စမတ်ကျကျနဲ့ အလုပ်တွင်စေမယ့်နည်းလမ်း ၇ သွယ်

လူအများစုပြောကြတာက အလုပ်အလွန်အမင်းကြိုးစားရုံနဲ့ အားလုံးအဆင်ပြေပြီဆိုတာပါပဲ။ ဒီစကားမျိုး သင့်ကိုလာပြောရင် အလုံးစုံတော့အမှန်နိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ တချို့လူတွေက အလုပ်ကိုကျားကုတ်ကျားခဲကြိုးစားရုံနဲ့ အရာရာပြီးမြောက်အောင်မြင်နိုင်တယ်၊ ထင်ကြတယ်။ စီးပွားရေးအောင်မြင်မယ်၊ ရာထူးတိုးမယ်၊ စွမ်းဆောင်ရည်တွေ မြင့်လာမယ်စသဖြင့်ပေါ့။

အလုပ်ကို အင်တိုက်အားတိုက်ဖိလုပ်နေရုံနဲ့တင် မလုံလောက်ပါဘူး။ သက်သေပြရမယ်ဆိုရင် သင်ဘယ်လောက်ပဲကြိုးကြိုးစားစားနဲ့ အပင်ပန်းခံနိုင်ပါစေ၊ ကားဘီးကိုပါးစပ်နဲ့လေမှုတ်သွင်းဖို့တော့ အဆင်မပြေနိုင်ပါဘူး။ မြက်ခင်းပြင်က မြက်ပင်ရှည်တွေကို အိမ်သုံးကတ်ကြေးလေးနဲ့ မနားမနေလိုက်ညှပ်နေမယ်ဆိုလည်း ထိုနည်းတူပါပဲ။ ဒီအရာတွေကို သင့်တော်တဲ့ပစ္စည်း၊ အားထုတ်မှု၊ လုပ်ဆောင်မှုတွေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။ ဆိုလိုတာက လုပ်ရမယ့်အလုပ်ပြီးမြောက်ဖို့ ပျာယာခတ်ပြီး တအားအပင်ပန်းခံနေဖို့မလိုဘဲ အလုပ်တွင်အောင်လုပ်ရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သင့်တစ်နေ့တာလုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့ပြီး အကျိုးရှိစွာအလုပ်တွင်စေဖို့ နည်းလမ်းကောင်း ခုနစ်ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ လမ်းထွက်လျောက်ပါ။

စိတ်ရှုပ်ထွေးစရာအလုပ်ခွင်ကို ခေတ္တထားခဲ့ပြီး စိတ်ပြေလက်ပျောက်လမ်းလျောက်ထွက်လိုက်တာဟာ အလုပ်ကိုလေးစားမှုမရှိဘူးလို့ ထင်ရကောင်းထင်ရတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုခဏတာအနားယူမှုက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို အများကြီးအကျိုးပြုပါတယ်။ ချက်ချင်းဆိုသလို စိတ်ဖိစီးမှုတွေလျော့ကျစေနိုင်သလို ဦးနှောက်ကိုလည်း အနားပေးပြီးသားဖြစ်ပါတယ်။ ဖြေရှင်းဖို့ ခက်ခဲတဲ့ပြဿနာတစ်ခုကို ကိုင်တွယ်နေရတဲ့အခါ သိစိတ်ကအနားယူဖို့ ကြိုးစားနေပေမယ့် မသိစိတ်မှာတော့ ပြဿနာကိုဖြေရှင်းဖို့ဆက်ပြီးစဉ်းစားနေတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေမှာပြဿနာကို မေ့ထားပေမဲ့ အံ့သြစရာကောင်းအောင် အလိုလိုအဖြေ ပေါ်လာတတ်တာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုသုံးပြီး ကြည်လင်ရွှင်ပျတဲ့စိတ်နဲ့ အလုပ်ခွင်ပြန်ဝင်မယ်ဆိုရင် အလုပ်ကိုပိုပြီး စိတ်နှစ်လုပ်ဆောင်နိုင်ပြီး အလုပ်တွင်စေမှာပါ။

၂။ အနှောင့်အယှက်တွေကို သတိပြုပြီးရှင်းလင်းဖယ်ရှားပါ။

အနှောင့်အယှက်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်သတိမထားမိတဲ့ အနှောင့်အယှက်ကတော့ အန္တရာယ်အများဆုံးပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကွန်ပျူတာမှာ အသစ်ဆွဲထားတဲ့ ဈေးကွက်အစီအစဉ်တစ်ခုနဲ့ အလုပ်လုပ်နေရင်း ဈေးကွက်သုတေသနလုပ်ဖို့ စာမျက်နှာတွေ ထပ်ဖွင့်ထားရတယ်။ ဒီလိုအလုပ်များပြီး ကွန်ပျူတာမှာဖွင့်ထားတဲ့စာမျက်နှာတွေများ နေတာတောင် Facebook ပါဖွင့်ထားမိမယ်။ သင့်သူငယ်ချင်းတွေ Facebook မှာ သင်နဲ့တွဲတင်ထားတာတွေကဖြစ်စေ၊ Facebook မှာ သင်တင်ထားတာတွေကဖြစ်စေ သတိပေးချက် (Noti) တွေလာမယ်။ ဒီ Notiတွေကိုလည်း စက္ကန့် ၂၀ လောက်ကြည့်မိတယ်။ ကြာချိန် စက္ကန့် ၂၀ လောက်ဆိုတာမပြောပလောက်ပေမဲ့ အလုပ်အပေါ်အာရုံစိုက်မှုနဲ့ အလုပ်အကြောင်းတွေးထားတဲ့အတွေးတွေကို ပြန်ဆက်ဖို့ရာမှာ နှောင့်နှေးစေပါတယ်။ ဒီအနှောင့်အယှက်က ခဏတာပဲဖြစ်နိုင်သလို ကြာရှည်လည်းဖြစ်နိုင်ပါတယ်။ အချိန်များစွာထိကို နှောင့်ယှက်လာပြီဆိုရင်တော့ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းလာ စေနိုင်ပါတယ်။

၃။ အသေးအဖွဲကိစ္စတွေကို လျစ်လျူရှုပါ။

အသေးအဖွဲကိစ္စလေးတွေကို ဦးစားပေးနေမယ်ဆိုရင် လုပ်ဆောင်ရန်ဆိုတဲ့စာရင်း တိုးလာတာပဲ အဖတ်တင်သလို အရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ- သင်ကအလုပ်တာဝန်ကြီးကြီးမားမားယူထားပြီး လုပ်နေရတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကုမ္ပဏီရဲ့ Website မှာ တစ်စုံတစ်ခုပြင်သင့်တယ်ဆိုတာမျိုး မေးလ်ပို့လာမယ်။ အဲဒါကိုလုပ်ဖို့ အချိန်အများကြီးမကုန်ပေမဲ့ သင့်ရဲ့အလုပ်မှာအနှောင့်အယှက်ဖြစ်နိုင်သလို အဲဒါကို လုပ်လို့မပြီးမချင်းလည်း သင့်ကိုစိတ်ဖိစီးစေပါတယ်။ ဒီလိုအသေးအဖွဲကိစ္စလေးတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချင်ရင် အရေးမကြီးတာတွေကို လျစ်လျူရှုထားရပါမယ်။ ဖြစ်နိုင်ရင် အင်တာနက်လိုင်းပိတ်ပြီး အလုပ်လုပ်ပါ။ အရေးတကြီးလုပ်စရာ မလိုသေးတဲ့အရာတွေကို လုပ်ဆောင်ရန်စာရင်းထဲမှာ ချမရေးထားမိစေဖို့လိုပါတယ်။ (အရေးကြီးကိစ္စတွေကိုတော့ အထက်ပါနည်းအတိုင်းမလုပ်မိဖို့ သတိထားသင့်ပါတယ်)။

၄။ အလေ့အထကောင်းမွေးမြူပါ။

အကျင့်၊ အလေ့အထဆိုတာ တဖြည်းဖြည်းဖြစ်ပေါ်လာတတ်ပါတယ်။ အလေ့အထဖြစ်လာပြီဆိုရင် လုပ်မယ်ဆိုပြီး တွေးနေစရာမလိုဘဲ အလိုလိုလုပ်မိတတ်ပါတယ်။ ဥပမာပြောရရင် အလုပ်တစ်ခုကို နေ့စဉ်လုပ်ရမယ့် တာဝန်ရှိတယ်ဆိုရင် အဲဒီအလုပ်ကို သင့်မသိစိတ်ထဲအထိ စွဲထင်နေအောင်လုပ်ရပါမယ်။ အလေ့အထတစ်ခုဖြစ်လာဖို့ အစပိုင်းမှာခက်ခဲတတ်ပါတယ်။ နည်းလမ်းကောင်းတစ်ခုကတော့ အလေ့အထတစ်ခုအသားကျတဲ့အချိန်အထိ သင့်ကိုယ်သင် မပျက်မကွက် တွန်းအားပေးဖို့ပဲဖြစ်ပါတယ်။ (တချို့လူတွေ ပြောကြတာက အလေ့အထတစ်ခု အသားကျအောင် မိမိကိုယ်မိမိတွန်းအားပေးဖို့ ရက် ၃၀ ပဲလိုပါတယ်တဲ့)။

၅။ အခန်းကဏ္ဍခွဲပြီးလုပ်ဆောင်ပါ။

အလုပ်တစ်ခုလုံးပြီးမြောက်ဖို့ တစ်ထိုင်တည်းမနားမနေ လုပ်တာထက်အပိုင်းခွဲပြီး တစ်ဆင့်ချင်းစီ အချိန်သတ်မှတ်လုပ်ဆောင်သင့်ပါတယ်။ အလုပ်တစ်ခုလုံး၊ ဒါမှမဟုတ် ရှုပ်ထွေးတဲ့အလုပ်တာဝန်တွေပြီးမြောက်ဖို့ သင့်ကိုယ်သင် တွန်းအားပေးလုပ်ဆောင်စေတာက စိတ်ဖိစီးမှုများစေသလို အလုပ်ပြီးမြောက်မှုမှာလည်း နှောင့်နှေးစေပါတယ်။ အဲဒီနည်းလမ်းအစား အလုပ်တစ်ခုလုံးရဲ့ အပိုင်းကဏ္ဍတစ်ခုချင်းစီခွဲပြီး စိတ်လက်တက်ကြွစွာ၊ စိုးရိမ်ပူပန်မှုလျော့နည်းစွာ လုပ်ဆောင်သင့်ပါတယ်။ ဒီနည်းလမ်းက သင့်စွမ်းဆောင်ရည်ကို အကောင်းဆုံးပုံဖော်ပြီး အလုပ်ပြီးမြောက်စေမှာပဲဖြစ်ပါတယ်။

၆။ တွဲဖက်လုပ်ဆောင်ပါ။

သင်ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ သင့်တစ်နေ့တာမှာ အကျိုးမဖြစ်ထွန်းလိုက်တဲ့အချိန်ခဏများစွာ ရှိနေတတ်ပါတယ်။ ဒီလိုအပ်ချက်တွေက သင့်မှာတွဲဖက်လုပ်ဆောင်တတ်တဲ့အကျင့်လိုနေပြီဆိုတာ ပြသနေပါတယ်။ အဲဒီအချိန်လေးတွေကို အကျိုးရှိတဲ့လုပ်ဆောင်မှုတွေနဲ့ ဖြည့်ဖို့ကြိုးစားကြည့်ပါ။ ထမင်းစားနားချိန်မှာ အီးမေးလ်စစ်တာမျိုး၊ အွန်လိုင်းကနေ ပို့ချမှုဗီဒီယိုကြည့် ပြီး သင်ယူတာမျိုးလုပ်ဆောင်ကြည့်ပါ။ အလုပ်သွားရင်း သင်ကြားမှုအသံဖိုင်နားထောင်တာမျိုးလည်း လုပ်လို့ရပါတယ်။ အလုပ်အားချိန်မှာ TED Talk လို အစီအစဉ်မျိုးကြည့်ပြီး အတုယူလုပ်ဆောင်တာမျိုးလည်း လုပ်သင့်ပါတယ်။ ဒီလိုအချိန်လေးတွေမှာ သင်ယူနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းကောင်းလာတာနဲ့အမျ အလုပ်ပြီးမြောက်မှုစွမ်းရည်လည်း မြင့်မားလာမှာဖြစ်ပါတယ်။

၇။ အားသာချက်၊ အားနည်းချက်တွေကို ထိန်းညှိလုပ်ဆောင်ပါ။

သင့်အကြောင်းကို သင်ကိုယ်တိုင်က အခြားသူတွေထက် ပိုသိပါတယ်။ သင့်မှာမွေးရာပါအားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ အဲဒါတွေက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်မှာ အကျိုးသက်ရောက်စေပါတယ်။ ဒီတော့ သင့်ဘဝအတွက် အကျိုးရှိစေတဲ့အချက်တွေကိုသေ ချာစိစစ်ပြီး သင့်မှာဆက်လက်ရှိနေစေဖို့ လုပ်ဆောင်ရမှာဖြစ်သလို သင့်အတွက် အကျိုးယုတ်စေမယ့် အချက်တွေကို ချန်ထားခဲ့စေနိုင်ဖို့ ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ သင်တစ်ဦးတည်း လုပ်တာထက် တခြားလုပ်ဖော်ကိုင်ဖက်တွေဆီက သင့်ရဲ့အားနည်းတဲ့ လုပ်ဆောင်ချက်တွေ၊ ကျွမ်းကျင်မှုတွေနဲ့ပတ်သက်ပြီး ပြင်ဆင်တဲ့နေရာမှာ အကူအညီယူသင့်ပါတယ်။ ပြီးတော့ အချိန်အများစုကို သင်လုပ်နိုင်သမျ အကောင်းဆုံးလုပ်ပြီး ဖြတ်သန်းသင့်ပါတယ်။

အယ်ဒီတာအဖွဲ့