ငွေကြေးပညာရှင်မဟုတ်သောမန်နေဂျာများအတွက်ငွေကြေးပညာ

ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)

ယခင်လမှအဆက်

၂ဝ။ စဉ်းစားချင့်ချိန်မှုရှိသော ငွေကြေးဖြတ်တောက်မှုပြုလုပ်ပါ (Make Judicious Cuts)

ကုန်ကျစရိတ်များအားလုံးမှ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းသည် ရေတိုအတွက်ဖြေရှင်းသော နည်းလမ်းတစ်ခုဖြစ်သော်လည်း ရေရှည်တွင်မိမိအတွက် ခေါင်းကိုက်စရာများ ရှိလာလိမ့်မည်။ ဘတ်ဂျက်ရေးဆွဲရာတွင် မိမိသည်မန်နေဂျာတစ်ဦးအနေဖြင့် လွယ်ကူ၍လျင်မြန်သော ဖြေရှင်းနည်းကို အသုံးမပြုသင့်။ မိမိ၏တာဝန်မှာ တစ်နှစ်ပတ်လုံး လမ်းညွှန်အဖြစ်အသုံးပြုနိုင်မည့် လက်တွေ့ကျသောဘတ်ဂျက်ကို ဖန်တီးရန်ဖြစ်သည်။ မိမိပြုလုပ်ရမည်မှာ ကိန်းဂဏန်းများအား ပြန်လည်စိစစ်ပြီးနောက် မည်သည့်နေရာတွင် ထပ်မံဖြတ်နိုင်သည်ကို ရှာဖွေရန်ဖြစ်သည်။

ဘတ်ဂျက်ကို ပြန်လည်သုံးသပ်သည့်အခါ ထုတ်ကုန်တိုင်းသည် ကုမ္ပဏီ၏ရည်မှန်းချက်များကို အထောက်အကူပြုသည်၊ မပြုသည်ကို သေချာစေရန်ဖြစ်သည်။ မကိုက်ညီသော အသုံးစရိတ်များကိုလျှော့ချရမည်။ သာဓကအားဖြင့် စီမံခန့်ခွဲသူများကဝန်ထမ်းအသစ်များ ခန့်ထားရန်ရည်ရွယ်ချက်ဖြင့် ပရိုမိုးရှင်းလုပ်ဆောင်ချက်များအတွက် ကုန်ကျစရိတ်များထားရှိပါကထိုကုန်ကျစရိတ်များကို လျှော့ချနိုင်သည်။

ကုမ္ပဏီက စက်ကိရိယာအသစ်များဝယ်ယူရန် လျာထားပါက ဝယ်ယူမည့်အစားငှားရမ်းပါက ကုန်ကျစရိတ်များကျဆင်းသွားနိုင်သည်။ ဤနည်းလမ်းက ကုန်ကျစရိတ်လျော့ကျစေရုံမကပဲ နောက်ဆုံးပေါ်စက်ကိရိယာများကိုပါ အသုံးပြုစေနိုင်သည်။စက်ကိရိယာများကို ဝယ်ယူမည့်အစားအခြား အစားထိုးနည်းလမ်းများကို စဉ်းစားနိုင်သေးသည်။ သာဓကအားဖြင့် ကုန်ပစ္စည်းတစ်ခုအား Customer တစ်ဦး၏စက်ဖြင့် ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

ထို Customer က စက်ကိုလိုလိုလားလားဝယ်ပြီး မိမိကိုလည်း ပြန်လည်ငှားရမ်းနိုင်သေးသည်။မဝယ်မဖြစ်ဝယ်ရမည့် စက်ကိရိယာများအတွက် ရောင်းသူနှင့်ဈေးနှုန်းညှိနှိုင်းနိုင်သည်။ အချို့သောဖြစ်ရပ်များတွင် ရောင်းသူနှင့်ရေရှည်စာချုပ်ချုပ်ထားပါက ငွေကြေးပိုလျှံမှုများ ဖြစ်လာနိုင်သည်။ တစ်ခါတစ်ရံ သေးငယ်သောလျှော့ချ၊ ဖြတ်တောက်မှုများက ကြီးမားသောစုဆောင်းမှုကို ဖြစ်စေသည်။ ထို့အတွက်အောက်ပါအချက်များကိုလည်း မမေ့ပါနှင့်။ – ဈေးနှုန်းနိမ့်သောကုန်ပစ္စည်းဖြည့်တင်းသူကို ရှာဖွေပါ (Shop around for low-price suppliers)။ ဈေးနှုန်းဖြင့်စုဆောင်းမှုမြှင့်တင်ခြင်းကို တန်ဖိုးပေါင်း ဖြည့်ဝန်ဆောင်မှုများ (ဥပမာ- ကောင်းမွန်သော Customer ဝန်ဆောင်မှု) ကြောင့်ဖြစ်လာမည့် ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်စဉ်းစားပါ။

– တစ်ပတ်နွမ်းစက်များကို ဝယ်ယူဖို့စဉ်းစားပါ (Consider buying used machinery)။ ပြန်ဆင်ထားသော၊ ပြန်ပြင်ထားသော စက်များသည် ဈေးနှုန်းသက်သာပြီး အလုပ်လုပ်ရာတွင်လည်း လျော့နည်းပြီးမလုပ်။

– လုပ်အားကုန်ကျစရိတ်များကို လျှော့ချပါ (Reduce labor costs)။ အချိန်ကုန်စေသော စက္ကူဖြင့် အလုပ်လုပ်ခြင်းအား ကွန်ပျူတာစနစ်ဖြင့် အစား ထိုးခြင်းဖြင့် မိမိဌာန၏ အလုပ်ကို ပိုမိုလျင်မြန်သွက် လက်စေသည်။

The bottom line (အခြေခံကျသောအချက်)ကုန်ကျစရိတ်များလျှော့ချခြင်းသည် တိကျမှန်ကန် သော နည်းလမ်းမဟုတ်။ ဤနည်းလမ်းသည် ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးမှ မှန်ကန်လာမည်ဖြစ်သည်။

၂၁။ ငွေသားစီးဆင်းမှုနောက် လိုက်ကြည့်ပါ (Track Cash Flow)

ငွေသားဘတ်ဂျက် (A cash budget) သည် ကုန်ကျစရိတ်များအတွက် ထုတ်ပေးရတော့မည့် ငွေသားလက်ဝယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငွေသားစီးဆင်းမှုအတွက် မရှိမဖြစ်သောကိရိယာတစ်ခုဖြစ်သည်။ ငွေသားဘတ်ဂျက်သည် စက်ကိရိယာများဝယ်ယူရမည့်အစားငှားရမ်းဖို့ ဆုံးဖြတ်ချက်၊ Customers များကငွေချေခြင်းကို ပိုမိုလျင်မြန်စွာပြုလုပ်လာစေရန် ပရိုမိုးရှင်းများပေးရန် ဆုံးဖြတ်ချက်များချရန် လမ်းညွှန်အဖြစ် အကူအညီပေးသည်။

ငွေသားဘတ်ဂျက်သည် လုပ်ငန်းသို့ငွေဝင်ခြင်း၊ လုပ်ငန်းမှငွေထွက်ခြင်းတို့ကို စူးစိုက်သည်။ ငွေသားဟန်ချက်ညီခြင်းကို ကျစေခြင်း၊ တိုးစေခြင်းတို့ကိုဖြစ်စေသော အရောင်းအဝယ်များကို ယင်းဘတ်ဂျက်တွင်ထည့်သွင်းသည်။ ဤအချက်သည် ပုံမှန်ဘတ်ဂျက်နှင့်မတူညီသောအချက်ဖြစ်သည်။ ပုံမှန်ဘတ်ဂျက်တွင် ငွေသားကိုသက် ရောက်မှုမရှိသောအချက်များ ဥပမာအားဖြင့် အကြွေးရောင်းခြင်းများ၊ ရင်းနှီးပိုင်ဆိုင်မှုများကို တန်ဖိုးချခြင်းများပါဝင်သည်။

ငွေသားဘတ်ဂျက်တွင် အရောင်းပြုလုပ်ချိန်နှင့် ငွေပေးချေသည့်အချိန်တို့ကွာဟချက်ကို ပေါ်လွင်စေရမည်။ အကြွေးရောင်းသောကုမ္ပဏီများတွင် Customer ကတကယ်ပေးချေမှသာ ငွေအဝင်ဖြစ်လာသည်။ အကြွေးရောင်းသောကုမ္ပဏီများထက် လက်ငင်းငွေသားဖြင့်ရောင်းသော လက်လီဆိုင်များက ငွေသားစီဆင်းမှုကို ကြိုတင်တွက်ချက်နိုင်သည့် အားသာချက်ရှိသည်။ငွေသားအထွက်အပိုင်းသည်လည်း ငွေသားအဝင်အပိုင်းနှင့်ဆင်တူသည်။ အမှန်တကယ်ပေးချေသော ကုန်ကျစရိတ်များကို ငွေသားဘတ်ဂျက်တွင်ထည့်သွင်းရမည်။

ငှားရမ်းခများ၊ လစာများသည် ပုံမှန်ဖြစ်ပျက်နေသဖြင့် ယင်းတို့ကိုဘတ်ဂျက်တွင်လွယ်ကူစွာထည့်သွင်းနိုင်သည်။ အရေးပေါ် ငွေပေးချေမှုများအား ကြိုတင်ခန့်မှန်းရခက် သည်။ ထို့အတွက် ယင်းတို့ကို အရန်ငွေသားအဖြစ် ဘတ် ဂျက်တွင် ထည့်သွင်းရမည်။သုံးလပတ်ငွေသားဘတ်ဂျက်ကိုသာဓကအနေဖြင့် ရိုးစင်းစွာဖော်ပြထားသည်။ငွေသားဘတ်ဂျက်က ငွေသားစီးဆင်းမှုနှင့်ပတ်သက်၍ အလားအလာရှိသော ပြဿနာကို ပြနိုင်သည်။ ထိုအခြေအနေမျိုးပေါ်လာပါက ကုမ္ပဏီအနေဖြင့်အဝယ်များကို ဆိုင်းထားပြီး မဝယ်မဖြစ်သောအရာများကိုသာဝယ်ပါ။

ထို့အပြင် ပစ္စည်းရောင်းသူများအား ငွေပေးချေ မှုကို ဆိုင်းငံ့ပေးထားရန်ပြောနိုင်သည်။ သို့သော်လည်း လစာများကဲ့သို့သော ကုန်ကျစရိတ်များသည် အကြီးမားဆုံးသော ထွက်ငွေဖြစ်သည်။ ရွှေ့ဆိုင်း၍လည်းမရပါ။ငွေသားဘတ်ဂျက်ကို ပြင်ဆင်ရာတွင် အောက်ပါနည်းလမ်းများကိုလိုက်နာပါ။

– ရေတိုဘဏ်ချေးငွေရရှိမှုများနှင့်ဆက်နွှယ်နေသည့် ပြန်လည်ပေးဆပ်ရမည်များကို ထည့်သွင်းပါ (Include short-term bank loan proceeds and associated repayments)။ဤအချက်များသည် လက်ကျန်စာရင်းရှင်းတမ်းနှင့် ဝင်ငွေအစီရင်ခံစာတို့တွင်မပေါ်ပါ။ သို့သော်လည်း ငွေသားဘတ်ဂျက်တွင်ဖော်ပြနိုင်သည်။

– စာရင်းဇယားများကိုနောက်ဆုံးအခြေအနေအထိ လစဉ်ပြုစုထားပါ (Update on monthly basis))။ မကြာမီထုတ်ပေးရမည့် ငွေများအတွက် မိမိတွင်ငွေသားအလုံအလောက် ရှိစေရန် အသေအချာ ပြင်ဆင်ထားပါ။

– ပြုပြင်စရာများရှိသည်ဟု မျှော်လင့်ထားပါ (Anticipate repairs)။ မိမိတွင် ကိရိယာ၊ စက်အဟောင်းများရှိပါက ယင်းတို့အားပြုပြင်ရန် ဘတ်ဂျက်ထားရှိပါ။The bottom line (အခြေခံကျသောအချက်)လုပ်ငန်းဆက်လုပ်မည်လား၊ ချွတ်ခြုံကျမည်လား၊ ငွေသားစီးဆင်းမှုကိုစောင့်ကြည့်ခြင်းက ထူးခြားမှုပြသည်။