စတော့ရှယ်ယာဈေးကွက် -၅

ဒေါက်တာခင်စန်းရီ

စတော့အိတ်ချိန်းကြီးများ

ကမ္ဘာ့ပထမဦးဆုံးစတော့အိတ်ချိန်းကို ၁၄၆၀ ပြည့်လွန်နှစ်က Belgium နိုင်ငံ၊ Antwerp မြို့တွင်ဖွင့်လှစ်ခဲ့သည်။ မျက်မှောက်ကာလ၌အမေရိကန်နိုင်ငံရှိ New York Stock Exchange (NYSE) နှင့် National Association of Securities Dealers Automated Quotations တို့မှာကမ္ဘာ့အကြီးဆုံးစတော့အိတ်ချိန်းများဖြစ်သည်။ အမေရိကန်နိုင်ငံရှိအခြားမြို့ကြီးများဖြစ်သော Boston ၊ Chicago ၊ Philadelphia ၊ Denver ၊ San Francisco ၊ Los Angeles အစရှိသည့် မြို့ကြီးများတွင်လည်း စတော့အိတ်ချိန်းများရှိသည်။ နိုင်ငံတကာရှိအထင်ကရစတော့အိတ်ချိန်းကြီးများမှာ London Stock Exchange (LSE) ၊ Tokyo Stock Exchange (TSE) ၊ Shanghai Stock Exchange (SSE) ၊ Stock Exchange of Hong Kong (SEHK) နှင့် Euronext NV တို့ ဖြစ်ကြသည်။

London Stock Exchange (LSE)

London Stock Exchange (LSE) သည် ကမ္ဘာ့ရှေးအကျဆုံး စတော့ရှယ်ယာဈေးကွက်တစ်ခုဖြစ်သည်။ ၁၅၇၁ ခုနှစ် တွင်တည်ထောင်သည့် The Royal Exchange သည် LSE ၏ အစဖြစ်သည်။ ၁၇ ရာစု၌ စတော့ရှယ်ယာရောင်းဝယ်သည့်ကုန်သည်အများစုမှာ ကော်ဖီဆိုင် (Coffee Houses) များတွင် တွေ့ဆုံရောင်းဝယ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်နှစ်များတွင် LSE ၏ စတော့ရှယ်ယာအရောင်းအဝယ်တစ်ရှိန်ထိုးတက်လာခဲ့သည်။ ၁၉၇၂ ခုနှစ် တွင်လန်ဒန်၌ Stock Exchange Tower ကိုဖွင့်လှစ်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် စတော့အိတ်ချိန်းများ ပူးပေါင်းကာ The Stock Exchange of Great Britain and Ireland ကိုတည်ထောင်သည်။ နောင်တွင် London Stock Exchange ဟုအမည်ပြောင်းခဲ့သည်။ London Stock Exchange တွင် ယခင်က စတော့ရှယ်ယာများကိုမျက်နှာချင်းဆိုင်လူကိုယ်တိုင် ရောင်းဝယ်ကြရာမှတဖြည်းဖြည်းဆက်သွယ်ရေးနည်းပညာတိုးတက်လာသည့်အခါ တယ်လီဖုန်းဖြင့်လည်းကောင်း၊ Online မှလည်းကောင်း ရောင်းဝယ်မှုပြုလုပ်ကြသည်။ ယခုအခါ နေ့စဉ်ကွန်ပျူတာများမှတစ်ဆင့် စ တော့ရှယ်ယာရောင်းဝယ်မှုအကြိမ်ပေါင်းသန်းချီရှိသည်။

LSE သည် နိုင်ငံပေါင်းတစ်ရာကျော်တွင် လုပ်ငန်းများဆောင်ရွက်နေပြီး ဗြိတိန်စတော့ရှယ်ယာနှင့် နိုင်ငံခြား စတော့ရှယ်ယာများရောင်းဝယ်သည်။ နိုင်ငံပေါင်း ၅၀ ကျော်မှကုမ္ပဏီပေါင်း ၃၅၀ ခန့်အတွက် ဝန်ဆောင်မှုပေးသည်။ LSE ကို London Stock Exchange Group (LSEG) က ပိုင်ဆိုင်သည်။ LSE တွင်ရောင်းဝယ်သည့် ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာဈေးကွက်ပေါက်ဈေးတန်ဖိုးစုစုပေါင်း (Market Capitalization) မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ဒေါ်လာ ၄.၅၉ ထရီလီယံ (ပေါင် ၃.၅၉ ထရီလီယံ) ရှိသည်။

LSE ၏ စတော့ရှယ်ယာရောင်းဝယ်မှုနှင့် ဈေးကွက်အတက်အကျအခြေအနေကိုဖော်ပြသည့် ညွှန်းကိန်းများမှာ FTSE 100 Index ၊ FTSE 250 Index FTSE 350 Index ၊ FTSE Smallcap Index နှင့် FTSE All-share Index တို့ဖြစ်သည်။ ယင်းတို့အနက် FTSE 100 Index မှာ LSE ၏ အဓိကအကျဆုံးညွှန်းကိန်းဖြစ်သည်။ FTSE 100 Index ကို ၁၉၈၄ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး LSE ရှိအကြီးဆုံးကုမ္ပဏီကြီး တစ်ရာ၏ ဈေးကွက်အတက်အကျအခြေအနေကို ဖော်ပြသည်။ ယင်းကုမ္ပဏီကြီးတစ်ရာ၏ စတော့ရှယ်ယာရောင်းဝယ်မှုဈေးကွက်တန်ဖိုးမှာ LSE ရှိ ကုမ္ပဏီအားလုံး၏ စတော့ရှယ်ယာရောင်းဝယ်မှုတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းရှိကာ ယင်းစတော့ရှယ်ယာများကို Blue Chips ဟုခေါ်လေ့ရှိသည်။ Blue Chips ၏အဓိပ္ပာယ်မှာ ဈေးနှုန်းအမြင့်ဆုံး၊ အခိုင်မာဆုံး၊ သြဇာသိက္ခာရှိသော ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာဖြစ်သည်။ တခြားတစ်ဖက်တွင် Penny Stocks ဟုခေါ်သည့် စတော့ရှယ်ယာများမှာဈေးနှုန်းအနည်းဆုံး၊ လူသိအနည်းဆုံး ကုမ္ပဏီများ၏ စတော့ရှယ်ယာများ ဖြစ်သည်။

LSE စတော့အိတ်ချိန်းကြီးတွင် Listed မလုပ်နိုင်သော ကုမ္ပဏီများ၏ စတော့ရှယ်ယာများရောင်းဝယ်နိုင်ရန်အတွက် LSE ၏ဈေးကွက်အခွဲဖြစ်သော Alternative Investment Market (AIM) ကို ၁၉၉၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ LSE သည် ၂၀၀၇ ခုနှစ်တွင် Borsa Italiana နှင့် ပူးပေါင်းကာ London Stock Exchange Group (LSEG) ကို ဖွဲ့စည်းခဲ့သည်။ LSE ၏ ထင်ရှားသော Listed companies ကြီးအချို့မှာ Glaxo Smith-Kline ၊ Unilever ၊ HSBC ၊ Barclays ၊ Royal Dutch Shell နှင့် British American Tabacco တို့ဖြစ်သည်။

Tokyo Stock Exchange (TSE)

Tokyo Stock Exchange (TSE) သည် ကမ္ဘာ့တတိယအကြီးဆုံး စတော့အိတ်ချိန်းဖြစ်ပြီး အာရှ၏အကြီးဆုံးစတော့အိတ်ချိန်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ၌ TSE တွင် Listed လုပ်ထားသည့် ကုမ္ပဏီပေါင်း ၂,၂၉၂ ခုရှိပြီး ဈေးကွက်ရှိ စတော့ရှယ်ယာတန်ဖိုးမှာ ဒေါ်လာ ၅.၆၇ ထရီလီယံ ရှိသည်။ TSE ကို Japan Exchange Group (JPX) ကပိုင်ဆိုင်သည်။

TSE ကို ၁၈၇၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး မူလအစတွင်အဖိုးတန်သတ္တုများနှင့် ဂျပန်အစိုးရငွေချေးစာချုပ် (Bonds) များရောင်းချခဲ့သည်။ ၁၉၂၀ ပြည့်နှစ်များတွင် စတော့ရှယ်ယာများစတင်ရောင်းချခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြောင့် အရောင်းအဝယ်များရပ်ဆိုင်းသွားပြီး နောက် ၁၉၄၉ ခုနှစ်တွင် TSE ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဘဏ္ဍာရေးဈေးကွက်မပျက်မီ TSE စတော့ ရှယ်ယာဈေးကွက်တန်ဖိုး ဒေါ်လာလေးထရီလီယံအထိ ရှိခဲ့သည်။

TSE ၏ စတော့ရှယ်ယာဈေးကွက်ညွှန်းကိန်းများမှာ Nikkei 225 နှင့် Tokyo Stock Index (TOPIX) တို့ဖြစ်သည်။ Nikkei 225 မှာ TSE ၏အဓိကညွှန်းကိန်းဖြစ် ပြီး Tokyo တွင်အခြေစိုက်သည့် အထင်ကရကုမ္ပဏီကြီး ၂၂၅ ခု၏ စတော့ရှယ်ယာဈေးကွက်ဈေးနှုန်းအတက်အကျကို ဖော်ပြသည်။ TOPIX ကို ၁၉၆၈ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး၊ TSE ရှိ စတော့ရှယ်ယာ ၇၀ ရာခိုင်နှုန်း၏ အခြေအနေကိုဖော်ပြသည့်ညွှန်းကိန်းဖြစ်သည်။ TOPIX တွင်ပါဝင်သည့် ကုမ္ပဏီတစ်ခုချင်း၏ စတော့ရှယ်ယာဈေးကွက်တန်ဖိုးမှာအနည်းဆုံး အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံ ရှိသည်။

TSE သည် အခြားစတော့အိတ်ချိန်းများနှင့်မတူပဲ နေ့စဉ်ဈေးကွက်ကို နှစ်ကြိမ်ခွဲဖွင့်သည်။ မနက်ပိုင်း ၉ နာရီမှ ၁၁း၃၀ နာရီအထိ ဈေးကွက်ဖွင့်ချိန်ကို ‘Zenba’ ဟုခေါ်သည်။ နေ့လယ်ပိုင်း ၁၂း၃၀ နာရီမှ ၃ နာရီအထိ ဈေးကွက်ဖွင့်ချိန်ကို ‘Goba’ ဟုခေါ်သည်။ TSE တွင် စတော့ရှယ်ယာများကို ရောင်းဝယ်သည့်အခါ ခုရေတစ်ထောင်စီ (1000-Share Block) ဖြင့် ရောင်းဝယ်ကြသည်။ ၁၉၉၉ ခုနှစ်မှစ၍ TSE တွင် စတော့ရှယ်ယာများကို အီလက်ထရောနစ် Online ဖြင့်သာ ရောင်းဝယ်ကြသည်။

TSE သည် အတက်အကျများသည့် စတော့ရှယ်ယာဈေးကွက်တစ်ခုဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များ၌ အရောင်းအဝယ်တဖြည်းဖြည်းနှင့် မှန်မှန်လည်ပတ်နေရာမှ စတော့ရှယ်ယာဈေးနှုန်းများ တစ်ရှိန်ထိုးတိုးတက်လာပြီး ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်တန်ဖိုး ၆၀ ရာခိုင်နှုန်းကိုရယူနိုင်ခဲ့သည်။ သို့သော် ၁၉၉၀ ပြည့် နှစ်များတွင်ဈေးကွက်တန်ဖိုးဦးစိုက်ကျဆင်းခဲ့သည်။ အတက်အကျအမျိုးမျိုးကိုဖြတ်ကျော်ပြီးနောက် ၂၀၁၆ ခုနှစ်မှစ၍ TSE စတော့ရှယ်ယာဈေးကွက် ပြန်လည်ဦး မော့လာသည်။ TSE တွင် Listed လုပ်ထားသော ကုမ္ပဏီအချို့မှာ Honda ၊ Toyota ၊ Sony ၊ Mitsubishi ၊ Kikoman စသည်တို့ ဖြစ်သည်။ ဆက်လက်ဖော်ပြပါမည်။