင်း ရလဒ်ကောင်းများရခဲ့ပြီးနောက် ယူအက်စ်အမျိုးသမီး အိုးပင်းပြိုင်ပွဲကြီးဗိုလ်စွဲခဲ့ပုံများကို တင်ပြခဲ့ပါ သည်။ ၂၀၁၈ ခုနှစ် မေလလယ်က အယ်လ်ပီဂျီအေတိုး တစ်ပွဲစတင်ဗိုလ်စွဲသည်မှစကာ ၂၀၁၈ ခုနှစ်အတွက် ဆုကြေးအများဆုံးဂေါက်သီးမယ်ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ် ပြိုင်ပွဲများ၌ တစ်ပွဲမျှ မပြုတ်ခဲ့သောသူသည် ၂၀၁၈ ခုနှစ်နှစ်ကုန်အထိ ဆုကြေးနံပါတ်တစ်နေရာမှ လျော့ကျမသွားတော့ပါ။

          အယ်လ်ပီဂျီအေတိုးသည် နှစ်ကုန်၌ တစ်နှစ်တာ အကောင်းဆုံးဆုများချီးမြှင့်လေ့ရှိပါသည်။ အဓိကဆုကြီး သုံးဆုမှာ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆု၊ တစ်နှစ်တာဆုကြေးအများဆုံးဂေါက်သီးမယ်ဆုနှင့် တစ်နှစ်တာပျမ်းမျ ရိုက်ချက်အနည်းဆုံးဂေါက်သီးမယ်ဆုများဖြစ်ပါသည်။ ထိုဆုများအပြင် အခြားထင်ရှားသော ဆုများမှာ မော်ကွန်းဝင် ဆွီဒင်ဂေါက်သီးမယ် အင်နီကာဆိုရမ်စတမ်က ချီးမြှင့်သည့် Annika Major Award၊ တစ် နှစ်တာ ထိပ်ဆုံးဆယ်ဦးအတွင်း အဆင့်ချိတ်မှုအကြိမ်အများဆုံးလူအား ဒေါ်လာတစ်သိန်းချီးမြှင့်သော Leaders Top 10 Award နှင့် Race to CME Globe ဟုခေါ်သော တစ်နှစ်တာပြိုင်ပွဲရလဒ်များအမှတ်ဇယားမှ အမှတ်အများဆုံးလူအား ဒေါ်လာတစ်သန်းချီးမြှင့်သည့် ဆုများဖြစ်ပါသည်။

ariya-jutanugarn-1062176354          နိုဝင်ဘာလ ၁၈ ရက်နေ့က နှစ်ပိတ် CME Group Tour Championship ပြိုင်ပွဲကြီးပြီးဆုံးသွားသည့်အခါ အထက်ဖော်ပြပါ ဆုများအားလုံးအားသိမ်းကြုံးရယူသွားသူမှာ အာရီးယားဟု အဖြေထွက်ပေါ်လာပါသည်။ အယ်လ်ပီ ဂျီအေတိုးရာဇ၀င်တွင် ယခင်ကတစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသော မည်သူတစ်ဦးတစ်ယောက်မျ မစွမ်းဆောင်နိုင်ခဲ့သေးသည့် အောင်မြင်မှုပင်ဖြစ်ပါတော့သည်။

          ပထမဆုံး အဖြေထွက်ပေါ်လာသောဆုမှာ Annika Major Award ဖြစ်ပါသည်။ ဤဆုမှာ တစ်နှစ်အတွင်း ကျင်းပသော အမျိုးသမီးမေဂျာပွဲကြီး ငါးပွဲ၌ စွမ်းဆောင်မှုများကို အမှတ်ပေးကာ အမှတ်အများဆုံးရသူအား ချီးမြှင့် သောဆုပါ။ ၂၀၁၈ ခုနှစ် အမျိုးသမီးမေဂျာပွဲကြီး ငါးပွဲ၌ ကွဲပြားခြားနားသော အမျိုးသမီးငါးဦးကနိုင်ခဲ့ကြသည်။ မည်သူမျ မေဂျာပွဲနှစ်ပွဲ မနိုင်ခဲ့ကြပါ။ အမှတ်ပေးပုံမှာ ထိပ်ဆုံး ၁၀ ဦးအတွင်းဝင်သူ များသို့သာဖြစ်သည်။ ဗိုလ်စွဲလျင် အမှတ် ၆၀၊ ဒုတိယ ၂၄ မှတ်၊ တတိယ ၁၈ မှတ်၊ စတုတ္ထ ၁၄ မှတ်၊ ပဉ္စမ ၁၂ မှတ်၊ ဆဋ္ဌမ ၁၀ မှတ်၊ သတ္တမ ၈ မှတ်၊ အဋ္ဌမ ၆ မှတ်၊ န၀မ ၄ မှတ်နှင့် ဒဿမ ၂ မှတ်တို့ဖြစ်ပါသည်။ ဗိုလ်စွဲကြသူများမှာ ANA Inspiration ၌ ဆွီဒင်သူ ပါနီလာလင်းဘတ်၊ US Women's Open ၌ အာရီးယား၊ Women's PGA Ch ၌ ကိုရီးယားသူ အက်စ်အိပ်ခ်ျပတ်ခ်၊ Women's British Open ၌ အင်္ဂလန်မှ ဂျော်ဂျီယာဟောလ်နှင့် Evian Ch. ၌ အမေရိကန်သူအင်ဂျ လာစတန်းဖို့ဒ်တို့ပါ။

Untitled-2

     မေဂျာငါးပွဲတွင် အာရီးယားက တစ်ပွဲဗိုလ်စွဲပြီး စတုတ္ထနှစ်ပွဲရသည်။ ရမှတ် ၈၈ မှတ်။ ပတ်ခ်က တစ်ပွဲ ဗိုလ်စွဲပြီး အဆင့် ၉ တစ်ပွဲရသည်။ ရမှတ် ၆၄။ စတန်းဖို့ဒ်က တစ်ပွဲဗိုလ်စွဲပြီး အဆင့် ၁၀ တစ်ပွဲရသည်။ ရမှတ် ၆၂။ လင်းဘတ်နှင့် ဟောလ်တို့မှာ တစ်ပွဲစီသာဗိုလ်စွဲကြပြီး ကျန်ပွဲများတွင်လည်း ထိပ်ဆုံး ၁၀ ဦး အတွင်း အဆင့်မချိတ်နိုင်ခဲ့ကြပါ။ ထို့ကြောင့် အမှတ် ၆၀ စီသာရကြသည်။ ယင်းအတွက်ကြောင့် အာရီးယားက ထိုဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ဂေါက်သီး ပြိုင်ပွဲများမှအနားယူခဲ့သော မေဂျာပွဲကြီး ၁၀ ပွဲအပါအ၀င် ကမ္ဘာတစ်ဝှမ်း၌ ၉၃ ပွဲ ဗိုလ်စွဲခဲ့သူမော်ကွန်းဝင်ဂေါက်သီးမယ် အင်နီကာဆိုရမ်စတမ်က ၂၀၁၈ ခုနှစ်၏ နောက်ဆုံးမေဂျာပွဲကြီးဖြစ်သော Evian Ch. နောက်ဆုံးကွင်းပတ်အပြီးတွင် ကျင်း ၁၈ ၏ ဂရင်းပေါ်၌ ထိုဆုကို အာရီးယားသို့ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

          ထိုနေ့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ဖြစ်ပါ သည်။ တစ်နှစ်တာပွဲစဉ်များပြီးရန် ၆ ပွဲလိုပါသေးသည်။ နောက်ဆုံးပွဲက နိုဝင်ဘာလ ၁၅-၁၈ တွင်ပါ။ တစ်နှစ်တာပွဲစဉ်များပြီးရန် ၃ ပွဲအလိုကာလတွင် အခြားဆုတစ်ဆု အာရီးယားရရန် သေချာသွားခဲ့ပြန်ပါသည်။ ထိုဆုမှာ ၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆုဖြစ်ပါသည်။ ဤဆုအား အယ်လ်ပီဂျီအေအဖွဲ့အစည်းက အမှတ်ဖြင့် ရွေးချယ်ပါသည်။ အမှတ်ပေးပုံမှာ ကစားခဲ့သမျ အယ်လ်ပီဂျီအေတိုးပွဲများအားလုံး၌ စွမ်းဆောင်နိုင်မှုအပေါ် အခြေခံသည်။ ဗိုလ်စွဲလျင် အမှတ် ၃၀၊ ဒုတိယရလျင် ၁၂ မှတ်၊ တတိယ ၉ မှတ်၊ စတုတ္ထ ၇ မှတ် ပေးကာ ယင်းနောက်တွင် အဆင့် ၁၀ ချိတ်သူအထိ တစ်မှတ်စီလျော့ချ၍ ပေးသွားပါသည်။ ထိပ်ဆုံး ၁၀ ဦးအတွင်း မ၀င်သည့်ပွဲအတွက် အမှတ်မရပါ။ မေဂျာပွဲကြီးများတွင် ပုံမှန်ပွဲများထက် အမှတ်နှစ်ဆပေးပါသည်။

          အာရီးယားသည် ထိုကာလအထိ ၂၀၁၈ ခုနှစ်အတွင်း မေဂျာပွဲကြီးတစ်ပွဲနှင့် အခြားနှစ်ပွဲဗိုလ်စွဲထားပြီး ထိပ်ဆုံး ၁၀ ဦးအတွင်း အဆင့်ချိတ်သော အခြားပွဲပေါင်းလည်း ၁၂ ပွဲပင်ရှိနေပါသည်။ ဒုတိယ ၂ ပွဲ၊ တတိယ ၂ ပွဲ၊ စတုတ္ထ ၃ ပွဲ၊ ပဉ္စမတစ်ပွဲနှင့် သတ္တမ ၄ ပွဲဖြစ်ပါသည်။ အမှတ်ပေါင်းတွင် ၂၁၉ မှတ်ရနေသည်။ အာရီးယားကဲ့သို့ မေဂျာတစ်ပွဲနှင့် အခြားနှစ်ပွဲဗိုလ်စွဲထားပြီး အမှတ်ပေါင်းတွင် ဒုတိယနေရာရနေသူအက်စ်အိပ်ခ်ျပတ်ခ်မှာ ထိပ်ဆုံး ၁၀ ဦးအတွင်းဝင်သော အခြားပွဲ ၃ ပွဲသာရှိခဲ့ပြီး ချိတ်ခဲ့သော အဆင့်များမှာလည်း တတိယ၊ အဋ္ဌမနှင့် န၀မတို့သာဖြစ်ခဲ့ပေရာ အာရီးယားက ပတ်ခ်အပေါ် ၈၃ မှတ်အသာရနေပါသည်။ ပတ်ခ်မှာ နောက်ဆုံး ၃ ပွဲအနက် ၂ ပွဲသာ ပါဝင်ကစားရန် အစီအစဉ်ရှိပေရာ နှစ်ပွဲစလုံးဗိုလ်ပြီး အမှတ် ၆၀ ရသည့်တိုင် အာရီးယားအား မမီနိုင်တော့ပါ။ အောက်တိုဘာလကုန်ပိုင်းတည်းက အဖြေသိပြီးဖြစ်သော်လည်း တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆု ပေးပွဲအခမ်းအနားကိုမူ နောက်ဆုံးနှစ်ပိတ်ပြိုင်ပွဲကြီးဖြစ် သော CME Group Tour Ch. ၏ ပထမကွင်းပတ် နိုဝင်ဘာလ ၁၅ ရက်နေ့ညနေခင်းတွင်မှ ကျင်းပပါသည်။

          တစ်နှစ်တာအကောင်းဆုံးဆုများ အာရီးယား သိမ်းကြုံးရယူနိုင်သည့် အနေအထားကို အောက်တိုဘာ လကုန်ပိုင်းကတည်းက ဂေါက်သီးမီဒီယာက ဖော်ပြခဲ့ပါ သည်။ ထိုကာလက တစ်နှစ်တာရပြီး ဆုကြေးငွေဒေါ်လာ ၂.၅ သန်းနီးပါးရှိနေသော အာရီးယားသည် ဒုတိယဆု ကြေးအများဆုံးနေရာရနေသူ မင်ဂျီလီးထက်ဒေါ်လာတစ် သန်းကျော်အသာရနေပေရာ ဆုကြေးပမာဏတွင် သူ့အားလိုက်မီရန် မဖြစ်နိုင်တော့ပါ။ တစ်နှစ်တာထိပ်ဆုံး ၁၀ ဦးအ တွင်း အဆင့်ချိတ်နိုင်မှု အရေအတွက်တွင်လည်း အာရီးယားက ၁၅ ပွဲဖြင့် အကြိမ်အများဆုံးဖြစ်နေပြီး ဒုတိယအကြိမ်အ များရထားသူ မင်ဂျီလီးက ၁၃ ပွဲသာဖြစ်နေပါသည်။ လက်ကျန် ၃ ပွဲတွင် မင်ဂျီလီးက ၂ ပွဲသာ ၀င်ပြိုင်မည်ဟုဆိုထားပေရာ လက်ကျန်နှစ်ပွဲစလုံးတွင် မင်ဂျီလီးက ထိပ်ဆုံး ၁၀ ဦးအတွင်းဝင်ပြီး အာရီးယားက မ၀င်ပါမှ သူတို့နှစ်ဦးအကြိမ်ချင်းတူကာ ဆုငွေ ဒေါ်လာတစ်သိန်းအား ခွဲဝေယူကြရပါမည်။

Untitled-3

          နိုဝင်ဘာလ ၇ ရက်နေ့တွင် တစ်နှစ်တာ ဒုတိယ နောက်ဆုံးပွဲဖြစ်သော Blue Bay LPGA ပြိုင်ပွဲကို ဟိုင်နံ ကျွန်း၌ ကျင်းပခဲ့ရာ အာရီးယားက ဒုတိယရခဲ့ပြီး တစ်နှစ်တာထိပ်ဆုံး ၁၀ ဦးအတွင်း အဆင့်ချိတ်နိုင်မှုအရေအ တွက် ၁၆ ကြိမ်ရှိသွားပါသည်။ ဤဆုအတွက် အခြားသူများ လိုက်မမီနိုင်ကြတော့ပါ။

          နောက်ဆုံးတစ်ပွဲသာကျန်သည့်အချိန်တွင် အာရီးယားအတွက် ဆုနှစ်ဆုသာအဖြေထွက်ရန် ကျန်ပါသည်။ တစ်ခုက တစ်နှစ်တာပျမ်းမျရိုက်ချက်အနည်း ဆုံးဆုနှင့် ကျန်တစ်ခုက  Race to CME Globe အမှတ် ဇယားချန်ပီယံဒေါ်လာတစ်သန်းဆုဖြစ်ပါသည်။

          Vare Trophy  ဟုခေါ်သောတစ်နှစ်တာပျမ်းမျ ရိုက်ချက်အနည်းဆုံးဆုအတွက် ပျမ်းမျရိုက်ချက်ဇယားတွင် အာရီးယားကပင် ဦးဆောင်နေပြီး ဂျင်ယောင်ကိုးက ဒုတိယနေရာတွင်ရှိနေပါသည်။ တွက်ချက်မှုများအရ နောက်ဆုံးပွဲတွင် ဂျင်ယောင်ကိုးက အာရီးယားထက် ရိုက်ချက် ၁၆ ချက်ပိုလျော့နည်းပါမှ ဂျင်ယောင်ကိုး ဆုရမည် ဟုဆိုပေရာ မဖြစ်နိုင်သောအနေအထားပါ။ ဤဆုကို အာရီးယားရရန် သေချာနေပြန်ပါသည်။

          ဒေါ်လာတစ်သန်းဆုဖြစ်သော Race to CME Globe အမှတ်အများဆုံးလူဆုမှာ အာရီးယားအတွက် မသေချာဆုံးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးပွဲမစတင်မီတွင် ဒုတိယနောက်ဆုံးပွဲအထိ ရခဲ့ပြီးသော တစ်နှစ်တာအမှတ်များကိုပယ်ဖျက်ကာ အမှတ်သစ်များ ချမှတ်ပေးခြင်းကြောင့်ပါ။ ပီဂျီအေတိုး၏ ဖက်ဒိတ်စ် အမှတ်ဇယားလုပ်ပုံနှင့်ဆင်တူသည်။ တစ်နှစ်ပတ်လုံးတစ်ပွဲမှမပြုတ်ခဲ့သော အာရီးယားသည် ဒုတိယနောက်ဆုံးပွဲ အပြီးအထိ ရမှတ်ပေါင်း ၄,၃၅၄ ဖြင့် အများဆုံးရနေပြီး ဒုတိယမင်ဂျီလီးက ၃,၁၄၁ မှတ်၊ တတိယဘရွတ်ခ် ဟင် ဒါဆင်က ၂,၆၄၉ မှတ်ဖြစ်ကြပေရာ အာရီးယားက မင်ဂျီလီးအပေါ် ၁,၂၁၃ မှတ်၊ ဟင်ဒါဆင်အပေါ် ၁,၇၀၅  မှတ် အသာရနေခဲ့ပါသည်။ သို့သော် ဒုတိယနောက်ဆုံးပွဲအ ပြီးအတွင် အဆင့်အလိုက်အမှတ်သစ်များ ပြန်လည်ချမှတ်ရာတွင် နံပါတ်တစ်နေရာမှလူအား အမှတ် ၅၀၀၀ ၊ ဒုတိယနေရာမှလူအား အမှတ် ၄၇၅၀ ၊ တတိယနေရာမှ လူအား ၄,၅၀၀  စသဖြင့် ပြန်လည်သတ်မှတ်ပေးခဲ့ပေရာ အာရီးယားမှာ မင်ဂျီလီးအပေါ် အမှတ် ၂၅၀ နှင့် ဟင်ဒါဆင်အပေါ်အ မှတ် ၅၀၀ သာ အသာရနေပါတော့သည်။

          နောက်ဆုံးပြိုင်ပွဲကြီး၌ ချိတ်သည့်အဆင့်အရ အမှတ်များပေးသည့်အခါ ဗိုလ်စွဲသူက အမှတ် ၃၅၀၀၊ ဒုတိယက ၂,၄၅၀၊ တတိယက ၂,၂၅၀၊ စတုတ္ထက ၂,၀၀၀၊  ပဉ္စမ ၁,၇၅၀၊ ဆဋ္ဌမက ၁,၅၀၀၊ သတ္တမက ၁,၂၅၀၊ အဋ္ဌမ က ၁,၀၀၀၊ န၀မက ၈၅၀၊ ဒသမက ၇၀၀ စသဖြင့် အဆင့် ၄၀ ချိတ်သူအထိပေးသွားပြီး အဆင့် ၄၀ ချိတ်သူက အမှတ် ၁၅၀ ရပါမည်။ ဤပွဲမှ ရမှတ်များနှင့် ပြန်လည်ချမှတ်ပေးထားသည့်အမှတ်များ ပေါင်းကာအမှတ် အများဆုံးရသူအား ဒေါ်လာတစ်သန်းချီးမြှင့်မည့် အစီအစဉ်ပါ။ ဤပုံစံအရ ပြန်လည်ချမှတ်အမှတ်ဇယားမှ ထိပ်ဆုံးငါးဦးသည် မည်သူမဆို ဗိုလ်စွဲသည်နှင့် ဒေါ်လာတစ်သန်းရပါမည်။ ကျန်လူများ ဒုတိယရစေဦး ထိုသူကို အမှတ်မမီတော့ပါ။ ထိပ်ဆုံးငါးဦးမဟုတ်ဘဲ အခြားတစ်ဦးဦးက ဗိုလ်စွဲပါလျင်မူ အမှတ်အများဆုံးမည်သူ ဖြစ်မည်မှာ ထိပ်ဆုံး ၁၂ ဦး၏ ချိတ်နိုင်သည့်အဆင့်ပေါ် တွင် မူတည်နေပါတော့သည်။ ဥပမာအားဖြင့် ဟင်ဒါဆင်က ဒုတိယရပြီး အာရီးယားက ပဉ္စမရပါလျင် ဟင်ဒါဆင် က ဤပွဲတွင် အာရီးယားထက်အမှတ် ၇၀၀ (၂၄၅၀-၁၇၅၀) အသာရသွားပြီး စုစုပေါင်းအမှတ်တွင် ဟင်ဒါဆင်က အာရီးယားထက် အမှတ် ၂၀၀ ပြန်လည်အသာရကာ အမှတ်အများဆုံးလူဖြစ်သွားပြီး ဒေါ်လာတစ်သန်း   ရသွားပါလိမ့်မည်။

          Race to CME Globe အမှတ်ဇယား အပြီးသတ်အဆင့်ထွက်ပေါ်လာသည့်အခါတွင် အပိုဆောင်းဆုကြေး စုစုပေါင်း ဒေါ်လာ ၁.၂၅ သန်းပေးမည်ဖြစ်ပါသည်။ ပေးရာတွင်လည်း အမှတ်အများဆုံးသုံးဦးသို့သာပါ။ ထို့အပြင် ပထမဆုကြေးငွေက ဒုတိယ၊ တတိယဆုကြေးငွေ များနှင့် ပမာဏများစွာခြားနားထားပါသည်။ ပထမရသူ က ဒေါ်လာတစ်သန်း၊ ဒုတိယက ဒေါ်လာတစ်သိန်းခွဲနှင့် တတိယက ဒေါ်လာတစ်သိန်းဖြစ်ပါသည်။

          ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နှစ်ပိတ် CME Group Tour Ch. ၏ ပထမကွင်းပတ်စတင် ခဲ့ပါသည်။ အာရီးယားမှာ နှစ်ချက်လျော့အချက် ၇၀ သာရခဲ့သဖြင့် ဦးဆောင်သူနှင့် ၇ ချက်အကွာ အဆင့်ပူး တွဲ ၂၄ တွင်သာရှိခဲ့ပါသည်။ ဒုတိယနေ့တွင်လည်း အာရီးယားက တစ်ချက်လျော့သာရခဲ့သဖြင့် ပေါင်း ၃ ချက်လျော့ဖြင့် ဦးဆောင်သူ လက်စီသွမ်ဆင်နှင့် ၉ ချက် အကွာအဆင့်ပူးတွဲ ၂၀ တွင် သာရှိနေခဲ့သည်။ တတိယ နေ့တွင် အာရီးယားက ၃ ချက်လျော့ရကာ ပေါင်း ၆ ချက် လျော့ဖြင့် အဆင့်ပူးတွဲ ၁၂ သို့ရောက်လာသည်။ သို့သော်  ဦးဆောင်သူလက်စီသွမ်ဆင်နှင့် ၁၀ ချက်ပင်ကွာနေသဖြင့် ဗိုလ်စွဲရန်ဖြစ်နိုင်ချေ အလှမ်းဝေးသွားပါသည်။ ဗိုလ်မစွဲ သော်လည်း အမှတ်အများဆုံး လူဖြစ်ရန်အတွက်မှာ အမှတ်ဇယားလက်ရှိ ထိပ်ဆုံး ၁၂ ဦး၏ အဆင့်အပေါ်မူတည် နေပေရာ သူ့အထက်တွင် ကာလော့တာစီဂန်ဒါ (အမှတ် စဉ် ၁၂)၊ ဆိုယွန်ရုး (အမှတ်စဉ် ၈)၊ မာရီနာ အဲလက်စ် (အမှတ်စဉ် ၁၁)၊ လစ်ဒီယာကိုး (အမတ်စဉ် ၁၀) နှင့် ဆေယောင်ကင်းမ် (အမှတ်စဉ် ၆) တို့ရှိနေပြီး သူနှင့်အတူ  ၆ ချက်လျော့တွင် နာဆာဟာတာအိုကာ (အမှတ်စဉ် ၄) ကရှိနေပါသည်။ ဘရွတ်ခ်ဟင်ဒါဆင် (အမှတ်စဉ် ၃) ကမူ သူ့နောက်တစ်ချက်အကွာမှ လိုက်နေပါသည်။ အမှတ်ဇယားအဆင့်နှစ် မင်ဂျီလီးမှာမူ ဤရက်သတ္တပတ်၌ စကိုးမကောင်းခဲ့ဘဲ စုစုပေါင်းသုံးချက်ပိုသာရကာ အဆင့်ပူးတွဲ ၅၁ အထိ ကျဆင်းနေခဲ့ပါသည်။

          အမှတ်ဇယားအမှတ်စဉ် ၅ အက်စ်အိပ်ခ်ျပတ်ခ်က အဆင့် ၂၂၊ အမှတ်စဉ် ၇ ဂျင်ယောင်ကင်းမ်အဆင့် ၇၀ နှင့် အမှတ်စဉ် ၉ မော်ရီးယားဂျူတာနုဂန်းက အဆင့် ၃၅ တွင်သာရှိကြသဖြင့် ယင်းတို့မှာ ရှေ့တန်းသို့ ရောက်မလာကြတော့ပါ။

          နောက်ဆုံးနေ့တွင် လက်စီသွမ်ဆင်က နှစ်ချက်လျော့ထပ်ရကာပေါင်း ၁၈ ချက်လျော့ဖြင့် ဗိုလ်စွဲသွားပါသည်။ နယ်လီကော်ဒါက ၁၄ ချက်လျော့ဖြင့် ဒုတိယ၊ ဆိုယွန်ရူးနှင့် ဘရစ်တ်နီလင်စီကုမ်းတို့က  ၁၃ ချက်လျော့ စီဖြင့် ပူးတွဲ တတိယရကြသည်။ အာရီးယားသည် ဤနေ့၌ အကောင်းဆုံးစကိုးဖြစ်သော ၆ ချက်လျော့ရိုက်နိုင်ခဲ့ပေရာ စုစုပေါင်း ၁၂ ချက်လျော့ဖြင့် ပူးတွဲပဉ္စမ ရခဲ့ပါသည်။ ဤအဆင့်ကြောင့် ဒေါ်လာတစ်သန်းအမှတ်ဇယားတွင် ထိပ်ဆုံးကမဆင်းရတော့ပဲ ဒေါ်လာတစ်သန်းရခဲ့ပါသည်။  ကွင်းပတ်အစတွင် ဘရွတ်ခ်ဟင်ဒါဆင်က သူ့ထက် စကိုး ကောင်းနေခဲ့ပါသေးသည်။ သူ့ရှေ့တစ်တွဲကျော်မှ ကစားနေသော ဟင်ဒါဆင်က ပေါင်း ၈ ချက်လျော့သို့ ရောက်စဉ်တွင် သူက ၇ ချက်လျော့တွင်သာရှိသေးသောကြောင့်ပါ။ နောက်ပိုင်းတွင်မှ သူက ၁၂ ချက်လျော့အထိ ရောက်လာခြင်းဖြစ်ပါသည်။ ဟင်ဒါဆင်မှာ ပေါင်း ၉ ချက်လျော့၊ အဆင့်ပူးတွဲ ၁၀ ဖြင့်သာ ပွဲသိမ်းနိုင်ခဲ့သည်။ အပြီးသတ် အမှတ်ဇယားအရ အာရီးယားက ပထမ၊ ဟင်ဒါဆင်က ဒုတိယနှင့် နာဆာဟာတာအိုကာက တတိယ ရကြသည်။

          အာရီးယားသည် တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆုရော၊ တစ်နှစ်တာပျမ်းမျရိုက်ချက် အနည်းဆုံးလူဆုရော ရလိုက်သည်မှာ တန်ဖိုးရှိလှပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ဂေါက်သီးမော်ကွန်း တိုက်တွင် မော်ကွန်းဝင်ဖြစ်ရန် အမျိုးသမီးကဏ္ဍ၌ အမှတ်ပေး၍ ရွေးချယ်ခြင်းဖြစ်ပေရာ ထိုဆုများတစ်ကြိမ် ရတိုင်း တစ်မှတ်ရသောကြောင့်ပါ။ အမျိုးသမီးမော်ကွန်းဝင်ဖြစ်ရန် အမှတ် ၂၇ မှတ်လိုအပ်ပါသည်။ အယ်လ်ပီ ဂျီအေတိုးတစ်ပွဲဗိုလ်စွဲလျင် တစ်မှတ်၊ မေဂျာပွဲကြီးတစ်ပွဲ ဗိုလ်စွဲလျင် နှစ်မှတ်၊ တစ်နှစ်တာအကောင်းဆုံးဂေါက်သီး မယ်ဆုတစ်ကြိမ်ရလျင် တစ်မှတ်နှင့် တစ်နှစ်တာပျမ်းမျ  ရိုက်ချက်အနည်းဆုံးလူဆုတစ်ကြိမ်ရလျင် တစ်မှတ်ပေးပါသည်။ အာရီးယားသည် ၂၀၁၆ ခုနှစ်ကလည်း  တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆုရခဲ့ပါသည်။ ယခု နှစ်အတွင်း ဗိုလ်စွဲသော သုံးပွဲပါဆိုလျင် သူမသည် မေဂျာပွဲကြီးနှစ်ပွဲနှင့် အခြားအယ်လ်ပီဂျီအေတိုးပွဲ ရှစ်ပွဲဗိုလ်စွဲထားပါပြီ။ မော်ကွန်းဝင်ဖြစ်ရန် စုစုပေါင်း ၁၅ မှတ်  ပင်ရနေပါပြီ။ သုံးနှစ်အတွင်းရသည့် အမှတ်ပါ။ နောက် သုံးနှစ်ဆိုပါလျင် အမှတ်ပြည့်လောက်ပါပြီ။ သို့သော်မူအရ အယ်လ်ပီဂျီအေတိုးတွင် ကစားသည့် သက်တမ်း ၁၀ နှစ်ပြည့်ရမည်ဖြစ်ပေရာ ၂၀၁၅ ခုနှစ်မှ စတင်ကစားသောသူအတွက် ၂၀၂၅ အထိစောင့်ရပါလိမ့်မည်။

          အယ်လ်ပီဂျီအေတိုး၏  Stat ဟုခေါ်သော ကိန်းဂဏန်းစာရင်းဇယား စစ်တမ်းတွင် ယခုနှစ်အတွင်း အာရီး ယား တင်လိုက်သော အခြားစံချိန်နှစ်ရပ်လည်း ရှိပါသေးသည်။ တစ်နှစ်အတွင်း ရိုက်ချက် ၇၀ မပြည့်သော ကွင်း ပတ်ပေါင်း ၅၇ ပတ်ရခဲ့ခြင်းနှင့် တစ်နှစ်အတွင်းရခဲ့သော ဘာဒီအလုံးရေပေါင်း ၄၇၀ ရှိခဲ့ခြင်းပါ။ အယ်လ်ပီဂျီအေ တိုး၏ စံချိန်သစ်များဖြစ်ပါသည်။

          ကမ္ဘာ့နံပါတ်တစ်နေရာအား ၂၀၁၇ ခုနှစ် ဇွန်လက ရက်သတ္တပတ်နှစ်ပတ်ကြာခဲ့ပြီးနောက် ကိုယ်ခန္ဓာ နာကျင်မှုဒဏ်ရာများကြောင့် ကမ္ဘာ့အဆင့် ၉ အထိ အဆင့်ကျဆင်းခဲ့ရသော အာရီးယားသည် ၂၀၁၈ ခုနှစ် ယူအက်စ်အမျိုးသမီးအိုးပင်းမေဂျာပွဲကြီး ဗိုလ်စွဲပြီးနောက် ဇွန်လဆန်းတွင် ကမ္ဘာအဆင့်နှစ်ဖြစ်လာသည်။ Scottish Open ဗိုလ်စွဲပြီးနောက် ဇူလိုင်လကုန်၌ ကမ္ဘာ့နံပတ်တစ်နေရာကို ပြန်ရခဲ့သည်။ သို့သော် သြဂုတ်လလယ်၌ အက်စ်အိပ်ခ်ျပတ်ခ်က သူ့ကိုကျော်တက်ကာ ကမ္ဘာ့နံပတ် တစ်နေရာကို ရယူခဲ့သည်။ သို့သော် ယင်းနောက်ပိုင်းတွင် ပတ်ခ်က လက်ပျက်လက်ကျခဲ့သည်။ Evian Ch. မေဂျာပွဲကြီး၌ နှစ်ရက်နှင့်ပြုတ်ခဲ့သည်။ အာရီးယားက လက်မှန်နေခဲ့သည်။ နောက်ဆုံး ၅ ပွဲ၌ ဗိုလ်မစွဲသော်လည်း ဒုတိယနှစ်ကြိမ်၊ တတိယတစ်ကြိမ်၊ ပဉ္စမတစ်ကြိမ်ရခဲ့သည်။ ထို့ကြောင့် နိုဝင်ဘာလဆန်းမှစ၍ ကမ္ဘာ့နံပါတ်တစ်နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလယ်အထိ ကမ္ဘာ့အဆင့်ထိပ်ဆုံးသုံးဦး၏ အမှတ်များမှာ အာရီးယား ၇.၅၈ မှတ်၊ ပတ်ခ် ၇.၀၄ မှတ်နှင့် ဆိုယွန်ရူး ၆.၆၀ မှတ်တို့ဖြစ်ကြသည်။

DnPDwOsX4AQG1Fv

          ၂၀၁၉ ခုနှစ်တွင်လည်း အာရီးယားနှင့် ပတ်ခ် တို့၏ ပြိုင်ဆိုင်မှုများကို တွေ့ကြရပါဦးမည်။ အယ်လ်ပီ ဂျီအေတိုးသည် အမေရိကန်တိုးဟုဆိုသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်စွမ်းထက်သည့် ဂေါက်သီးမယ်များ အကြိတ်အနယ်ယှဉ်ပြိုင်ရာ တိုးပင်ဖြစ်ပါသည်။ အားလုံးက လက်စွမ်းလည်းကောင်း၊ ကြိုးလည်းကြိုးစားကြသဖြင့် တစ်ဦးတစ်ယောက်တည်းက လွှမ်းမိုးရန်မှာ မဖြစ်နိုင်ပါ။ ၂၀၁၈ ခုနှစ်အတွင်း သုံးပွဲဗိုလ်စွဲနိုင်သူဟူ၍ အာရီးယားနှင့် ပတ်ခ်တို့နှစ်ဦးသာရှိသည်။ နှစ်ပွဲဗိုလ်စွဲနိုင်သူတွင်လည်း ဘရွတ်ခ်ဟင်ဒါဆင်နှင့် နာဆာဟာတာ အိုကာတို့နှစ်ဦးသာ ရှိသည်။ ပြိုင်ပွဲ စုစုပေါင်း ၃၂ ပွဲတွင် ၁၀ နိုင်ငံမှ ခြားနားသော ဂေါက်သီးမယ် ၂၆ ဦးက ဗိုလ်စွဲခဲ့ကြသည်။ အမေရိကန်ဂေါက်သီးမယ်များက ၉ ပွဲ၊ ကိုးရီးယားဂေါက်သီးမယ်များက ၇ ပွဲဖြင့် နိုင်ငံအလိုက်တွင် ဗိုလ်စွဲမှုအများဆုံး ဖြစ်ခဲ့ပါသည်။ ဤသို့ပြိုင်ဆိုင်မှု ပြင်း ထန်နေသော အချိန်တွင် တစ်နှစ်တာအကောင်းဆုံး ဆုများအားလုံးကို သိမ်းကြုံးရယူနိုင်ခဲ့သည် အသက် ၂၃ နှစ် သာရှိသေးသူ ထိုင်းဂေါက်သီးမယ်အာရီးယားအား ချီးကျူးဂုဏ်ပြုလိုက်ရပါသည်။

ဝင်းမြင့်သိန်း (၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလထုတ် CEO မဂ္ဂဇင်း)