စီမံခန့်ခွဲသူ ခေါင်းဆောင်တိုင်းမပြောသင့်တဲ့ စကား ၁၁ ခွန်း

မန်နေဂျာတစ်ယောက်အနေနဲ့၊ ရာထူးတာဝန်အသီးသီး အဆင့်ဆင့် ဦးဆောင်သူတွေအနေနဲ့ မိမိရဲ့အဖွဲ့သားတွေနဲ့ ဆက်ဆံတဲ့နေရာမှာ၊ စီမံခန့်ခွဲမှုလုပ်တဲ့နေရာမှာ မပြောသင့်တဲ့ စကားတွေရှိပါတယ်။ ဒါတွေကို ဘာကြောင့်မပြောသင့်သလဲဆိုတာကို လေ့လာကြည့်ရအောင် …

၁။ ”ငါနင့်ကို လစာပေးထားတာမဟုတ်ဘူး အဲဒီအတွက် နင့်နေရာကိုလည်း ငါလုပ်နိုင်တယ်”

ဘာကြောင့်မပြောသင့်သလဲ
ဒီလိုခြိမ်းခြောက်တဲ့၊ အာဏာပြတဲ့ စကားမျိုးကနေတစ်ဆင့် ကိုယ့်ကိုသစ္စာရှိတဲ့၊ အကောင်းဆုံးလုပ်ပြနိုင်တဲ့အဖွဲ့သားတွေကို မရရှိနိုင်ပါဘူး။

ပြောသင့်တာကတော့
”ဒီလိုသာဆို မင်းဘယ်လိုလုပ်မယ်လို့စီစဉ်ထားလဲ”

၂။ ”ဒီနေ့လုပ်တာကောင်းတယ်”

ဘာကြောင့်မပြောသင့်သလဲ
ဒီလို ယေဘုယျဆန်တဲ့ နှုတ်ဆက်စကားမျိုးက သူတို့ဘာလုပ်နေလဲဆိုတဲ့အပေါ် ကိုယ်တကယ် စိတ်မဝင်စားဘူးလို့ ဆိုလိုနေတာပဲဖြစ်ပါတယ်။

ပြောသင့်တာက
” (လက်ရှိလုပ်နေတဲ့ကိစ္စ) က ဒီနေ့အခြေအနေကောင်းလား”

၃။”ဒီဖောက်သည်က ငါ့ကိုသိပ်စားတာပဲ”

ဘာကြောင့်မပြောသင့်သလဲ
ဒီလိုပြောခြင်းအားဖြင့် ဖောက်သည်ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ ကိုယ်ကပေါ့ပေါ့တန်တန်ပဲ သဘောထားတယ်။ သူတို့လည်း အဲဒီလိုပဲလိုက်လုပ်လို့ရတယ်လို့ သဘောသက်ရောက်စေပါတယ်။

ပြောသင့်တာက
”ဒီ(ဖောက်သည်)ကတော့တို့တွေအတွက် Challenge ဖြစ်လိမ့်မယ်ဟေ့ … ဘယ်လိုထင်ကြလဲ”

၄။”လုပ်လက်စ ဆက်လုပ်ထားလိုက်”

ဘာကြောင့် မပြောသင့်တာလဲ
အဖွဲ့သားအများစုက တစ်ဦးချင်းစီအတွက်တိုးတက်မှုကိုအညီအမှုပြုစေတဲ့ အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေ လိုအပ်ပါတယ်။

ပြောသင့်တာက
”(သူတို့ကိုတာဝန်ပေးထားတဲ့ကိစ္စ)နဲ့ပတ်သက်ပြီး မင်းလုပ်တာ တော်တယ်/ကောင်းတယ်/အတော်လေး အဆင်ပြေတယ်။ မင်းအနေနဲ့ဘယ်လိုအပိုင်း၊ ဘယ်လိုနေရာတွေမှာ ပိုပြီးတိုးတက်အောင် လုပ်ချင်သေးသလဲ”

၅။”ငါ့အချိန်တွေကိုလာမဖြုန်းနဲ့။ ဒီကိစ္စက စမ်းထားပြီးသားပဲ”

ဘာကြောင့်မပြောသင့်သလဲ
ဒီလိုပြောလိုက်ခြင်းအားဖြင့် ဆန်းသစ်တီထွင်မှုတွေမရှိအောင် ပိတ်ချလိုက်တာပဲဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ဆီကို ကိုယ့်အဖွဲ့သားတွေက စိတ်ကူးစိတ်သန်းအသစ်တွေ လာမပေးရဲအောင်ဖြစ်သွားစေနိုင်ပါတယ်။

ပြောသင့်တာက
”ဘယ်လိုထပ်လုပ်နိုင်မယ်လို့ မင်းတွေ့ထားသေးလဲ”

၆။”ဘာကြောင့်ဒါကိုမလုပ်တာလဲ” ”ဘာကြောင့်အဲဒီလိုလုပ်တာလဲ”

ဘာကြောင့်မပြောသင့်တာလဲ
စွပ်စွဲမှုဆန်တဲ့အပြောအဆို၊ အပြုအမူတွေကြောင့် အဖွဲ့သားတွေကို ဆုံးရှုံးစေနိုင်ပါတယ်။

”ဘာကြောင့်”ဆိုတဲ့ အသုံးအနှုန်းကို မေးခံရသူကအလိုအလျောက်ပဲ ခုခံဖို့လိုအပ်တယ်လို့ အထင်ရောက်သွားပါလိမ့်မယ်။

ပြောသင့်တာက
”နောက်တစ်ခေါက်ဒီလိုမဖြစ်အောင် ဘယ်လိုများတို့တွေလုပ်နိုင်မလဲ”

၇။”ငါအခုစကားပြောဖို့အချိန်မရှိဘူး”

ဘာကြောင့်မပြောသင့်တာလဲ
ကိုယ့်အဖွဲ့သားတွေနဲ့စကားပြောချိန်ယူတာက သူတို့ကိုတန်ဖိုးထားတယ်လို့ ခံစားရစေပြီး တိုးတက်ဖို့ ကူညီတိုက်တွန်းရာလည်း ရောက်ပါတယ်။

ပြောသင့်တာက
”ငါလည်း ဒီအကြောင်းကို မင်းနဲ့ပြောချင်တယ်။ အခုတော့ အလုပ်များနေလို့ ဒီကိစ္စဆွေးနွေးဖို့ တစ်ရက်လောက် အချိန်ကြိုညှိကြရအောင်”

၈။”ဒါအရေးမကြီးပါဘူး”

ဘာကြောင့်မပြောသင့်တာလဲ
ကိုယ့်အဖွဲ့သားတွေရဲ့ စိုးရိမ်ပူပန်မှုတစ်ခုခု၊ အခက်အခဲတစ်ခုခုကို သေချာနားမထောင်ဘဲ ချက်ချင်းဆိုသလို ဒါအရေးတကြီးကိစ္စမဟုတ်ဘူးလို့ တုံ့ပြန်လိုက်တာက သူတို့ရဲ့အတွေးတွေကို တန်ဖိုးမထားဘူးဆိုတဲ့သဘောနဲ့ အတူတူပါပဲ။

ပြောသင့်တာက
”ဒီကိစ္စက မင်းအတွက်ဘယ်လို စိုးရိမ်စရာများဖြစ်နေလဲဆိုတာ ငါ့ကိုရှင်းပြပါဦး”

၉။”ရှင်းကြလား” ”အားလုံးနားလည်တယ်နော်”

ဘာကြောင့်မပြောသင့်တာလဲ
၁- တစ်ချိန်တည်း တစ်ပြိုင်နက်တည်း အချက်အလက်တွေအများကြီးပေးလိုက်ရင် သူတို့ဘယ်လိုနားလည်ရမှန်းသိ ကြမှာမဟုတ်တော့ဘူး။

၂- တကယ်လို့ အစည်းအဝေးလုပ်နေတာဆိုခဲ့ရင်လည်း ကိုယ်တစ်ယောက်တည်းကပဲ ရှုပ်နေတယ်/နားမလည်နိုင် ဖြစ်နေတယ်လို့ သူများတွေက မြင်ကြမှာစိုးလို့ ဖွင့်မပြောလောက်ဘူး။

ပြောသင့်တာက
”တို့တွေအားလုံး သဘောပေါက်နားလည်ထားတာ တူညီကြတယ်ဆိုတာသိနိုင်ဖို့ တို့လုပ်မယ့်အစီအစဉ်ကို ပြန်ပြောပြကြပါဦး”

၁၀။”မှားလို့/ဆုံးရှုံးလို့ မဖြစ်နိုင်ဘူး” ”ဒါက အမှားမခံဘူးနော်”

ဘာကြောင့်မပြောသင့်တာလဲ
ဒီလိုပြောခြင်းအားဖြင့် အဖွဲ့သားတွေက မှားမှာကြောက်ကြတာနဲ့ စမ်းသပ်လုပ်ကိုင်လိုစိတ်နဲ့ အသစ်တီထွင်လိုစိတ် မရှိတော့ကြပါဘူး။

ပြောသင့်တာက
”တကယ်လို့ တို့တွေစီစဉ်ထားတဲ့အတိုင်းသာ ဖြစ်မလာခဲ့ရင် ဘာလုပ်မယ်လို့ စဉ်းစားထားကြသလဲ”

၁၁။”ကိုယ်ရေးကိုယ်တာတွေအိမ်မှာထားခဲ့”

ဘာကြောင့်မပြောသင့်တာလဲ
ဝန်ထမ်းတွေရဲ့ကိစ္စတွေကို အလေးမထားတတ်တာက သူတို့စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာဖြစ်ဖို့နဲ့ပတ်သက်ပြီး ကိုယ်က ဂရုမစိုက်ဘူးဆိုတဲ့သဘောကို ပြနေပါတယ်။ ဒါကစိတ်ဓာတ်ရေးရာပိုင်းကို မကောင်းတဲ့အကျိုးသက် ရောက်စေနိုင်ပါတယ်။

ပြောသင့်တာက
”စိတ်အနှောင့်အယှက်ဖြစ်စရာ / စိတ်ရှုပ်စရာ ကိစ္စတစ် ခုခုရှိနေတာလား”
အထက်ပါ စကားစုတွေကို တကယ်လို့ ကိုယ်ကအလုပ်ခွင်မှာ ပြောမိခဲ့တယ်ဆိုရင်လည်း အောက်ဖော်ပြပါ အဆင့်သုံးဆင့်ကိုပြုလုပ်ကာ ပြန်လည်တည်ဆောက်ယူနိုင်ပါတယ်။

၁- ကိုယ်ပြောခဲ့မိတာနဲ့ပတ်သက်လို့ တစ်ခုခုပြန်လုပ်သင့်သလားဆိုတာကို ဆုံးဖြတ်ရပါမယ်။

ကိုယ်ပြောလိုက်တာနဲ့ပတ်သက်ပြီး ကိုယ့်အဖွဲ့သား၊ ဝန်ထမ်းတွေက ကိုယ့်အပေါ်ဘယ်လို တုံ့ပြန်ဆက်ဆံတယ် ဆိုတာကို ဂရုစိုက်လေ့လာပါ။

၂- ကိုယ်မှားတယ်ဆိုတာကို အသိအမှတ်ပြုလက်ခံပါ။ကိုယ့်အမှားကို ကိုယ်လက်ခံတယ်၊လက်ခံကြောင်းလည်း သူတို့ကိုပြတယ်ဆိုရင် အဖွဲ့သားတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိနိုင်ပါတယ်။

၃- ရှင်းပြပြီး ရှေ့ဆက်ပါ။
တည်ငြိမ်အေးချမ်းစွာပဲ ကိုယ်ဆိုလိုချင်တာ၊ ပြောချင်တာက အမှန်ကဘယ်လိုဖြစ်တယ်ဆိုတာကို ရှင်းပြပါ။ ပြီးရင် ဒီကိစ္စကိုထားခဲ့လိုက်ပါ။ ရှေ့ဆက်ပါ။

မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ်ကပြောချင်ရာပြော၊ ခိုင်းချင်ရာခိုင်းပြီး ကိုယ့်အဖွဲ့သားတွေကို လေးစားမှုမရှိရင်၊ သူတို့ရဲ့အတွေးအမြင် လက်တွေ့လုပ်ကိုင်မှု အတွေ့အကြုံတွေကို အလေးအနက်နားထောင်မပေးနိုင်ရင် … သူတို့ကို အချိန်မပေးရင် …ကိုယ့်ကို လေးစားအားထားဖို့၊ ယုံကြည်ပြီး တစ်သဝေမတိမ်းလိုက်နာအလုပ်လုပ်ပေးဖို့၊ သစ္စာရှိဖို့ စတာတွေကို မမျော်လင့်နိုင်ပါဘူး။ လက်ရှိရှိနေတဲ့ရာထူး၊ နေရာနဲ့လုပ်ပိုင်ခွင့်တွေကြောင့် ကိုယ့်ကိုကြောက်ကောင်းကြောက်ပြီး အလုပ်ပြီးအောင်တော့ လုပ်ပေးကြပါမယ်။ စေတနာပါပါနဲ့ အလုပ်ကောင်းအောင်လုပ်ပေးဖို့တော့ မျော်လင့်လို့မရနိုင်ပါဘူး။

ဒါကြောင့် အမိန့်ပေးခိုင်းစေမယ့်အစား မေးခွန်းတွေမေးပြီး ကိုယ့်ရဲ့အဖွဲ့သားတွေနဲ့တည်မြဲကောင်းမွန်တဲ့ အပြန်အလှန်ယုံကြည်မှုထားတဲ့ ဆက်ဆံရေးကို တည်ဆောက်ယူပါ။

ဒီကတစ်ဆင့်မှ လုပ်ကိုင်နိုင်စွမ်းနဲ့ အလုပ်ရလဒ်ကောင်းတွေကိုပါ ဆက်လက်ရရှိနိုင်ပါလိမ့်မယ်။