စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က ”နငယ်” ခြောက်လုံး

စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတိုင်းမှာ ကျွန်တော်တို့ရဲ့အသံက ကျွန်တော်တို့အတွက်ယုံကြည်မှုတွေ သယ်ဆောင်လာနိုင်သလိုယုံကြည်မှုတွေကိုလည်း နုတ်သိမ်းသွားနိုင်ပါတယ်။ လေ့လာသူတွေရဲ့အဆိုအရစကား ပြောနေတဲ့ အကြောင်းအရာတစ်ခုအပေါ် ပရိသတ်ရဲ့ယုံကြည်မှုဟာ သူတို့ရဲ့စက္ခုအာရုံအမြင်၊ ကြားရတဲ့စကားသံနဲ့ နှုတ်ကပြောပုံဆိုပုံ ဖွဲ့စည်းမှုတို့အပေါ်မှာ အခြေခံတယ်လို့ ဆိုကြပါတယ်။ အမြင်က ၆၀ ရာခိုင်နှုန်း၊ အသံက ၃၀ ရာခိုင်နှုန်းနဲ့နှုတ်ပြောက ၁၀ ရာခိုင် နှုန်း အရေးပါတယ်လို့လည်း တွက်ချက်တင်ပြထားကြပါတယ်။

စေ့စပ်ညှိနှိုင်းကြသူအများစုကတော့ သူတို့ရဲ့အသံတွေဟာ ဆွေးနွေးပွဲလုပ်ငန်းစဉ်မှာ ဒီလောက်အထိလွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာကို တစ်ကြိမ်တစ်ခါမှတောင် စဉ်းစားမိကြမယ်မထင်ပါဘူး။ အချင်းချင်း အပေးအယူ အလျော့အတင်း စကားပြောနေကြတဲ့အခါမှာ ဆွေးနွေးဖက်တွေအဖို့ သူတို့ရဲ့အသံဟာ သူတို့ရဲ့အ ပေါ်မှာ ၃၀ ရာခိုင်နှုန်းအထိ ယုံကြည်မှုဖြစ်စေတယ်ဆိုရင် ဒါဟာအတော်ကြီးမားတဲ့ အကျိုးအာနိသင်တစ်ခုဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရပါမယ်။ တကယ်လို့ အမြင်အာရုံမပါရှိဘဲ တယ်လီဖုန်းကနေတစ်ဆင့် စေ့စပ်ညှိနှိုင်းတယ်ဆိုရင်စကားအသံဟာ ၇၀ ရာခိုင်နှုန်းအထိတောင် ယုံကြည်မှုကိုဖြစ်စေတယ်လို့ လေ့လာသူပညာရှင်တွေက ဆိုထားကြပါသေးတယ်။

ဘယ်သူမဆို စေ့စပ်ညှိနှိုင်းသူဖြစ်လာပြီဆိုရင် ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေအပေါ်မှာ အပြုသဘောလွှမ်းမိုးမှုအများဆုံးရရှိအောင်လုပ်လိုကြမှာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့အသံကို ပိုပြီး အကျိုးရှိစေမယ့်၊ ပိုပြီးဆွဲဆောင်မှုရှိစေမယ့် စကားသံဖြစ်လာရအောင် ‘နငယ်’ ခြောက်လုံးနည်းလမ်းကို လိုက်နာသွားသင့်ပါကြောင်း အကြံပေးလိုပါတယ်။

ပထမ ‘နငယ်’ ကတော့ အသံကို ‘နိမ့်မြင့် ပြောင်းလဲခြင်း’ ဖြစ်ပါတယ်။ အသံနဲ့ယုံကြည်မှု ၃၀ ရာခိုင်နှုန်းရယူနိုင်ဖို့အတွက် ပထမဦးဆုံးဂရုပြုရမယ့်အချက်ပါပဲ။ အသံကိုသူ့နေရာနဲ့သူ နိမ့်ချည်မြင့်ချည် ပြောနိုင်ရပါမယ်။ အနိမ့်အမြင့်မပါဘဲ တစ်သံတည်းပြောနေမယ်ဆိုရင် လူတွေကို ငြီးငွေ့စေပါတယ်။ ငြီးငွေ့နေတဲ့ ဆွေးနွေးဖက်ဟာ ကိုယ့်ဘက်ကလိုက်လျောမှုတွေ ပေးလိုက်တာကိုတောင် တုံ့ပြန်လိုက်လျောနိုင်ဖို့အတွက် စိတ်လှုပ်ရှားမှု သိပ်မရှိဘဲဖြစ်နေနိုင်ပါတယ်။ အသံနိမ့်မြင့်ပြောင်းလဲခြင်းဟာ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားအတွက် အချက်ပေးနိုင်တယ်။ ကိုယ်ပေးရတာတွေကိုလည်း စိတ်ဝင်စားကြောင်း ဖော်ပြလို့ရတယ်၊ ရယူဖို့အတွက်ကိုလည်း စိတ်ဝင်စားတယ်ဆိုတာ အထင်အရှားဖြစ်စေရပါတယ်။ သင့်လျော်သလို အသံအနိမ့်အမြင့်၊ အတက်အကျပြောင်းလဲခြင်းဖြင့် အကြောင်းအရာကို ပိုပြီးအဓိပ္ပာယ်ပေါက်စေတယ်၊ အလုပ်တွေကိုပိုပြီး မြောက်စေပါတယ်။

ဒုတိယ ‘နငယ်’ ကတော့ စကားပြောရာမှာ အနှေးအမြန် ‘နှုန်းထားပြောင်းလဲခြင်း’ ဖြစ်ပါတယ်။ စကားအသံအနှေးအမြန် နှုန်းထားတစ်မျိုးတည်းနဲ့ စကားပြောခြင်းဟာ ငြီးငွေ့စရာနောက်တစ်မျိုးဖြစ်ပါ တယ်။ မြန်မြန်ပြောရင်လည်း တစ်ဖက်လူက လိုက်မမီလို့ အပြည့်အ၀နားမလည်နိုင်ဘူး။ နှေးလွန်းတော့လည်း စိတ်မရှည်တော့ဘူး။ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ပြောစရာတွေ လုပ်စရာတွေအများကြီးရှိပါတယ်။ စကားအသံကြောင့် အတားအဆီးမဖြစ်စေသင့်ပါ။ စိတ်လှုပ်ရှားစရာ ကိစ္စမှာနည်းနည်းမြန်မြန်ပြောပြီး အလေးအနက်ထားရမယ့် ကိစ္စမှာဖြည်းဖြည်းမှန်မှန် ပြောရပါမယ်။ သိပ်အလေးအနက်မထားစေချင်တဲ့ ကိစ္စတွေကိုလည်း ခပ်မြန်မြန်ပြောလိုက်နိုင်ပါတယ်။

တတိယ ‘နငယ်’ ကတော့ စကားပြောရင်း ‘နားခြင်း’ ဖြစ်ပါတယ်။ ပိုမိုထိရောက်မှုရှိစေဖို့အတွက် ခေတ္တနားရပါတယ်။ ဆွေးနွေးပွဲတိုင်းမှာ သိသာထင်ရှားမှုရှိစေသင့်တဲ့ အချိန်ကာလကလေးတွေပါဝင်ကြမှာပါ။ အလေးအနက်ဖြစ်စေဖို့အတွက် အရေးကြီးတဲ့အချက်ကို မပြောခင်အချိန်ကလေးနဲ့ ပြောပြီးစအချိန်ကလေးမှာ ခဏနားရပါတယ်။ စကားပြောရင်း ခဏနားလိုက်တာဟာ ပြောဆိုသူအတွက်ရော၊ နားထောင်သူတွေအတွက်ပါ အာရုံကြောတွေ အလျင်အမြန်အလုပ်လုပ်နေရာက ဖြည်းဖြည်းမှန်မှန် ဖြစ်သွားအောင် လျော့ချပေးနိုင်ပါတယ်။ စကားပြောရင်း သတိကြီးစွာနဲ့ကျွမ်းကျင်စွာပြောတတ်မယ်၊ နားတတ်မယ်ဆိုရင် ဆွဲဆောင်မှုရေချိန်အမြင့်ဆုံးရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ကတော့ အလေ့အကျင့်အများကြီး လိုပါတယ်။

စတုတ္ထ ‘နငယ်’ ကတော့ အသံကို ‘အနီးအ ဝေးပြောင်းလဲခြင်း’ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသံကို ဘယ်လောက်ဝေးဝေးက ကြားစေချင်တာလဲ၊ ဘယ်လောက်နီးနီးမှာ ဘယ်လောက်ကျယ်ကျယ် ကြားစေချင်သလဲ။ ကိုယ့်ရဲ့အသံက ဘယ်လောက်ကျယ်အောင် ပြောသင့်သလဲ။ ဘယ်လောက်တိုးတိုး ပြောသင့်သလဲ။ အသံထုတ်လွှင့်မှုကို ပြောင်းလဲရတာ ပရိသတ်မငြီးငွေ့ စေဖို့ပါ။ ငြီးငွေ့လာရင် မကောင်းမြင်တတ်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်အကြံပေးချင်တာကတော့ အသံတိုးတာနဲ့စာရင်၊ အသံကျယ်တာက ဆွေးနွေးပွဲအစီအစဉ်တွေမှာ ပိုအလုပ်ဖြစ်ပါတယ်။ အသံက ပီပီသသကြားရတဲ့အထိ ကျယ်တယ်၊ အသံထွက်ပုံ ခိုင်မာတယ်ဆိုရင် နားထောင်သူတွေက သတိကပ်ပြီး နားထောင်လေ့ရှိကြပါ တယ်။ ဒါကြောင့် ပြောရကျိုးနပ်ပါတယ်။

ပဉ္စမ ‘နငယ်’ ကတော့ ‘နှလုံးသားထဲအထိ ရောက်စေခြင်း’ လို့တင်စားပြောနိုင်ပါတယ်။ စောစောကတင်ပြခဲ့တဲ့ ‘နငယ်’ တွေက ရုပ်ပိုင်းနဲ့ ပိုသက်ဆိုင်ပါတယ်။ အခုတင်ပြမယ့် ‘နငယ်’ ကတော့ ကျွန်တော်တို့ရဲ့အသံတွေကို အရောင်အသွေး ဆေးခြယ်ပေးတယ်၊ နွေးထွေးအောင်လုပ်ပေးတယ်၊ စိတ်စေတနာကို ပေါ်လွင်စေတယ်။

ကျွန်တော်တို့ပြောတဲ့ အသံထဲမှာကိုက (စကားလုံးနဲ့မဟုတ်ဘဲ) ဆွေးနွေးဖော်ဆွေးနွေးဖက်တွေအပေါ်မှာ မေတ္တာတရားထားရှိခြင်း၊ အခုလိုသတင်းအချက် အလက်ကလေးတွေရှင်းပြနေရတာကို ဂုဏ်ယူပျော် ရွှင်နေခြင်း၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် အမြဲတန်ဖိုးထားခြင်းတို့ ပါဝင်သွားဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြောတဲ့အသံဟာ တေးသွားတစ်ခုရဲ့ နရီစည်းဝါးကိုက်ညှိမှုမျိုးလို ကျွန်တော်တို့ရဲ့ စိတ် ခံစားမှုတွေကို ဆွေးနွေးဖက်တွေရဲ့ နှလုံးသားအထိ ရိုက်ခတ်နိုင်တဲ့ တုန်နှုန်းအမှန်ဖြစ်ဖို့ လိုပါတယ်။

ဆဋ္ဌမ ‘နငယ်’ ကတော့ ‘နည်းနာသစ်ကိုခံယူ လေ့ကျင့်ထားခြင်း’ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဦးနှောက်တွေက လုပ်နေကျအတိုင်း ထပ်တလဲလဲသာ လုပ်ချင်ကြတယ်။ ဒါကြောင့် ပြောနေကျအတိုင်းပဲပြောချင်တယ်။ တစ်စုံတစ်ခုပြင်မယ်ဆိုရင် ကသိကအောက်ဖြစ်တယ်။ အမြဲတမ်းလုပ်နေကျအတိုင်းလုပ်၊ ပြောနေကျ အသံနေအသံထားအတိုင်း ပြောနေကြမယ်ဆိုရင် ကျွန်တော်တို့ မူလဗီဇမှာ ရှိထားသလောက်သာရနိုင်ပါမယ်။ ခါတိုင်းလိုပဲ ကြုံနေကျပြဿနာတွေ ဆက်ကြုံတွေ့နေရမယ်။ အောင်မြင်မှုတွေ ရသင့်သလောက်ပဲရနိုင်မယ်။ အမြင့်ဆုံးရည်မှန်းချက်ကို လိုချင်တယ်၊ အခက်အခဲတွေ အများကြီးကို လျော့ချချင်တယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အောင်မြင်မှု ၃၀ ရာခိုင် နှုန်းအပြည့်ရအောင်နည်းနာသစ်ကို ကျွန်တော်တို့ သုံးစွဲကြရပါမယ်။ အပြောအဟောကောင်းတဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေ၊ အချေအတင်ပြောဆိုမှုတွေနဲ့ အဆိုပြုချက်တွေကို အသံနေအသံထားနဲ့တကွ ဂရုတစိုက်နားထောင် ကြည့်မယ်ဆိုရင် သူတို့ဟာ နည်းနာသစ်ကိုခံယူဖို့အတွက် ဘယ်လောက်ကြာကြာ သင်ယူလေ့ကျင့်ထားခဲ့ကြတယ်ဆိုတာ ခန့်မှန်းသိရှိနိုင်ပါတယ်။

မင်းဗထူး