ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ချိန်မှာ သင်သိထားသင့်တဲ့ အချက် ၉ ချက်

စီးပွားရေးလုပ်ငန်းတစ်ခုစတင်တာ ရင်ခုန်စရာကောင်းသလို ကြောက်စရာလည်းကောင်းပါတယ်။ တကယ်တော့ သင့်လုပ်ငန်းပိုင်ရှင်သူဌေးဟာ သင်ပဲဖြစ်ပြီး ကုမ္ပဏီမအောင်မြင်မှာကိုလည်း စိုးရိမ်ရပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းနဲ့သင့်တင့်တဲ့ ဗဟုသုတရှိခြင်း၊ မိမိလက်ထဲမှာ လုံလောက်တဲ့ ကိရိယာတန်ဆာပလာတွေရှိခြင်းအားဖြင့် လုပ်ငန်းစတင်မှုကို စွန့်စားမှုလျော့နည်းအောင်လုပ်လို့ရပါတယ်။ စာအုပ်တွေ အများကြီးဖတ်နိုင်သလို သင်တန်းတစ်ခုခုလည်း သင်တက်လို့ရပါတယ်။ တက္ကသိုလ်တက်ဖို့အချိန်မပေးနိုင်တဲ့ လူတွေအတွက် အကောင်းဆုံးအဖြေက အွန်လိုင်းမှာသင်တန်းတက်ခြင်းပါ။ အဲဒါတွေက စရိတ်သက်သာရုံသာမက သင့်အိမ်ထဲမှာပဲ သက်သောင့်သက်သာ အေးအေးဆေးဆေးလေ့လာဆည်းပူးနိုင်ပါတယ်။ Excel လို ဆော့ဖ်ဝဲသုံးခြင်းကအစ သင့်အမှတ်တံဆိပ်ကို အွန်လိုင်းမှာတည်ထောင်ခြင်းနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အခြေခံတွေပါ သင်ကြားပေးကြပါတယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်တဲ့အခါ သင်သိသင့်တဲ့အရေးကြီးဆုံးအချက်ကိုးချက်နဲ့ Udemy Online Course (www.udemy.com)က သင်ရိုးတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။

၁။ စွန့်ဦးတီထွင်လုပ်ငန်း၏ အခြေခံများလေ့လာခြင်း

Birch Box ၊Yelp ၊ OK Cupid တို့ဟာ MBA ဘွဲ့ရတွေတည်ထောင်တဲ့ အွန်လိုင်းလုပ်ငန်းသစ်လေးတွေပါ။ MBA ဟာ အချိန်ရောငွေပါသိပ်ကုန်တဲ့ သင်တန်းဖြစ်ပါတယ်။ ကံကောင်းချင်တော့ ပါမောက္ခ Chris Haroun က MBA သင်တန်းတစ်ခုလုံးကို သင်ရိုးတစ်ခုတည်းဖြစ်အောင် စုစည်းထားတဲ့ အစီအစဉ်ကို Udemy မှာ ဖန်တီးထားပါတယ်။ ဒီသင်ရိုးက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ အကောင်းဆုံးအရည်အသွေးတွေကို သင့်ကို သင်ကြားပေးရုံမက Network ဘယ်လိုလုပ်ရမလဲ၊ အစည်းအဝေး ဘယ်လိုကျင်းပရမလဲဆိုတာပါ သိခွင့်ရစေမှာပါ။ Macro နဲ့ Micro Economics အခြေခံတွေသာမက ကုမ္ပဏီတွေကို တန်ဖိုးဖြတ်နည်းလည်း သင်ပေးပါလိမ့်မယ်။ MBA သင်တန်းတစ်ခုလုံးကို သင်ရိုးတစ်ခုတည်းသင်ကြားခြင်းဟာ ကုမ္ပဏီစတင်ဖွင့်မယ့်လူတိုင်းအတွက် စေ့စပ်သေချာပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်ဖြစ်ပါတယ်။

၂။ ဝက်ဘ်ဆိုက်တည်ဆောက်ခြင်း

ဘယ်ကုမ္ပဏီမဆို ဒီဇိုင်းကောင်းပြီး User အတွက် အဆင်ပြေမယ့် ဝက်ဘ်ဆိုက်တစ်ခု လိုအပ်ပါတယ်။ ဝက်ဘ်ဆိုက်အလွတ်ရေးဆွဲသူကို ငှားရမ်းရင် ဈေးကြီးပါတယ်။ ဒီအတွက် ကိုယ်တိုင်လေ့လာနိုင်ဖို့ ”The Complete Web Developer 2.0” သင်ရိုးကို Rob Persival က ဦးဆောင်ပြီး လှပတဲ့ဝက်ဘ်ဆိုက်တွေ တည်ဆောက်နည်းကို သင်ပေးပါလိမ့်မယ်။

၃။ အမှတ်တံဆိပ်တည်ဆောက်ခြင်း

သင့်စီးပွားရေးလုပ်ငန်းစတင်တဲ့အခါ အရေးကြီးဆုံးကိစ္စတစ်ခုဟာ ကုမ္ပဏီအမှတ်တံဆိပ်တည်ဆောက်တာ ဖြစ်ပါတယ်။ သေသေချာချာအသုံးချတတ်ရင် Social Media Marketing ဟာ အစွမ်းထက်တဲ့ ကိရိယာဖြစ်သလို သင်လွဲချော်ရင်သင့်လုပ်ငန်းသစ်ပျက်စီးနိုင်ပါတယ်။ ကံကောင်းချင်တော့ Gory Vaynerchuck က အရောင်းရဆုံး Udemy သင်ရိုးမှာ Social Media သုံးနည်းကအစ Marketing နည်းဗျူဟာတွေအထိ သူ့ရဲ့ ဗဟုသုတတွေ မျဝေထားပါတယ်။

၄။ သူများအမှားကို သင်ခန်းစာယူခြင်း

အရောင်းရဆုံးသင်ရိုးဖြစ်တဲ့ Entire MBA in 1 Course ကို တီထွင်တဲ့ Chris Haroun ကပဲ ဖန်တီးတဲ့ 101 Crucial Lessons They Don’t Teach You in Business School သင်ရိုးဟာ ကုမ္ပဏီထောင်ချိန်မှာ မိမိပြိုင်ဘက်ထက် ‘သာ’ ချင်သူတိုင်းအတွက် အံကိုက်ဖြစ်ပါတယ်။ ပါမောက္ခ Haroun ဟာ Bill Gates နဲ့ Warren Buffett တို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ဆုံပြီး စီးပွားရေးကျောင်းတက်စဉ်က သူတို့လိုချင်ပြီး မရခဲ့တာ ဘာတွေလဲလို့ မေးလေ့ရှိပါတယ်။ သူတို့ရဲ့အဖြေတွေကို Udemy သင်ရိုးအဖြစ်မှီငြမ်းတဲ့ သူ့ရဲ့စာအုပ်ထဲထည့်သွင်းခဲ့ပါတယ်။ Haroun ရဲ့ စာအုပ်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်း ချက်ချင်း ဖတ်သင့်တဲ့ စာအုပ်ခြောက်အုပ်အနက် တစ်အုပ်ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းကြီးက ဖော်ပြပါတယ်။

၅။ Cold Email ပို့ခြင်း

Cold Email ပို့ခြင်းဟာ အခက်အခဲဆုံးကိစ္စတစ်ခုဖြစ်ပေမယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ‘သွေး’ ဖို့လိုတဲ့ အဓိကကျွမ်းကျင်မှုဖြစ်ပါတယ်။ ဒီသင်ရိုးက ကုမ္ပဏီတစ်ခုဟာ ဘယ်သူ့ကိုဆက်သွယ်ရမလဲ၊ Cold Email တွေ ဘယ်လိုရေးသားမလဲ၊ အကြောင်းပြန်သူမရှိရင် ထိရောက်စွာ ဘယ်လိုဆက်လုပ်ရမလဲ စတဲ့ကိစ္စတွေ သင့်ကို သင်ပေးမှာပါ။ (Cold Email ဆိုတာ သင်နဲ့အရင်က လုံးဝအဆက်အသွယ်မရှိခဲ့ပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာတွဲဖက်လုပ်ဖို့ အလားအလာရှိသူတွေဆီ အကျိုးအကြောင်းဆီလျော်တဲ့ ပုဂ္ဂိုလ်ရေးအီးမေးလ်ပေးပို့တာဖြစ်ပါတယ်။ )

၆။ Advertising Tools တွေကို ထိရောက်စွာအသုံးပြုခြင်း

AdWords ဟာ ဘယ်ကုန်ပစ္စည်းအတွက်မဆို ငွေရှာပေးတဲ့စက်ပါ။ ဒါဟာ ရေပန်းအစားဆုံး အွန်လိုင်းကြော်ငြာဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါတယ်။ အဲဒါကို သင်သုံးစွဲတတ်ရင် သင့်ဝက်ဘ်ဆိုက်၊ ဒါမှမဟုတ် Social Media စာမျက်နှာတွေဆီ အမှာစာတွေ အများကြီးပေးပို့နိုင်ပါတယ်။ သင့်ကုန်ပစ္စည်းအတွက် Campaign တွေ ဖန်တီးတာအပြင် သင့်ကြော်ငြာ Campaign တွေရဲ့ အစွမ်းထက်မှုတိုင်းထွာနည်းမှ သင့်ဝက်ဘ်ဆိုက်ကို ၂၄ နာရီပတ်လုံးစာ သက်ဝင်လှုပ်ရှားနေစေနည်းအထိ အားလုံးသင်ပေးပါလိမ့်မယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် သင်ဟာကုန်စည်ပဲရောင်းရောင်း၊ ဝန်ဆောင်မှုပဲရောင်းရောင်း ဒါဟာအရေးပါဆုံး တစ်ခုတည်းသော ကိရိယာဖြစ်ပါလိမ့်မယ်။

၇။ သိပ်ကောင်းတဲ့ စီးပွားရေးစိတ်ကူးဖန်တီးခြင်း

စီးပွားရေးလုပ်ငန်းစိတ်ကူးကောင်းတစ်ခု ဖန်တီးဖို့အတွက်အချိန်နဲ့ စွမ်းအင်လိုအပ်တာ မဆန်းပါဘူး။ အအောင်မြင်ဆုံးလုပ်ငန်းရှင်တွေဟာ ညံ့ဖျင်းတဲ့ စိတ်ကူးတွေနဲ့ စတင်ကြတာပါ။ သူတို့အမှားမျိုးတွေ သင်မလုပ်မိအောင် သင်ရိုးခေါင်းဆောင် Evan Kimbrell က သင့်ကို တားဆီးပါလိမ့်မယ်။ သူ့သင်တန်းမှာ သူကစီးပွားရေးဒိုင်းနမစ် (Economic Dynamics) တွေနဲ့ စိတ်ကူးထုတ်မှုဆက်စပ်ပုံ၊ လက်တွေ့ဆန်ပြီး ပြည့်စုံကာ ရရှိနိုင်စွမ်းလည်းရှိတဲ့ လုပ်ငန်းအစီအစဉ် ဖန်တီးပုံ၊ စိတ်ကူးသစ်တွေပေါ်လာဖို့ နည်းနိဿယတွေ အသုံးပြုပုံတွေကို နားလည်အောင်သင်ပေးသွားမှာပါ။

၈။ Python ကို သုံးခြင်းဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း

ကုမ္ပဏီတစ်ခုတည်ထောင်တာ အချိန်သိပ်ကုန်တဲ့ ကိစ္စပါ။ ငြီးငွေ့စရာကိစ္စတွေအတွက် ကုန်ဆုံးမယ့်အချိန်ကို လျော့ချပေးမယ့် ကိရိယာတွေကို သင်အသုံးပြုဖို့လိုပါတယ်။ ကံကောင်းချင်တော့ အဲဒီအတွက် သင်တန်းတစ်ခု ရှိပါတယ်။ Al Sweigart ဟာ ငြီးငွေ့စရာ အလုပ်တာဝန်တွေကို အလိုအလျောက်ဖြစ်မြောက်စေဖို့ Python သုံးနည်းသင်ပေးပါတယ်။ ဥပမာ – သင်ဟာ PDF တွေ၊ Spread-sheet တွေ၊ အော်တိုကီးဘုတ်၊ မောက်(စ်)၊ အီးမေးလ်၊ စာမူတွေ ပေးပို့တာတွေလေ့လာနိုင်ပါတယ်။ ဒီကိစ္စတွေ လုပ်တတ်တာကအလုပ်များတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အသက်ကယ်ဆေးပါပဲ။

၉။ Excel သုံးနည်းကို လေ့လာဆည်းပူးခြင်း

Microsoft Excel သုံးနည်းဆည်းပူးတာဟာ Code လုပ်ငန်းဆည်းပူးတာလောက် ဆွဲဆောင်မှုမရှိပေမယ့် လုပ်ငန်းရှင်တွေ လေ့လာထားဖို့ လုံးဝလိုအပ်ပါတယ်။ အချိန်ဇယားဖန်တီးတာ၊ ဒါမှမဟုတ် ကုန်ပို့လွှာတွေ ပေးပို့တာမျိုးတွေမှာ Microsoft Excel ကို ထိရောက်စွာသုံးခြင်းဟာ အရေးကြီးပါတယ်။ ဒီသင်ရိုးက သင့်ကိုခြောက်နာရီအတွင်း Excel User ဖြစ်လာရုံမက လူသိနည်းတဲ့လှည့်ကွက်ကလေးတွေ မျဝေပေးပြီးတော့ Spreadsheet ရေးဆွဲရာမှာ ပညာသည်တစ်ဦးဖြစ်လာဖို့ သင်ကြားပေးပါလိမ့်မယ်။

စိုးညွန့်ဇော်
Ref: Business Insider