စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ် သြဇာညောင်းခြင်းနှင့် အများသက်သေသဘောတရား

ဉာဏ်ပညာအမြော်အမြင်၊ အသိပညာနဲ့ဂုဏ်ဒြပ်ရှိတဲ့ လူတွေအပေါ်မှာ ကျွန်တော်တို့ကပိုပြီးအားကိုးအားထား ပြုကြပါတယ်။ မိဘ၊ ဆရာသမား၊ ရာထူးကြီးသူ၊ ပညာရှင်၊ ထင်ပေါ်ကျော်ကြားသူများပြောတဲ့စကားဆိုရင် ပို အလေးထားကြပါတယ်။ ကျွန်တော်တို့နဲ့ စေ့စပ်ညှိနှိုင်းဖော်များဟာလည်း အဲဒီလိုသြဇာညောင်းသူတွေအပေါ် ယုံကြည်လက်ခံမှုပိုရှိကြတယ်ဆိုတာ သိပြီးပြီဆိုရင် ကျွန်တော်တို့ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ကိုယ်တိုင်ဟာသြဇာညောင်းသူ ဖြစ်တယ်ဆိုတာကို သူတို့သိအောင်လုပ်ရမှာပေါ့။

ကျွန်တော်တို့ရဲ့တင်ပြချက်ကို ဆွေးနွေးတဲ့အခါ ကျွန်တော်တို့မှာ သင့်လျော်တဲ့အရည်အချင်းရှိကြောင်း၊ ကျွမ်းကျင်မှုနဲ့ ယုံကြည်စိတ်ချရမှုရှိကြောင်း ပေါ်လွင်စေသင့်ပါတယ်။ ဒါပေမဲ့အကြွားပိုပြီး ကိုယ်ရည် သွေးခြင်းမဖြစ်အောင်တော့ ဂရုစိုက်ရပါမယ်။ ကျွန်တော်တို့ရဲ့ သြဇာညောင်းမှုဟာ ကျွန်တော်တို့ပြောကြားတဲ့ သတင်းစကားတွေမှာ ခိုင်လုံတဲ့အထောက်အထားတွေ ရှိရပါမယ်။ အရည်မရအဖတ်မရစကားတွေ မဖြစ် သင့်ပါဘူး။ အဝတ်အစားကလည်း ကိုယ့်ဆွေးနွေးဖက်နဲ့တန်းတူ ဒါမှမဟုတ် နှာတစ်ဖျားအသာဖြစ်စေသင့်ပါတယ်။ အလွန်အကျွံသာလွန်ခြင်းတော့ မဖြစ်စေသင့်ပါ။ မိတ်ဆက်ရာမှာ သြဇာညောင်းသူ ဖြစ်ကြောင်းဖော်ပြနိုင်တဲ့ ရာထူးဌာနန္တရ၊ အမည်၊ ခေါင်းစဉ်ကို အသုံးပြုသင့်ပါတယ်။ ကိုယ့်ရုံးဌာနမှာ စေ့စပ်ညှိနှိုင်းမှုလုပ်ရင် သြဇာရှိမှုပေါ်လွင်စေတဲ့ အမှတ်လက္ခဏာတွေ အသုံးပြုနိုင်သလို တစ်ဖက်လူရဲ့ ရုံးကို အသုံးပြုပါကလည်း သူတို့ဘက်လည်း ဒီအတိုင်းလုပ်ထားမယ်ဆိုတာ တွေးတောထားပြီး ကိုယ့်ရပ်တည်ချက်ကို ခိုင်မာအောင် အားစိုက်ရပါမယ်။ အခြားနေရာတစ်ခုမှာ စေ့စပ်ညှိနှိုင်းရေးလုပ်မယ်ဆိုရင်တော့ လိုအပ်တဲ့ပစ္စည်းကိရိယာ အစုံအလင်နဲ့ ကျကျနနဝတ်စားဆင်ယင်ပြီး ပြည့်စုံစွာဆွေးနွေးနိုင်ရမှာ ဖြစ်ပါတယ်။

သြဇာရှိမှုကိုဖော်ပြတဲ့ ကိုယ်ဟန်အနေအထားကတော့ ရပ်လည်းမတ်မတ်၊ ထိုင်လည်းမတ်မတ် ဖြစ်ရပါမယ်။ တင်းကျပ်မှုတော့ မရှိစေရပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ဟန်အနေအထားကလည်း သတင်းစကားတွေ ထုတ်လွှင့်ပေးနိုင်ပါတယ်။ မရေမရာမှုလား၊ စိုးရိမ်သောကလား၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်လား၊ စစ်မှန်တဲ့ခေါင်း ဆောင်မှုလား။ အသံနေအသံထားကလည်း စကားပြောပါတယ်။ လူတွေဟာ နေ့တိုင်းနေ့တိုင်း ကိုယ့်ရဲ့ပင်ကို အသံတစ်မျိုးတည်းကိုပဲ အသုံးပြုတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတိထားပြီး ပြောင်းလဲကြည့်ပါလား။ အလေ့ အကျင့်ရှိရင် လုပ်လို့ရပါတယ်။ ကျွန်တော်တို့ရဲ့အသံဟာ သြဇာအာဏာ ရှိခြင်း မရှိခြင်း၊ သေချာမှုရှိခြင်း မရှိ ခြင်း၊ ခေါင်းဆောင်မှုရှိခြင်း မရှိခြင်းတို့ကို လက်ဆင့်ကမ်းပြီး အကြောင်းကြားပေးနိုင်ပါတယ်။ လည်ချောင်း ထဲက ထွက်လာတဲ့အသံ၊ ဒါမှမဟုတ် နှာသံကလေးနဲ့ ပြောမယ်ဆိုရင် အသံအားနည်းပါတယ်။ ဝမ်းခေါင်းထဲက ထွက်လာတဲ့အသံက အသံသြဇာပိုရှိပါတယ်။ သူ့နေရာနဲ့သူ အပြောင်းအလဲကို ထိန်းကျောင်းလုပ်နိုင်မယ်ဆိုရင် သိသာထင်ရှားတဲ့ အောင်မြင်မှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ သြဇာညောင်း နိုင်ဖို့အတွက်ဆိုရင် ပထမဆုံး ကိုယ့်ရဲ့အစွမ်းအစကို ကိုယ်သိရပါမယ်။ ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်အား လုံးကိုဖြည့်ဆည်းပေးပြီးတဲ့အခါ အားအကြီးဆုံး လူတစ်ယောက်ပုံ ပေါ်စေရပါမယ်။ အဲဒီအခါ သြဇာညောင်း ခြင်းကအလိုလို ပေါ်ပေါက်လာပါလိမ့်မယ်။

အခြား သတ္တလောကအနွယ်ဝင်တွေလိုပဲ လူတွေမှာလည်း‘အုပ်စုအတွေး’ တွေရှိတတ်ကြပါတယ်။ ငှက်အုပ်တစ်အုပ်ကိုကြည့်ပါ။ တစ်ကောင်က ကိုယ့်အမွေးကိုယ် သ နေရင် ကျန်အကောင်တွေကလည်း လိုက်သတတ်တယ်။ ငှက်တစ်ကောင်က လန့်ပျံသွားရင် ကျန်ငှက်အုပ် ကလည်း လန့်ပျံသွားတတ်ပါတယ်။ လူကူးမျဉ်းကျားတစ်ခုမှာ မီးနီပြနေတယ်။ ကားတွေက အသွားအလာ များတယ်။ ဘယ်သူမှ မကူးကြပါဘူး။ လူကူးမျဉ်းကျားမှာ မီးနီပြထားတုန်းပဲ၊ ကားတွေက အသွားအလာမရှိ တော့ဘူး။ လူတစ်ယောက်က စကူးသွားလိုက်တယ်။ ကျန်လူတွေပါ လိုက်ကူးလိုက်ကြပါတယ်။ လူအချင်းချင်းဆိုတော့ ဒါကို ‘အများသက်သေ’ လို့ ခေါ်ကြပါတယ်။

စေ့စပ်ညှိနှိုင်းရေးစားပွဲဆီကို ပြန်သွားလိုက်ကြရအောင်။ အုပ်ထိန်းသူအမူအကျင့်အားသန်တဲ့လူ တွေဟာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်မချလိုကြဘူး။ သူတို့ဟာ အနည်းဆုံး ‘အများသက်သေ’ နှစ်မျိုး လောက်လိုပါတယ်။ သူတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမယ့် လိုက်လျောမှုတစ်ခုကို ကျွန်တော်တို့က လုပ်ပေးလိုက်သည့်တိုင်၊ သူတို့က နောက်ထပ်တစ်မျိုး ရနိုင်ဦးမလားဆိုပြီး တွေဝေနေတတ်ပါတယ်။ ကျွန် တော်တို့ရဲ့ ထုတ်လုပ်မှု ဒါမှမဟုတ် ဝန်ဆောင်မှုပေးခြင်းဟာ တခြားအဖွဲ့အစည်းတွေမှာ ဘယ်လိုအောင်မြင်စွာ ရယူအသုံးချသွားကြတယ်ဆိုတာကို ထောက်ခံချက်တွေ သက်သေခံအထောက်အထားတွေနဲ့ ရှင်းပြနိုင်မှသာ အဲဒီအုပ်ထိန်းသူအမူအကျင့်ရှိတဲ့လူတွေက လုံခြုံစိတ်ချရတယ်လို့ ခံစားမိကြတယ်။

ဒီလိုပုဂ္ဂိုလ်တွေဟာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ဖို့ မနှစ်သက်တဲ့အပြင် အဆုံးအဖြတ်ပေးဖို့ လိုအပ်လာပြီဆိုရင်တောင် သူတို့ဟာ သူတို့ယုံကြည် စိတ်ချရမှုအရှိဆုံးပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်စစ်ဆေးလိုကြ ပါသေးတယ်။ အများသက်သေကို စောင့်ယူတဲ့သဘောပါ။ အားလုံးက အိုကေဆိုမှ ရှေ့ဆက်သွားလို့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆွေးနွေးညှိနှိုင်းဘက်ဟာ ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့က စေ့စပ်ညှိနှိုင်းရေးကို အချိန်ပိုပေးဖို့ လိုအပ်မယ်ဆိုတာ ကို ကြိုတွက်ထားနိုင်ပါတယ်။ ဆုံးဖြတ်ချက် မပေးနိုင်တဲ့အတွက် ကျွန်တော်တို့ဟာ သူတို့ကို စိတ်ပျက်စရာမလိုဘဲ၊ အချိန်အနည်းငယ်၊ အသေးစိတ်အထောက်အထား၊ အခြားလူများရဲ့ ထောက်ခံချက်ရအောင် ကြိုးစားမယ်ဆိုရင် အောင်မြင်မှုရလဒ် ပေါ်လာရမှာပါ။

မင်းဗထူး