စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းရှိစေဖို့ လိုက်နာသင့်တဲ့အချက် ၇ ချက်

၁။ ပြီးပြည့်စုံခြင်းထက် တိုးတက်မှုရှိခြင်းကိုအာရုံစိုက်ပါ။

ကိုယ့်အပြုအမူပိုင်းဆိုင်ရာ တိုးတက်မှုတစ်ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာကလည်း လက်ခံနိုင်လောက်စရာ အကြောင်းတရားပါပဲ။ အရင်ကလုပ်ခဲ့သမျကို ပြောင်းပြန်လှန်လိုက်သလို အရာရာကို ချက်ချင်းပြောင်းလဲစတင် လုပ်ကိုင်နိုင်ဖို့ဆိုတာကို သိပ်ပြီးအာရုံမထားပါနဲ့။ တိုးတက်မှုအနည်းငယ်ကိုသာ အလေးထားပါ။

၂။ ကိုယ်ဖြစ်နေတဲ့အပေါ်တရားသေကြီးနဲ့ ”ငါက ဒီလိုလူပဲ” လို့ မသတ်မှတ်လိုက်ပါနဲ့။

အမြဲတမ်း စိုးရိမ်ပူပန်စရာကိစ္စတွေရှိနေတတ်တဲ့လူဆိုရင်တောင်မှ ကိုယ့်ကိုယ့်ကိုယ် ဒါကငါပဲလို့ မသတ်မှတ်လိုက်မိပါစေနဲ့။ ကိုယ့်ဘေးနားပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်၊ မိသားစုတွေကြားမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ရှိနေတိုင်းလည်း ကိုယ်က ပြဿနာကောင်မဟုတ်ပါဘူး။ ကိုယ်ဖြေရှင်းရမယ့် ကိစ္စတွေသက်သက်မျသာဖြစ်ပါတယ်။ ဒီလိုအခက်အခဲနဲ့ပြဿနာတွေက ကိုယ့်ကိုယ့်ကိုယ် ပြဿနာကောင်အဖြစ် စမြင်လိုက်ပြီဆိုတာနဲ့ ပြောင်းလဲယူဖို့ခက်သွားပါလိမ့်မယ်။

၃။ အကြောက်တရားကို မချဲ့ကားပါနဲ့။

လူတိုင်းအကြောက်တရားရှိပါတယ်။ ကိုယ်ကြောက်တတ်တာကြောက်ပါ။ ဒါပေမဲ့ အဲဒါက ကိုယ့်အတွေးထဲမှာမျသာပဲဆိုတာကို လက်ခံထားပါ။ အတွေးထဲကအရာတွေက ပြင်ပလက်တွေ့ကမ္ဘာမှာ တကယ်ရှိမနေပါဘူးဆိုတာကို နားလည်ယုံကြည်ထားပါ။

၄။ ထူးဆန်းကြောင်တောင်တဲ့အတွေးတွေကို အဲဒီတိုင်းပဲ လက်ခံထားလိုက်ပါ။

တချို့က ကိုယ်တိုင်ကားမောင်းရမှာ၊ အလုပ်ပြုတ်မှာ၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကြုံမှာ စသဖြင့်ကိုတွေးပူတတ်ကြပါတယ်။ အဲဒီလိုမျိုးတွေးမိခဲ့ရင်လည်း ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးကွာသွားမှာကြောက်တာကြောင့် ဖြစ်တာမို့ ဒီအတိုင်းပဲ လက်ခံထားလိုက်ပါ။ ဒီလိုအတွေး တွေပေါ်လာတတ်တာကြောင့် ကိုယ့်ချစ်တဲ့သူတွေ၊ ကိုယ်ဂရုစိုက်တဲ့အရာတွေအပေါ် ပိုအချိန်ပေး၊ ယုယ၊ အာရုံစိုက်ပြီး ပိုကောင်းမွန်တဲ့အနေအထား ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖြစ်အောင်လုပ်ပေးနိုင်တဲ့ တွန်းအားတွေပါပဲ။

၅။ အပြောင်းအလဲတွေကို ကြိုဆိုတတ်ပါစေ။

တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုခုကြောင့် အချိန်အကြာကြီး စိတ်ညစ်ခဲ့ရတယ်ဆိုရင် ပြောင်းလဲမှုကိုမလိုလာတဲ့စိတ်ဝင်နေတတ်ပါတယ်။ ဒါကလည်းပုံမှန်ပါပဲ။ ဒါပေမဲ့ အပြောင်းအလဲတွေကို တွေ့မြင်လက်ခံကြိုဆိုတတ်တာကပဲ ပြောင်းလဲမှုရဲ့အစဖြစ်တာပါ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း အပြောင်းအလဲကို ငါလက်ခံရှုမြင်နိုင်တယ် ဆိုပြီးတွေးပါ။ ပါးစပ်ကထုတ်ပြောပြီးကိုတွေးပါ။

၆။ ဘဝမှာ ကိုယ်ကြောက်တဲ့အရာတွေကသာ ကာဆီးမထားခဲ့ရင် ကိုယ်ဘာတွေလုပ်နိုင်မလဲဆိုတာကို ပုံဖော်တွေးမြင်ကြည့်ပါ။

အခုချက်ချင်းကို ပုံဖော်တွေးတောမှုစလုပ်သင့်ပါပြီ။ အကြောင်းကိစ္စတစ်ခု၊ အခြေအနေတစ်ခုကို ဖြတ်ကျော်နိုင်ဖို့သာ အလေးထားနေချိန်မှာ အဲဒီပူပန်မှုစိတ် အခြေအနေထဲသာ နစ်နေမှာဖြစ်ပါတယ်။ ဒီလိုပူပန်မှုနဲ့နစ်မျောနေခြင်းကပဲ ကိုယ့်ကို ပျက်စီစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာကဘယ်လို၊ ဘာကတော့ ဘာကြောင့်ဖြစ်တယ်၊ ဘယ်အရာတွေကသာ ပိုအရေးပါတယ်ဆိုတာကို ပြန်လည်တွေးတောပါ။ ရှေ့ဆက်လျောက်လှမ်းပါ။

၇။ စိတ်ရှည်ပါ။

ဘဝမှာကိုယ့်ကိုဖျက်စီးနှောင့်ယှက်နေတဲ့အရာတိုင်းက ကိုယ်ကပစ္စုပ္ပန်ကိုအလေးမထားမှုကြောင့်ကနေ ရလာတဲ့ အကျိုးဆက်တွေပါပဲ။ လက်ရှိအနေအထားကနေ ရှောင်လွှဲချင်တာကြောင့် ပျော်ပါးသောက်စားသုံးဖြုန်းမှုတွေ လုပ်တတ်ကြပါတယ်။ ဒါက ကိုယ်တစ်ချိန်လုံးသယ်ဆောင်ထားတဲ့ စိတ်သောကတွေကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းမှုမလုပ်ချင်လို့ပါ။ ပစ္စုပ္ပန်ကို မျက်မှောက်ပြုနိုင် ခြင်းကသာ စိတ်သောကတွေနဲ့ ခံစားမှုပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှုကို ရှာဖွေနိုင်တဲ့လမ်းစဖြစ်ပါတယ်။ အတွေးတွေ၊ သောကတွေ၊ အကြောက်တရားတွေကို လက်ရှိအခြေအနေ၊ အနေအထားနဲ့ ယှဉ်ထိုးဖြေရှင်းဖြေ ဖျောက်နိုင်ဖို့ဆိုရင် ကိုယ့်လက်ရှိအခြေအနေကို နားလည်လက်ခံနိုင်ရပါမယ်။
လူတွေရဲ့ မသိစိတ်က ခံစားမှုတိုင်းက အမှန်ပဲလို့ လက်ခံထားပါတယ်။ ဒါကြောင့် ဒီစိတ်ကိုပဲပြန်အသုံးချပြီး ကိုယ်က ကိုယ်တိုင်ကိုယ်ပိုင်ရပ်တည်နိုင်တဲ့သူ၊ အခက်အခဲနဲ့ ပြဿနာတိုင်းကိုဖြေရှင်းနိုင်သူ၊ ပျော်ရွှင်နိုင်သူ၊ မျဝေခံစားနိုင်သူဖြစ်တယ်ဆိုတာကို ပြန်လည်ပုံသွင်းယူရပါမယ်။

ကိုယ့်စိတ်ရဲ့ သားကောင်ပြန်မဖြစ်စေဖို့ကတော့ အပြောင်းအလဲကို ကြိုဆိုလက်ခံတတ်ကာ ကိုယ်တိုင်လည်း လက်ရှိအခြေအနေကိုသိ၊ ဝေဖန်အကြံပြုမှုတွေကို အပြုသဘောဆောင်နားထောင်ပြီး ကိုယ်လုပ်နိုင်ကြောင်း သိရှိကာ အတိတ်ကိုအတိတ်မှာထားခဲ့ပြီး ရှေ့ဆက်လုပ်စရာရှိတာလုပ်နေနိုင်ရပါမယ်။

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း