ကိုယ်ကျိုးရှာသော ခေါင်းဆောင်… ကိုယ်ကျိုးလိုသော နောက်လိုက်…

ဘုံအကျိုးစီးပွားတစ်ခု၊ သို့မဟုတ် အများအကျိုးအတွက်ရည်စူး၍ ငွေကြေးအကျိုးအမြတ် အဓိက မထားသော လူမှုစီးပွားရေးအဖွဲ့အစည်း(Non-Profit Organization)ဖွဲ့စည်းတည်ထောင်ကြသည်မှာ ယခုခေတ်ကာလတွင် ပိုမိုများပြားလာပါသည်။ ထိုသို့သော အဖွဲ့အစည်းမျိုးတွင် အများအကျိုးနှင့် အဖွဲ့အစည်းအကျိုးကို ဦးစားပေး၍ တည်ကြည်စွာ အရည်အချင်းအပြည့်အဝနှင့် အနစ်နာခံ ဦးဆောင်လုပ်ကိုင်သည့် အတွေးအမြင်ရှိသည့် ခေါင်းဆောင်များရှိသကဲ့သို့ ကိုယ်ကျိုးရှာသော ခေါင်းဆောင်များ ပိုများပြားလေသည်။

ကိုယ်ကျိုးရှာသော ခေါင်းဆောင်မျိုးသည် မိမိ၏ရာထူးကို အသုံးပြု၍၊ မိမိအကျိုးအတွက် တပည့်မွေး၍ ထင်ရာစိုင်းလုပ်တတ်ကြပါသည်။ အဖွဲ့အစည်း၏ မူလရည်မှန်းချက်များ ထိခိုက် ပျက်စီးပြီး အဖွဲ့ဝင်များလည်း ဒုက္ခရောက်ရပါသည်။ အချို့သော ခေါင်းဆောင်များသည် မိမိနေရာ ရလျင် ထင်ရာစိုင်းလုပ်နိုင်သည်ဟုခံယူ၍ အတင်းအဓမ္မ နေရာလုကြတတ်သဖြင့် အဖွဲ့အစည်းနှင့် ဘုံအကျိုးစီးပွားများပါ ထိခိုက်နစ်နာကြပါသည်။ တစ်ခါတစ်ရံ မိမိအကျိုးစီးပွား ထိခိုက်နစ်နာမည်ကို စိုးရိမ်၍ ဘုံအကျိုးစီးပွားဟု အကြောင်းပြကာ အဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီး လုပ်တတ်သည့် ခေါင်း ဆောင်များလည်း တွေ့ရနိုင်ပြန်သည်။

တချို့အဖွဲ့အစည်းတွင်မူ ခေါင်းဆောင်မှုအရည်အချင်းနှင့် အမြော်အမြင်အားနည်းသူကို ခေါင်းဆောင်တင်လျက် မိမိအကျိုးအတွက် လုပ်ဆောင်သည့် ကိုယ်ကျိုးလိုသောနောက်လိုက် များ လည်းတွေ့ဖူးပါသည်။ ဆရာမွေးပြီး အဖွဲ့အစည်းတွင်း လူတစ်စုလက်ဝါးရိုက်ကာ လက်စွမ်း ပြသဖြင့် အဖွဲ့အစည်း၏ရည်မှန်းချက်များ ပျက်စီးပြီး စည်းလုံးညီညွတ်မှု ထိခိုက်စေပါသည်။ အကွဲ အပြဲများစွာ ဖန်တီးစေပါသည်။ အဖွဲ့အစည်းကိုယ်စားပြုသော နယ်ပယ်အတွက်လည်း ထိခိုက် စေပါသည်။ နေရာရလာသည့် ခေါင်းဆောင်မှာလည်း မိမိနေရာတည်မြဲရေးအတွက် မိမိထက် လက် စောင်းထက်သော နောက်လိုက်များကို မျက်နှာချိုသွေး၊ အလိုလိုက်လုပ်ဆောင်ရလေသည်။

ထို့ကြောင့် ကိုယ်ကျိုးရှာသော ခေါင်းဆောင်များနှင့် ကိုယ်ကျိုးလိုသော နောက်လိုက်များ ရှောင်ရှားခြင်းဖြင့် ကိုယ်စားပြုနယ်ပယ်များ တိုးတက်ရန် ရည်ရွယ်ထားသည့် ဘုံရည်မှန်းချက်များ အောင်မြင်အောင်လုပ်ဆောင်နိုင်သည့်၊ အမြော်အမြင်ရှိ၍ ဖြောင့်မတ်တည်ကြည်သည့် ခေါင်းဆောင် ကောင်းများ၊ နောက်လိုက်ကောင်းများ ပေါ်ထွန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်…

မောင်သာ