စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က အရောင်းအဝယ်

တကယ်တော့ စေ့စပ်ညှိနှိုင်းရေးစားပွဲဆိုတာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လိုက်လျောမှုတွေချည်းပဲ လုပ်ပေးနေကြရမယ့်နေရာ သက်သက်တော့ မဟုတ်ပါဘူး။ အလျော့ပေးလိုက်လျောရတာနဲ့စာရင်၊ အရောင်းအဝယ်လုပ်တဲ့နေရာလို့ပြောတာက ပိုပြီးနီးစပ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲ။ စေ့စပ်ညှိနှိုင်းရေး စားပွဲကိုရောက်လာခဲ့ရင် ကျွန်တော်တို့ကိုယ်စီမှာ ဆွေးနွေးတင်ပြစရာအကြောင်းကိစ္စကလေးတွေ ပါလာကြမှာပဲ။

ဆွေးနွေးတင်ပြတယ်ဆိုတာ အလွတ်သဘောပဲဖြစ်ဖြစ်၊ အလုပ်သဘောပဲဖြစ်ဖြစ်၊ အမှန်စင်စစ် ကိုယ့်အမြင်၊ ကိုယ့်အယူအဆ၊ ကိုယ့်အကြံဉာဏ်ကို ‘ရောင်းချနေခြင်း’ ဖြစ်ပါတယ်။ ကိုယ့်အကြံဉာဏ်ကို သူကလက်ခံတယ်၊ ကျင့်သုံးမယ်ဆိုရင် ‘ဝယ်သွားပြီ’ လို့မှတ်ယူရမှာပါ။ အလားတူပါပဲ အခြားတစ်ဖက်က အကြံဉာဏ်ကိုလည်း ကိုယ်ကကြိုက်ရင်လည်း ဝယ်လိုက်ရုံပါပဲ။ ဒါကြောင့် စေ့စပ်ညှိနှိုင်းတယ်ဆိုတာအရောင်းအဝယ်လုပ်တာပဲလို့ ယေဘုယျသဘောထားနိုင်ပါတယ်။ ဒါပေမဲ့ ရောင်းတာဝယ်တာက ငွေနဲ့လုပ်တာမဟုတ်ဘူး၊ ယုံကြည်မှုနဲ့လုပ်တာ။ ကိုယ်က သူ့အယူအဆကိုကြိုက်လို့ဝယ်လိုက်မယ်ဆိုရင် သူ့အပေါ်ယုံကြည်မှုပြုပေးတာပါပဲ။ ကိုယ့် အယူအဆကို သူကြိုက်လို့ဝယ်ရင်လည်း သူကကိုယ့်ကို ယုံကြည်မှု ပြန်ပေးတာပါပဲ။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ အရောင်းအဝယ်များများ ဖြစ်ဖို့ပဲ လိုပါတယ်။ ဘယ်သူမှ အရှုံးမရှိတဲ့အရောင်းအဝယ်ပါ။

စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေထဲမှာကိုက ဆီလျော်အပ်စပ်တဲ့ ဖွဲ့စည်းပုံနဲ့လုပ်ငန်းအဆင့်တွေပါ ပြီးသားဖြစ်မှာပါ။ ကိုယ်တင်ပြရမယ့်ကိစ္စ၊ ကိုယ့်အဆိုအတွက်လည်း အဲဒီအစီအစဉ်မှာ ပါဝင်ပြီးသားဖြစ်မှာပါ။ သီးခြားအစီအစဉ်အနေနဲ့ သက်ဆိုင်သူတွေက ထည့်မထားရင်တောင်၊ အထွေထွေဆွေးနွေးတဲ့အချိန်၊ အပြန်အလှန်မေးခွန်းမေးနိုင်တဲ့အချိန်တွေမှာ ဆွေးနွေးတင်ပြနိုင်အောင် ကြိုးစားရမှာပါ။ တစ်ခါတလေ အဲဒီလို အစီအစဉ်ထဲမပါဘဲ ဆွေးနွေးတင်ပြရတာက ပိုအကျိုးရှိကောင်းရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတစ်လျောက်လုံးမှာ တစ်ဖက် လူကဘာအရေးတကြီး လိုအပ်နေသလဲဆိုတာကို မှန်းဆပြီး သိနိုင်ပါတယ်။ ကိုယ့်ဆီမှာလည်း သူလိုချင်တာ ရှိနေတယ်ဆိုရင်တော့ ကြားဖြတ်ပြီး ထုတ်ရောင်းလို့ရပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း လက်ဆွဲခြင်းကိုင်ပြီး ဈေးတစ်ပတ်ပတ်ခဲ့တာ ဘာမှဝယ်ချင်စရာ မရှိတော့ ကောင်တာနားရောက်ခါမှ တစ်ခုခုကောက်ဝယ်လိုက်သလိုမျိုး ကိုယ့်တင်ပြချက်က ကံကောင်းချင်လည်းကောင်းသွားနိုင်ပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေး စားပွဲကိုလည်း ရောက်လာခဲ့ပြီး၊ ဆွေးနွေးတင်ပြစရာကလေးတွေလည်းရှိတယ်ဆိုရင် လုံးဝငြင်းပယ်ခံရနိုင် မယ့် အခြေအနေမှတစ်ပါး ကျွန်တော်တို့ဟာ ဖြစ်နိုင်သမျ ကိုယ့်အမြင်ကို ကိုယ်ကထုတ်ပြောဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ငြင်းပယ်ခြင်းခံရမယ်ဆိုတာ သိလျက်နဲ့ ကိုယ့်အမြင်၊ ကိုယ့်အယူအဆက ဒီလိုရှိတယ်ဆိုတာကို တခြားလူတွေသိဖို့အတွက် ပြောသင့်တာတွေရှိပါတယ်။ အခုလောလောဆယ် အရောင်းအဝယ်မဖြစ် သေးသော်လည်း ဒီနေရာမှာ ဒီအယူအဆရှိနေတယ်ဆိုတာကို သိသွားခြင်းဖြင့် နောင်အခါ သူ့အဖို့လိုအပ်လာရင် ဒီအယူအဆကို ပြန်လာဝယ်နိုင်ပါတယ်။

အရေးကြီးတာကတော့ ကိုယ့်အဆိုမှာ ကိုယ်ဖြစ်စေချင်တဲ့ လိုလားချက်တွေ အပြည့်အစုံ ပါဝင်နိုင်ဖို့ရယ်၊ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ရောက်နေကြတဲ့ လူသားတိုင်းရဲ့ နှလုံးသားတွေကို ထိစပ်ချိတ်ဆက်မိအောင် ပြုလုပ်နိုင်တဲ့ ကျွမ်းကျင်မှုပါရှိဖို့ရယ် လိုအပ်ပါတယ်။ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ အသိပညာအကြောင်း ကျွန်တော်တို့ အနည်းနဲ့အများ ဗဟုသုတရှိကြပါတယ်။ လူတိုင်းဟာ အမြင်အာရုံနဲ့ပဲဖြစ်ဖြစ်၊ အကြားအာရုံနဲ့ပဲ ဖြစ်ဖြစ် နောက်ဆုံးသတင်းကလေးတွေကို အမြဲထုတ်လွှတ်ပေးနေလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီအာရုံတွေရဲ့လွှမ်းမိုးနိုင်မှုကို အသုံးချပြီး စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ တင်ပြပုံတင်ပြနည်းကျွမ်းကျင်မှုကို တိုးတက်လာအောင် ပြုလုပ်နိုင်ပါ တယ်။ စေ့စပ်ညှိနှိုင်းသူတွေအကြားမှာ ကျွန်တော်တို့က အပြုသဘောလွှမ်းမိုးနိုင်မှုများများရှိလေ၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲတွေဟာ အပေါက်အလမ်းပိုတည့်ပြီး တစ်ဖက်နဲ့တစ်ဖက်အစေးပိုကပ်လေဖြစ်ပါတယ်။ အဖျက်သဘောလွှမ်းမိုးမှု ဖြစ်သွားမယ်ဆိုရင်တော့ နောက်ထပ် ပဋိပက္ခတွေ ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်က တင်ပြပုံတင်ပြနည်း ကျွမ်းကျင်မှုအပေါ်မှာ အမြဲသတိရှိပြီး အခြေအနေ အချိန်အခါအလိုက် ချိန်ဆသုံးစွဲတတ်မယ်ဆိုရင် တခြား လူတွေရဲ့တင် ပြပုံတင်ပြနည်းအပေါ်မှာလည်း အသေးစိတ်အကဲခတ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေပါပဲ။

တစ်ခါတလေကျတော့ ကိုယ့်အယူအဆဟာ ရောင်းမစွံဖြစ်မှာစိုးလို့ ထုတ်မပြောဖြစ်တာရှိတယ်။ ဒီ ညှိနှိုင်းဆွေးနွေးပွဲမှာ ဝယ်သူမရှိလို့ ရောင်းမစွံဖြစ်လည်း အရေးမကြီးပါဘူး။ ကိုယ့်အယူအဆက ခေတ်မီနေတယ်၊ အသုံးတည့်နေတယ်ဆိုရင် ဆွေးနွေးပွဲမှာ တင်ပြလိုက်လို့ ပုပ်သိုးသွားမှာ မဟုတ်ပါဘူး။ တစ်ချိန်ကျရင် ဈေးကောင်းပေးပြီး ပြန်လာဝယ်ပါလိမ့်မယ်။ အယူအဆတစ်ခုဟာ မတင်ပြဘဲ၊ မဖော်ထုတ်ဘဲ၊ မဆွေးနွေးဘဲ ထားရင်သာ စိတ်ကူးယဉ်အတွေးစကလေးတစ်ခုအဖြစ်နဲ့ လွင့်စင်ပျက်ပြယ်သွားနိုင်ပါတယ်။

တင်ပြမှုတစ်ခု ပြုလုပ်တယ်ဆိုတာကလည်း ပြီးပြီးရောလုပ်လို့ရတာမဟုတ်ဘူး။ အမြင်အာရုံနဲ့ပဲဖြစ် ဖြစ်၊ အကြားအာရုံနဲ့ပဲဖြစ်ဖြစ် လွှမ်းမိုးမှုတစ်ခုဖြစ်လာ အောင် အားထုတ်ရတာပါ။ တစ်စုံတစ်ရာပြုလုပ်မှုရှိတဲ့ လူသားတိုင်းအတွက် တစ်စုံတစ်ခု ကျန်ရှိပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးတင်ပြချက်ကို တစ်ဖက်က လက်မခံနိုင်သေးဘူးဆိုရင်တောင် ကျွန်တော်တို့ရဲ့ သဘေားထား၊ ရပ်တည်ချက်နဲ့ စိတ်စေတနာအမှန်ကို သူတို့သိသွားကြပါလိမ့်မယ်။ ဒီလို သိသွားကြတာကိုက ကျွန်တော်တို့ တစ်စုံတစ်ခုရ လိုက်တာပါပဲ။ ဒါကြောင့် တင်ပြသင့်တင်ပြထိုက်တဲ့ အခြေအနေတစ်ရပ်မှာ တင်ပြပိုင်ခွင့်ကို အထိရောက်ဆုံးအသုံးချရပါမယ်။ အရောင်း အဝယ်မဖြစ်လည်း အရှုံးမရှိပါဘူး။ ဒါကြောင့် ဆွေး နွေးပွဲတွေမှာ ဒီလိုလှုပ်ရှားရုန်းကန်ရတာကို နားလည်ထားမယ်ဆိုရင် ဘယ်သူမဆို စေ့စပ်ညှိနှိုင်းရေးမှူး ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မင်းဗထူး