ကိုဗစ်ကာလအတွင်း စီးပွားရေးခေတ်သစ်တစ်ခု အသစ်တစ်ဖန်ပြန်လည်စတင်ခြင်း

ရဲညွန့် (မဟာဝိဇ္ဇာ၊နိုင် – ဆက်)

ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ် -၁၉(Covid-19)ဟူသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဆိုးကြီးကူးဆက်ပြန့်ပွားလာမှုကြောင့်တချို့သော စီးပွားရေးလုပ်ငန်းများဆုတ်ယုတ်သွားသကဲ့သို့ တချို့သောစီးပွားရေးလုပ်ငန်းများမှာ လုံးဝနလံမထူနိုင်ဘဲရပ်ဆိုင်းသွားသည့်အခြေအနေသို့ ရောက်ကုန်ကြသည်။ ဤအခြေအနေဆိုးကြီးကြောင့် စီးပွားရေးပညာရှင်များအနေဖြင့် မက်ခိုစီးပွားရေး (macroeconomics)ကို မဖြစ်မနေပြန်လည်သုံးသပ်ဖို့ဖြစ်လာသည်။ သို့သော်လည်း မည့်သည့်ဦးတည်ဘက်လမ်းကြောင်းအတိုင်း သွားလိမ့်မည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေး။

၁၉၃၆ ခုနှစ်တွင် ဂျွန်မေးနာ့ဒ်ကိန်းစ် (John Maynard Keynes) ဆိုသည့် ပညာရှင်က “The General Theory of Employment, Interest and Money” ဟူသောစာအုပ်ကို ရေးသားထုတ်ဝေလိုက်ခြင်းဖြင့် မက်ခရိုစီးပွားရေးဟုခေါ် သည့် ခြုံငုံသုံးသပ်သည့် စီးပွားရေးပညာရပ် စတင်ပေါ်ပေါက်လူသိများလာလေသည်။ ထိုနှစ်နောက်ပိုင်းကာလများကို ခေတ်သုံးခေတ်ပိုင်းခြား သိမြင်နိုင်သည်။

၁၉၄၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့သည့် ပထမကာလမှာ”မူဝါဒခေတ်”(Era of policy) ဖြစ်ပြီး ထိုခေတ်တွင် ကိန်းစ် (Keynes) ၏အတွေးအမြင်များဖြင့် လွှမ်းမိုးခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များသို့ရောက်သည့်အခါ ထိုအတွေးအမြင်များဖြင့် မဖြေရှင်းနိုင်သည့်ပြဿနာများပေါ်လာသည်။ ၁၉၈၀ပြည့်လွန်နှစ်များအား”ငွေကြေးဝါဒီခေတ်”(Monetarist Era) ဟုခေါ်၍ ထိုဒုတိယခေတ်တွင်မေလ်တွန် ဖရိဒ် မန် (Milton Friedman) ရေးသားသည့် စာအုပ်တွင်ပါဝင်သည့်အတွေးအမြင်များဖြင့် ဆန်းသစ်တွေးခေါ်လာကြသည်။ တတိယခေတ်ဟုခေါ်နိုင်သည့် ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးပညာရှင်များက ထိုခေတ်နှစ်ခေတ်၏ အတွေးအမြင်များအား ပေါင်းစပ်ခဲ့ကြသည်။ ထိုခေတ်သုံးခေတ်ကို ကျော်လွန်လာပြီး နောက်ယခုခေတ်တွင် ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါကရှိနေပြီးသားစီးပွားရေးအဆောက်အအုံကြီးအား ဖြိုချလိုက်သည့်အတွက် စီးပွားရေးခေတ်သစ်တစ်ခုပေါ်ပေါက်ဖို့ စတင်နေပြီဖြစ်သည်။ သို့သော်လည်း ဤစတုတ္ထမြောက် စီးပွားရေးခေတ်ကိုမည်သည့်အတွေးအမြင်ဖြင့် စတင်ကြမည်နည်း။

ကိန်းစ် (Keynes) ၏ ပဓာနအတွေးအမြင်မှာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုများ (recessions) အား မည်ကဲ့သို့ဖြေရှင်းရမည်၊ အလုပ်အကိုင်များမည်ကဲ့သို့ ဖန်တီးပေးမည်စသည်တို့ပါဝင်သည့် ”စက်ဝိုင်းပုံစံဖြင့်လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းဖြစ်စဉ် အဆင့်အဆင့်အား စီမံခန့်ခွဲခြင်း”(management of business cycle) ဖြစ်သည်။ တိုးချဲ့ကြည့်ပါက ဤအဓိကအတွေးအမြင်သည် စီးပွားရေးမူဝါဒ၏ အဆုံးစွန်ပန်းတိုင်ဖြစ်လာသည်။ ၂၀ ရာစုနှစ်အစောပိုင်း စီးပွားရေးသီအိုရီများနှင့်မတူသည့် ကိန်းစ် (Keynes) ၏အမြင်မှာ ထိုပန်းတိုင်သို့ရောက်ရန် နိုင်ငံတော်ကကြီးမားသည့်အခန်းကဏ္ဍမှပါဝင်ရမည်ဟူ၍ဖြစ်သည်။ ကိန်းစ် (Keynes) အား ကနဦးလက်ခံသူများက စီးပွားရေးသည် သူ့သဘာဝအလျောက် ပြုပြင်ပြောင်းလဲနေသည့်အရာမဟုတ်ဆိုသည်ကို စီးပွားရေးဆုတ်ကပ် (Great Depression) ကြောင့်သိလာခဲ့ကြသည်။

၁၉၇၀ ပြည့်လွန်နှစ်များတွင် Keynes (ကိန်းစ်) ၏ စီးပွားရေးပုံစံပျက်သုဉ်းလာခဲ့သည်။ ငွေဖောင်းပွမှုမြင့်မားခြင်းနှင့် အလုပ်လက်မဲ့နှုန်းမြင့်မားခြင်းဟူသော အချက်နှစ်ချက်က ထိုခေတ်စီးပွားရေးပညာရှင်များအား ဇဝေဇဝါဖြစ်စေခဲ့သည်။ ထိုအချက်နှစ်ချက်သည် ဆန့်ကျင်ဘက် ဦးတည်ဘက်များဖြင့်သွားလိမ့်မည်ဟု သူတို့က ထင်မြင်ထားခဲ့ကြသည်။ သုံးဖြုန်းခြင်းဖြင့် စီးပွားရေးဆုတ်ယုတ်မှုမှ ထိုးဖောက်လွတ်မြောက်ခြင်းမဖြစ်နိုင်၊ အစိုးရများသည် အခွန်ဖြင့်ရရှိသောဝင်ငွေထက်သုံးငွေက ပိုများနေပြီး ခေတ်ကောင်းလာသည့်အခါ စုပုံလာသောကြွေးမြီများကို ပြန်ဆပ်ကြရလိမ့်မည်ဟုလည်း မူဝါဒချမှတ်သူများက သဘောပေါက်လာကြသည်။ ထိုအချိန်က ဗြိတိန်ဝန်ကြီးချုပ် ဂျိန်းမ်၊စ်ကယ်လဟန် (James Callaghan) ကလည်း ၁၉၇၆ ခုနှစ်တွင် ထိုအချက်မှန်ကန်ကြောင်းကိုဝန်ခံခဲ့သည်။

ဖရိဒ်မန်(Friedman)က ကိန်းစ်ဝါဒ(Keynesian -ism) အားဝေဖန်ရာတွင် အဓိကအချက်မှာ ”မူဝါဒချမှတ်သူများသည် အခြေခံကျသည့်ဖွဲ့စည်းမှုလိုအပ်ချက်များ (structural deficiencies)အားဖြေရှင်းခြင်းမပြုဘဲ စီးပွားရေးဖွံ့ဖြိုးမှုအတွက်တွန်းအားပေးပါက အလုပ်လက်မဲ့မှုနှုန်းကို ကျဆင်းအောင်မလုပ်နိုင်ဘဲ ငွေဖောင်းပွမှုကို မြင့်တက်စေလိမ့်မည်၊ ဆက်လက်ဖြစ်နေလိမ့်မည်”ဟူ၍ဖြစ်သည်။

၁၉၈၀ပြည့်လွန်နှစ်များအတွင်း ငွေကြေးဝါဒီများ (monetarists) ၏အတွေးအမြင်များအတိုင်း ထိုအခါက ငွေကြေးအားဗဟိုမှထိန်းချုပ်စနစ်၊ ဗဟိုဘဏ်စနစ် ကျင့်သုံးသည့် Federal Reserve ၏ဥက္ကဋ္ဌဖြစ်သူ ပေါလ်ဗော်လကာ(Paul Volcker)က ငွေကြေးဖြည့်တင်းမှု (money supply) ကို ထိန်းချုပ်ခြင်းဖြင့် ငွေဖောင်းပွမှုကိုဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးဆုတ်ယုတ်မှုဖြစ်လာပြီး အလုပ်လက်မဲ့နှုန်းမြင့်မားလာမည်ကိုလည်း ဗော်လကာ (Volcker) ကသိရှိပြီးဖြစ်သည်။ သို့သော်လည်း ငွေဖောင်းပွမှုနိမ့်ပြီးတည်ငြိမ်နေပါကရေရှည်တွင် လူများ၏နေထိုင်မှုအဆင့်အတန်း မြင့်တက်လာလိမ့်မည်ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ပြည့်လွန်နှစ်များတွင်ကိန်းစ်ဝါဒ (Keynesianism) နှင့် ဖရိဒ်မန်ဝါဒ (Friedmanism) တို့ကိုပေါင်းစပ်ပြီး စီးပွားရေးအယူအဆသစ်တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုအယူအဆအရလိုက် လျောညီထွေရှိသော ငွေဖောင်းပွမှုရည်မှန်းချက် (flexible inflation target) ဟူသောမူဝါဒစနစ်ကို ကျင့်သုံးရန်ဖြစ်သည်။ ဤမူဝါဒ၏အဓိကရည်မှန်းချက်မှာ ငွေဖောင်းပွမှုအားတည်ငြိမ်၊ နိမ့်ကျစေပြီးစီးပွားရေးဆုတ်ယုတ်ချိန်တွင် အလုပ်လက်မဲ့မှုအား ဦးစားပေးထားရှိဖြေရှင်းရန်ဖြစ်သည်။ ထိုစီးပွားရေးစီမံခန့်ခွဲမှု၏ အခြေခံကိရိယာမှာ အတိုးနှုန်းများအား အချိန်တိုကာလတာမြှင့်တင်ခြင်း၊ လျော့ချခြင်းတို့ဖြစ်သည်။ ထိုအချက်သည်စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးဖြည့်တင်းခြင်းထက် စိတ်ချရသောဆုံးဖြတ်ချက်ပေးသည့်အချက်ဖြစ်သည်။ ဗဟိုဘဏ်များသည် အစိုးရများအပေါ် မှီခိုခြင်းမပြုသည့်အတွက် ငွေဖောင်းပွမှုထောင်ချောက်အတွင်းသို့ မကျရောက်တော့။ လုပ်ငန်းဖြစ်စဉ်အဆင့်အဆင့်အား ထိန်း ချုပ်သည့် နည်းလမ်းတစ်ခုအနေဖြင့် ဘဏ္ဍာရေးမူဝါဒကိုဘေးဖယ်ခဲ့သည်။ ဘဏ္ဍရေးမူဝါဒအရ ပြည်သူ့ကြွေးမြီများကိုနှိမ့်ချထားပြီး ဝင်ငွေများအားသင့်လျော်သည့် အဆင့်တစ်ခုအထိညီမျနေစေရန်ဖြစ်သည်။

၂၀၀၇-၀၉ခုနှစ်၊ ကမ္ဘာ့ငွေကြေးအရေးအခင်းဖြစ်ပြီးနောက်မူဝါဒချမှတ်သူများသည် ပြဿနာကြီးနှစ်ခုနှင့်ရင်ဆိုင်ခဲ့ကြသည်။ ပထမအချက်မှာ ထိုငွေကြေးအရေးအခင်းကြောင့် စီးပွားရေးတွင် ဝယ်လိုအားလျော့ကျလာသည်။ ထိုကျဆင်းမှုအားတိုက်ဖျက်ရန် ဗဟိုဘဏ်များက အတိုးနှုန်းများလျော့ချလိုက်ကြပြီးအရေအတွက်အားဖြင့် သက်သာစေခြင်း (Quantitative Easing-QE)ကို စတင်ခဲ့ကြသည်။ (Quantitative Easing ဆိုသည်မှာ ငွေကြေးဖြည့်တင်းမှု (money supply) တိုးလာစေရန်နှင့် ချေးငွေထုတ်ပေးမှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကို အားပေးရန်အတွက် ဗဟိုဘဏ်များက bond များအပါအဝင် တာရှည်ခံငွေကြေးသက်သေခံလက်မှတ်များ (long-term securities) အား ဝယ်ယူခြင်းကိုဆိုလိုသည်။)

ထိုအထူးငွေကြေးမူဝါဒဖြင့်တောင်မှ ငွေကြေးအရေးအခင်းမှပြန်လည်ကောင်းမွန်လာရန်နှေးကွေး၊ ရှည်ကြာလေသည်။ အကြမ်းပြည်တွင်းထုတ်ကုန် (GDP) ဖွံ့ဖြိုးမှုအားနည်းလာသည်။ နောက်ဆုံးတွင်လုပ်အားဈေးကွက် ဖွံ့ဖြိုးလာသည်၊ သို့သော်လည်းအတိုးနှုန်းများ ဆက်လက် နိမ့်ကျခဲ့သည်။ ငွေဖောင်းပွမှုနှင့် အလုပ်လက်မဲ့မှုများသည် မျော်လင့်ထားသည့်အတိုင်းဖြစ်မလာ။ ထို့အတွက် စီးပွားရေးစီမံခန့်ခွဲမှုအသိအမြင်ကို ပြန်လည်သုံးသပ်ဖို့ဖြစ်လာသည်။ ဗဟိုဘဏ်များသည် ဝယ်လိုအားမြှင့်တင်ရန်လိုအပ်သည့်အတိုးနှုန်းများနိမ့်ကျသည့်အခြေအနေနှင့် ရင်ဆိုင်ကြရသည်။ Customer များကငွေများပြန်ထုတ် ယူပြီးမွေ့ရာအောက်တွင်သိမ်းထားရန်သာရှိတော့သည်။

ငွေကြေးအရေးအခင်းကြောင့်ဖြစ်လာသည့် ဒုတိယပြဿနာမှာ ကြွယ်ဝမှုဖြန့်ကျက်ခြင်းဖြစ်သည်။ အရင်းရှင်ဝါဒ (capitalism) သည် မည်သူ့အကျိုးစီးပွားအတွက်ရှင်သန်နေသနည်းဟူသော မေးခွန်းကိုစီးပွားရေးပညာရှင်များ မေးခွန်းထုတ်ခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင် ၁၉၈၀ ခုနှစ်နောက်ပိုင်း ဆင်းရဲချမ်းသာမညီမျမှုဖြစ်ပေါ်လာခြင်းအကြောင်းသည် စီးပွားရေးသုတေသန၏အဓိကစူးစိုက်မှုဖြစ်လာသည်။ ကုမ္ပဏီကြီးများ ပိုမိုအင်အားကြီးမားလာသည်ဟု တချို့ကပူပင်ကြသည်။ တချို့ကလည်းလူမှုရေး လှုပ်ရှားမှုအားနည်းလာသည်ဟုဆိုကြသည်။

တချို့ကလည်း ဖွဲ့စည်းမှုအားနည်းသည့် စီးပွားရေးဖွံ့ဖြိုးမှုနှင့်ဆင်းရဲချမ်းသာမညီမျမှုတို့ ဆက်စပ်နေသည်ဟု ဆိုကြသည်။ ချမ်းသာသူများက သူတို့၏ဝင်ငွေမြင့်လာသည့်အခါစုဆောင်းတတ်ကြသည်။ ထို့အတွက် ယေဘုယျစုဆောင်းငွေပမာဏမြင့်တက်သွားသည်။ ထိုအချိန်တွင် အတိုးနှုန်းကျခြင်းနှင့် QuantitativeEasing တို့သည် မညီမျမှုဖြစ်စေသည်၊ အိမ်/ရှယ်ယာဈေးများမြင့်တက်စေသည်ဟု ဗဟိုဘဏ်များကိုစွပ်စွဲကြသည်။

စီးပွားရေးဖွံ့ဖြိုးမှုအားမည်မျတွန်းအားပေးပါက ဆင်းရဲသူများအားအကျိုးပြုမည်၊ ဝင်ငွေနည်းသူများအတွက် လုပ်အားခများလုံလုံလောက်လောက်မြင့်တက်လာပြီး အလုပ်လက်မဲ့မှုကျဆင်းစေမည်ဆိုသည့်အချက်သည် ရှင်းလင်းလာပြီဖြစ်သည်။ ယခုကျရောက်နေသည့် ကပ်ရောဂါမဖြစ်မီက ချမ်းသာသောနိုင်ငံများတွင် အကြမ်းပြည်တွင်းထုတ်လုပ်မှု (GDP) မြင့်တက်လာပါက အလုပ်သမားများအတွက် လုပ်အားခ၊ လစာပုံစံများအားဖြင့် အကျိုးပြုခဲ့လေသည်။ ထိုအကျိုးစီးပွားသည် လစာနည်း အလုပ်သမားများအတွက်ကြီးမားသည်။ ”ဒီလို စီးပွားရေးပြန်ကောင်းလာတာက ဝင်ငွေနိမ့်၊ ဝင်ငွေအလယ်အလတ်အုပ်စုတွေကို အကျိုးပြုနေတယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း၊ ကျယ်ကျယ်လောင်လောင်ကြားသိနေရပါတယ်”ဟူ၍ Federal Reserve ၏ဥက္ကဋ္ဌ ဂျရုန်းမ်ပါဝဲလ် (Jerome Powell) က၂၀၁၉ခုနှစ်၊ ဇူလိုင်လတွင် ပြောကြားလိုက်သည်။ စီးပွားရေးမြင့်တက်လာပါက အကျိုးအမြတ်မျဝေမှုစွမ်းအားကောင်းလာသည်ဟူသော ယုံကြည်ချက်ကြောင့် စီးပွားရေးလုပ်ငန်းအဆင့်ဆင့်ကို စီမံထိန်းချုပ်ရာတွင် အတိုးနှုန်းများအား အစားထိုးမည့်နည်းလမ်းများကို ရှာဖွေလာကြသည်။

ထိုကာလနောက်တွင်ကိုဗစ်-၁၉ခေါ်၂၀၁၉ ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်ပြန့်ပွားမှုဖြစ်လာသည်။ ဈေးကွက်ဖြည့်တင်းမှုလမ်းကြောင်းများ(supply chains) နှင့် ထုတ်လုပ်မှုများပြတ်တောက်သွားသည်။ ကုန်ကြမ်းများနှင့်ကုန်ချောများမရသည့်အတွက် ဈေးနှုန်းများတက်လာသည်။ ကိုဗစ်-၁၉ ၏ပိုမိုကြီးမားသောထိခိုက်သက် ရောက်မှုမှာဝယ်လိုအားအပေါ်သို့ ကျရောက်လာသည်။ အနာဂတ်တွင်ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းများထပ်မံကျဆင်းမှုများဖြစ်လာလိမ့်မည်ဟုထင်ကြသည်။ ရင်းနှီး မြှုပ်နှံလိုစိတ်များကျဆင်းလာသည်။ ထိုအချိန်တွင် ချမ်းသာသောကမ္ဘာမှလူများသည် သူတို့၏ဝင်ငွေများကို စုဆောင်းနေကြသည်။

ကိုဗစ်ကပ်ရောဂါက မညီမျမှုများကို ပိုမိုဖြစ်စေသည်။ ကော်လာဖြူအလုပ်သမားများက အိမ်မှနေ၍ အလုပ်လုပ်နိုင်ကြသော်လည်း ကုန်ပစ္စည်းဖြန့်ဝေရသည့်ယာဉ်မောင်းများ၊ အမှိုက်ရှင်းသူများကဲ့သို့သော မရှိမဖြစ်အလုပ်သမားများမှာ အလုပ်ကိုဆက်လုပ်နေကြရသည်။ ထိုသူများမှာလစာလည်းနည်းနည်းရပြီး ကိုဗစ်အကူးခံရမည့်အနေအထားတွင်ရှိနေကြသည်။ ဟိုတယ်လုပ်ငန်းကဲ့သို့သောလုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့်အမည်းရောင်၊ အညိုရောင်ငယ်ရွယ်သူများ၊ အမျိုးသမီးများသည် အလုပ်လက်မဲ့ဖြစ်ခြင်းဟူသောထိုးနှက်မှုကို အဓိကခံကြရသည်။

ကိုဗစ်-၁၉မဖြစ်မီကတည်းက စီးပွားရေးလုပ်ငန်းများလည်ပတ်မှုဖြစ်စဉ်၏ ဆင်းရဲသူများအပေါ်အကျိုသက်ရောက်မှုကို မူဝါဒချက်မှတ်သူများက အာရုံစူးစိုက်လာခဲ့ကြသည်။ ကိုဗစ်၏သက်ရောက်မှုက အဆင်းရဲဆုံးလူများအားပိုမိုအထိနာစေသည့်အတွက် အရေးပေါ်ဆောင် ရွက်မှုတစ်ခုလိုအပ်လာပြီဟူသောအသိကပေါ်လာသည်။ မက်ခရိုစီးပွားရေးအပြောင်းအလဲများ၏ နောက်ကွယ်တွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။ စီးပွားရေးပညာရှင်များအတွက် အလုပ်အကိုင်များအပြည့်အဝရရှိရေးသည် ထိပ်ဆုံးဦးစားပေးဖြစ်လာသည်။

သို့သော်မည်ကဲ့သို့ကိုင်တွယ်မည်နည်း။ မူဝါဒချမှတ်သူများကစီးပွားရေးကျဆင်းမှုများကို မကိုင်တွယ် နိုင်ဟူသောမှားယွင်းသည့်အတွေးကို ကိုဗစ်ကဖြစ်စေသည်ဟု တချို့သောလူများကဆိုကြသည်။ ယခုနှစ်၊ ယခုအချိန်အထိ ချမ်းသာသောနိုင်ငံများတွင် စီးပွားရေးအား နှိုးဆွရန်အတွက် ဒေါ်လာ ၄.၂ ထရီလီယံ သုံးစွဲမည်ဟုကြေညာထားသည်။ ထိုပမာဏသည် GDP ၏ ၁၇ ရာခိုင်နှုန်း နီးပါးရှိသောလိုငွေပြမှုကို ဖြေရှင်းရန်လုံလောက်သည်။ ဗဟိုဘဏ်များ၏ငွေစာရင်းလက်ကျန်ရှင်းတမ်းများတွင် GDP ၏ ၁၀ ခန့်မြင့်တက်လာသည်။ ဤပမာဏ ငွေဖြင့်စီးပွားရေးနှိုးဆွမပြုလုပ်ပါကဈေးကွက်များကိုတည်ငြိမ်စေမည်၊ လုပ်ငန်းများပြိုကွဲခြင်းမှ တားဆီးပေးမည်၊ အိမ်ထောင်စုများ၏ဝင်ငွေများအား အကာအကွယ်ပေးမည်ဖြစ်သည်။

မူဝါဒချက်မှတ်သူများတွင် နည်းလမ်းမှားစွာ၊ အင်အားများစွာရှိသည်ကို သံသယဖြစ်စရာမလိုသော်လည်း မည်သူက၊ မည်သည့်အရာအပေါ်အခြေခံ၍ပြုလုပ်မည်နည်း၊ မည်သည့်အကျိုးတရားများ ထွက်ပေါ်လာလိမ့်မည်နည်းဟူသော အချက်များနှင့်ပတ်သက်၍သဘော ကွဲလွဲလျက်ရှိကြသည်။ စီးပွားရေးပညာရှင်များနှင့် မူဝါဒချမှတ်သူများအကြား အခြေအမြစ်အကျဆုံးမှ အခြေအမြစ်ကျမှုအနည်းဆုံးဟူသော အတွေးအုပ်စုသုံးစုခွဲကြည့်နိုင်သည်။ ပိုမိုမြင့်မားသည့်လုပ်ရဲသည့်စိတ်၊ သတ္တိကိုဦးစားပေးသည့်အုပ်စု၊ ငွေကြေးမူဝါဒကိုသာကြည့်သည့်အုပ်စုနှင့် အနှုတ်ပြနေသော အတိုးနှုန်းများသည်သာ အမှန်တကယ် ဖြေရှင်းချက်ဖြစ်သည်ဟုဆိုသည့်အုပ်စုတို့ဖြစ် ကြသည်။

ပထမအုပ်စုမှလူများက ဗဟိုဘဏ်များသည် ရင်းနှီးပိုင်ဆိုင်မှုများ (assets) ဝယ်ယူရန်အတွက် ငွေစက္ကူများ ပုံနှိပ်ထုတ်နိုင်သည့်ကာလတစ်လျောက်လုံး သူတို့သည် စီးပွားရေးဖွံ့ဖြိုးမှုနှင့်ငွေဖောင်းပွမှုကိုမြင့်တက်စေမည်ဖြစ်သည်။ ဗဟိုဘဏ်များသည် ငွေဖောင်းပွမှုရည်မှန်း ချက်များပြည့်မီရန်နှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ထိုနည်းလမ်းအတိုင်းလုပ်ရမည်ဟု တချို့သောစီးပွားရေးပညာရှင်များကဆိုကြသည်။ ဗဟိုဘဏ်များ၏ဆောင်ရွက်ချက်များမအောင်မြင်ရခြင်းမှာ”လက်နက်ခဲယမ်း” ပြတ်လပ်သွားခြင်းကြောင့်မဟုတ်ဘဲ လုပ်သင့်သလောက် မလုပ်၍ဖြစ်သည်ဟုဆိုကြသည်။

မကြာသေးမီက ဗဟိုဘဏ်များသည် အလုပ်လုပ်ရန် ၎င်းတို့တွင် ကိရိယာ (tool) ရှိသည်ဟု ပြောဆိုလျက် ထိုယုံကြည်ချက်အတိုင်းလိုက်လုပ်ကြသည်။ ၂၀၁၃ ခုနှစ်တွင် ဖွံ့ဖြိုးမှုနိမ့်ကျခြင်း၊ ငွေဖောင်းပွမှုအဆမတန်နိမ့်ကျခြင်းတို့နှင့်ပတ်သက်၍ တခြားနိုင်ငံများထက် အတွေ့အကြုံရှိသည့် ဂျပန်နိုင်ငံသည်ကရိုးဒါးဟရုဟိကို (Kuroda Haruhiko) ဟုအမည်ရသူအား ဂျပန်ဘဏ် (Bank of Japan) ကိုဦးဆောင်စေရန် ဘဏ်အကြီးအကဲအဖြစ်ခန့်အပ်ခဲ့သည်။ သူကလုပ်အားဈေးကွက်ကြီးထွားလာစေရန်ကြိုးပမ်းရာတွင်အောင်မြင်ခဲ့သည်။ သို့သော်လည်းငွေဖောင်းပွမှုကို ကတိပြုထားသည်ထက်နည်း၍မြင့်မားစေခဲ့သည်။ ရင်းနှီးပိုင်ဆိုင်မှုများအားဝယ်ယူရန်အလား အလာဆိုသည်မှာ စီးပွားရေးဆုတ်ယုတ်မှုတစ်ခုအား ငွေကြေးမူဝါဒတစ်ခုတည်းဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်သည်ကို ဆိုလိုကြောင်း Federal Reserve ၏ဥက္ကဋ္ဌဌဟောင်း ဘဲန်းဘာနန်းကီ (Ben Ber-nanke) က အမေရိကန်စီးပွားရေးအသင်း(American Economic Association)သို့ ကိုဗစ် မဖြစ်မီက မိန့်ခွန်းတစ်ခုတွင်ဆိုခဲ့သည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်းက ဗဟိုဘဏ်အကြီးအကဲများသည် စီးပွားရေးဖွံ့ဖြိုးမှုမြှင့်တင်ရန်အတွက် အစိုးရငွေစာရင်းများကိုအသုံးပြုရန် တိုက်တွန်းရန် လိုလားနေခဲ့ကြသည်။ ခရစ္စတင်းလာဂါ့ဒ် (Christine Lagarde)သည် ငွေကြေးဆိုင်ရာနှိုးဆွမပြုလုပ် ရန်လှုံ့ဆော်လျက် ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်စတင် တာဝန်ယူခဲ့သည်။ အမေရိကန် Federal Reserve ၏ ဥက္ကဋ္ဌဂျရုန်းမ်ပါဝဲလ် (Jerome Powell) က ကပ်ရောဂါအား ငွေကြေးဖြင့်တုံ့ပြန်ခြင်းကို အချိန်မတန်သေးဘဲ နောက်မဆုတ်သင့်သေးကြောင်း အောက်လွှတ်တော်သို့ သတိပေးစကားပြောကြားခဲ့သည်။ ”အတိတ်ကထက်စာရင် အခုအချိန်မှာစီးပွားရေးလည်ပတ်မှုဖြစ်စဉ်ကို စီမံထိန်းချုပ်ဖို့အတွက် ငွေကြေးမူဝါဒက ထူးခြားတဲ့ကဏ္ဍကနေပါဝင်လိမ့်မယ်။” ဟုသြစတြေးလျ၏ Reserve Bank အုပ်ချုပ်ရေးမှူး (Governor of the Reserve Bank of Australia – RBA) ဖီးလစ်လို း(Philip Lowe) က သြစတြေးလျလွှတ်တော်သို့ မေလတွင်ပြောကြားခဲ့သည်။

ထို့အတွက် ဗဟိုဘဏ်အကြီးအကဲများအနေဖြင့် ငွေကြေးမူဝါဒ (monetary policy) သို့မဟုတ် fiscal policy) ကို အဓိကထားသည့်ဒုတိယအတွေးအုပ်စုတွင်ပါဝင်လာကြသည်။ ဗဟိုဘဏ်ကရင်းနှီးပိုင်ဆိုင်မှုများအား ဝယ်ယူခြင်းသည် အကန့်အသတ်မရှိဖွံ့ဖြိုးမှုကိုဖြစ်စေသည်ဆိုသည့်အချက်ကို ဒုတိယအတွေးအား ထောက်ခံသူများက သံသယဖြစ်ကြသည်။ သို့မဟုတ် ထိုသို့ဝယ်ယူခြင်းများသည် အန္တရာယ်များသည်၊ တရားမျတမှုမရှိဟုမြင်ကြ သည်။ အဘယ်ကြောင့်ဆိုသော် ကျဆုံးခွင့်ပြုသင့်သော ကုမ္ပဏီများ၏ကြွေးမြီများအား ဝယ်ယူခြင်းသည် ယင်းကုမ္ပဏီများအားဆက်လက်ရှင်သန်စေ၍ဖြစ်သည်။ ဘတ်ဂျက်လိုငွေပြမှုအတွက် ပုဂ္ဂလိကကဏ္ဍမှ အလွန်အမင်းစုပုံ နေသောစုဆောင်းငွေများကို ရယူသင့်သည်။ အခွန်ငွေများလျော့ချလျက်အသုံးပြုမှုကိုမြှင့်တင်လျင် ပိုကောင်းသည် ဟုမြင်ကြသည်။ ထိုသို့ပြုလုပ်ပါကကြီးမားသောလိုငွေပြမှုများအားကာလ ပိုမိုရှည်ကြာစေခြင်းဖြစ်စေနိုင်သည်ဟု ဟားဗတ်တက္ကသိုလ်မှ လာရီဆန်းမား (Larry Summers) ကအကြံပြုသည်။

ဤအတွေးအမြင်ကိုကျင့်သုံးခြင်းဖြင့် ဗဟိုဘဏ်၏ကဏ္ဍသည် ပျောက်ကွယ်သွားမည်မဟုတ်၊ ၎င်းကို တာဝန်ပေးဖို့သာရှိသည်။ ဗဟိုဘဏ်များသည် ငွေကြေးဆိုင်ရာနှိုးဆွမှုကို တွန်းအားပေးသူများဖြစ်လာကြမည်။ ဘတ်ဂျက်လိုငွေပြမှုများ မြင့်တက်လာသော်လည်း ပြည်သူများရေရှည်ငွေချေးယူမှုအား သက်သက်သာသာဖြစ်စေမည် ဖြစ်သည်။ bond များ ဝယ်ယူခြင်းဖြင့်လည်းကောင်း (ဂျပန်ဘဏ်နှင့်သြစတြေးလျ၏ Reserve Bank တို့ ယခုပြုလုပ်လျက်ရှိသည့်) ရေရှည်အတိုးနှုန်းများအား သုညနားကပ်နေစေခြင်းဖြင့်လည်းကောင်း ထိုနည်းလမ်းကိုကျင့်သုံးနိုင်မည်ဖြစ်သည်။ ငွေကြေးမူဝါဒနှင့် အစိုးရ၏ကြွေးမြီ စီမံထိန်းချုပ်မှုတို့အကြား မျဉ်းကြောင်းသည် ကိုဗစ်-၁၉ ကြောင့်ဝေဝါးနေကြောင်း ဗဟိုဘဏ်များအသင်းတစ်ခုဖြစ်သည့် Bank for International Settlements (BIS) က၎င်း၏အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ထိုစီးပွားရေးပြဿနာကြောင့် မည်သူမျမပျော်ရွှင်ကြ။ ”အင်္ဂလန်ဘဏ်သည် ယခုအချိန်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လှုပ်ရှားလုပ်ဆောင်မှုဌာနခွဲ (operational arm) အနေအထားသို့ ပြန်ရောက်နေပြီလား” ဟူ၍ ထိုဘဏ်၏ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ပေါလ်တာ့ကာ (Paul Tuck-er)က အင်္ဂလန်ဘဏ်ကအစိုးရ bond များအားဝယ်ယူလိုက်ခြင်းနှင့်ပတ်သက်၍ ဤကဲ့သို့မေးခွန်းထုတ်လိုက်သည်။ ဗြိတိသျငွေကြေးစည်းမျဉ်းများထိန်းသိမ်းသူ အဒဲတာနာ (Adair Turner) ကဲ့သို့သော ကိန်းစ်အယူအဆလွှမ်းမိုးခံရသူများက ငွေကြေးထောက်ပံ့ခြင်းဖြင့် ငွေကြေး နှိုးဆွခြင်းကို မူဝါဒအဖြစ်သတ်မှတ်ရန်လိုလားကြသည်။ ထိုအတွေးအမြင်ကို ရဟတ်ယာဉ်ငွေကြေး ”helicopter money” ဟုသိကြသည်။

ကြီးမားသောငွေကြေးဆိုင်ရာနှိုးဆွမှုအစီအစဉ်များဆိုသည်မှာ ပြည်သူ့ကြွေးမြီများနှင့်ဂျီဒီပီတို့၏အချိုးများ မြင့်တက်လာခြင်းသဘောကိုပြသည်။ ထိုအစီအစဉ်များက စီးပွားရေးပညာရှင်များအား ထိတ်လန့်မှုမဖြစ်စေပါ။ အဘယ်ကြောင့်ဆိုရသော် ယနေ့အချိန်နိမ့်သော အတိုးနှုန်းများသည်မြင့်မားသော ပြည်သူ့ကြွေးမြီများကိုဖြေရှင်းရာတွင် အစိုးရအားအထောက်အကူဖြစ်စေသည်။ အတိုးနှုန်းများသည် အမည်ခံစီးပွားရေးဖွံ့ဖြိုးမှုထက်နိမ့် နေပါကစီးပွားရေးသည် အကြွေးများကိုဖောက်ထွက်ပြီး ဖွံ့ဖြိုးလာနိုင်သည်။ (အမည်ခံစီးပွားရေးဖွံ့ဖြိုးမှုသည်ငွေ ဖောင်းပွမှုအတွက် ကိုက်ညှိမှုများမပြုလုပ်မီအခြေအနေ ကိုရည်ညွှန်းသည်။) ထိုအဆိုကို တခြားနည်းဖြင့် ”ငွေဖောင်းပွမှုနိမ့်ကျနေသမျကာလပတ်လုံး ဗဟိုဘဏ်များသည် အစိုးရများအားငွေကြေးထောက်ပံ့မှုများဆက်လက် ပြုလုပ်နိုင်သည်” ဟုဆိုနိုင်သည်။ အကြောင်းမှာငွေကြေးဖောင်းပွမှုများခြင်းအလားအလာများကြောင့် ကြွေးမြီများမူဝါဒချမှတ်သူများသည် ကြွေးမြီစရိတ်များမြင့်တက်လာသည့်အဆင့်များအထိအတိုးနှုန်းများကို မဖြစ်မနေမြှင့်တင် ကြရ၍ဖြစ်သည်။

ငွေကြေးဘုံဘိုင်အားအဆုံးအထိဖွင့်ချလိုက်ပြီး ဗဟိုဘဏ်အားတာဝန်ပေးလိုက်ခြင်းသည် ”ခေတ်ပေါ် ငွေကြေးသီအိုရီ”(modern monetary theory – MMT)နှင့် ဆင်တူလေသည်။ ၎င်းသည့် eterodox economics ခေါ် စီးပွားရေးအားအများလက်ခံထားသည့် ပုံမှန်စီးပွား သီအိုရီများကိုအသုံးမပြုဘဲ ပြင်ပမှနေ၍ သရုပ်ခွဲသုံးသပ်ခြင်းဖြစ်သည်။ ဆိုရှယ်လစ်စနစ်၊ မာ့ခ်ဝါဒ၊ ကိန်းစ်ခေတ် လွန်အယူဝါဒများသည့် eterodox economics ၏သာဓကများဖြစ်ကြသည်။

Heterodox economicst ရနိုင်ငံများသည် ကြွေးမြီများနှင့်ဂျီဒီပီတို့၏ အချိုးများကို လျစ်လျူရှုရန်၊ ပြည်သူ့ကြွေးမြီများကို တားဆီးရာတွင် ဗဟိုဘဏ်အား မှီခိုရန်နှင့် အလုပ်လက်မဲ့မှုနှင့်ငွေဖောင်းပွမှုများ ပုံမှန်ဖြစ်လာသည်အထိ လိုငွေပြသည့်အခြေအနေဖြင့် ငွေကြေးအသုံးပြုခြင်းကို ဆက်လက်ပြုလုပ်ရန် သူတို့၏ကိုယ်ပိုင် ငွေကြေးအားပုံနှိပ်ထုတ်နိုင်သည်။

ဤအတွေးအမြင်နှင့် ခေတ်ပေါ်ငွေကြေးသီအိုရီတို့မှာ ဆင်တူလေသည်။ အတိုးနှုန်းများသုညဖြစ်သည့် အခါချေးငွေများထုတ်ပေးခြင်းနှင့် ငွေစက္ကူများပုံနှိပ်ထုတ်ခြင်းတို့အကြားကွဲပြားမှုမရှိတော့။ ချေးငွေများအတွက်အတိုးပေးရသည့်ဝန်ထုပ်ဝန်ပိုးမရှိတော့။ ”အတိုးနှုန်းသုညဖြစ်သည့်အခါ ငွေကြေးဖြင့်အထောက်အပံ့ပေးသည်ပဲဖြစ်ဖြစ်၊ အကြွေးဖြင့်အထောက်အပံ့ပြုသည်ပဲဖြစ်ဖြစ် အထူးအထွေကိစ္စမရှိတော့”ဟုမစ္စတာဘလန်းချာ့ဒ်က မကြာသေးမီက ပြုလုပ်သောဝက်ဘ်ဆိုက်တွင် ကျင်းပပြုလုပ်သည့်ဆွေးနွေးပွဲ (Webinar) တစ်ခုတွင် ပြောကြားခဲ့သည်။

သို့သော် ထိုသို့နှိုင်းယှဉ်မှုမှာထိုတွင် အဆုံးသတ်သွားပြီဖြစ်သည်။ ခေတ်ပေါ်ငွေကြေးသီအိုရီကိုလက်ခံသူများက ဗဟိုဘဏ်အားအတိုးနှုန်းကို အမြဲတမ်းသုညဟုသတ်မှတ်ထားစေလိုကြသည်။ အများလက်ခံသည့်သီအိုရီများကိုလက်ကိုင်ထားသည့် စီးပွားရေးပညာရှင်များက အတိုးနှုန်းများကို မြင့်တက်စေလိုသည့်အတွက် တိုးချဲ့သောငွေကြေးမူဝါဒကို ထောက်ခံကြသည်။ အပြန်အလှန် အားဖြင့် ၎င်းငွေကြေးမူဝါဒအား လူအများလက်ခံလာကြလိမ့်မည်။

အနုတ်ပြသည့်အတိုးနှုန်းများကိုသာအာရုံစိုက်သည့် တတိယအတွေးအုပ်စုသည် အခြေအမြစ်အကျဆုံးဖြစ်သည်။ မစ္စတာဘလန်းချာ့ဒ် (Mr Blanchard) က ဆိုသည့်အတိုင်း ၎င်းအုပ်စုသည် အတိုးနှုန်းများအား စီးပွားရေးဖွံ့ဖြိုးမှုနှုန်းများ၏အောက်တွင် ရှိနေစေဖို့ကိုသာလိုလားသည်။ ငွေးကြေးဆိုင်ရာနှိုးဆွမှုအတွက်တွန်းအားပေးသည့်အခါ ကြွေးမြီများဖြင့်သော်လည်းကောင်း ဗဟိုဘဏ်ပိုက်ဆံဖြင့်လည်းကောင်း ငွေကြေးအထောက်အပံ့ပေးခြင်းအား သံသယဖြင့်ရှုမြင်ကြသည်။

ဘဏ်များက အီလက်ထရောနစ်ပိုက်ဆံများကို ဗဟိုဘဏ်တွင်အမြောက်အမြားထားကြသည့်အခါ ဗဟိုဘဏ်က အတိုးများမပေးနိုင်ဘဲ အတိုးနှုန်းများကိုမြှင့်တင်ခြင်းမပြုလုပ်နိုင်သည့်အခြေအနေဖြစ်လာသည်။ ထိုအခြေအနေသည် Quantitative Easing(QE) ၏ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။ အစိုးရ bond များအား ဝယ်ယူရန်ပိုက်ဆံများ ပုံနှိပ်ထုတ်လေလေဗဟိုဘဏ်တွင် စက္ကူငွေသားများပိုအပ်လေလေဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျင် ငွေကြေးဖွံ့ဖြိုးဖို့၊ ငွေကြေးဈေးကွက်ကိုနှိုးဆွဖို့ ငွေကြေးအထောက်အပံ့ရရန်အတွက် ဗဟိုဘဏ်ကငွေများ ဖန်တီးခြင်းသည် အစိုးရကအတိုးနှုန်းသတ်သတ်မှတ်မှတ်မရှိ သောချေးငွေများ (floating-rate debt) ကို ထုတ်ပေးခြင်းနှင့်ဆင်တူလေသည်။ ကုန်ကုန်ပြောရလျင် ဗဟိုဘဏ်များသည် အစိုးရ၏အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။

Quantitative Easing မြင့်လေလေအစိုးရအနေဖြင့် ရေတိုအတိုးနှုန်းများ မတည်ငြိမ်မှုခံရမည်ဖြစ်ကြောင်း Bank of England မှ ဂါ့တ်ယန်ဗလီဂဲ (GertjanVlieghe) က မိန့်ခွန်းတစ်ခုတွင်ပြောကြားသွားသည်။ နောက်ထပ်ပူပင်စရာတစ်ခုမှာ အစိုးရများအနေဖြင့် လာမည့်ဆယ်စုနှစ်များ အတွင်းတွင် ၎င်းတို့၏ဘတ်ဂျက်များအပေါ်ဖိအားများပိုမိုများလာသည်ကို ကြုံတွေ့ရနိုင်သည်။ ဖိအားများဆိုသည်မှာ ပင်စင်၊ သက်ကြီးလူဦးရေများနှင့်ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲခြင်းကို တားဆီးရာတွင်ရင်းနှီးမြှုပ်နှံမှုများ၊ ကိုဗစ်ကြောင့် ဖြစ်လာသည့်ပျက်စီးမှုများနှင့်ပတ်သက်လေသည်။ စီးပွားရေးကိုနှိုးဆွပေးရန်အကောင်းဆုံးနည်းလမ်းမှာ အတိုးနှုန်းမြင့်တက်လာသည့်အခါ ပေးချေရမည့်အဆုံးမရှိသောငွေတောင်းခံလွှာများကိုဖန်တီးခြင်းမဟုတ်ဘဲ အတိုးနှုန်းများကို သုညအောက်တွင်ထားရန်ဖြစ်သည်။

တချို့သောအတိုးနှုန်းများမှာ အနှုတ်နားရောက်နေပြီဖြစ်သည်။ Swiss National Bank ၏မူဝါဒအရနှုန်းထားမှာ ဝ.၇၅ ရာခိုင်နှုန်းဖြစ်သည်။ ယူရိုငွေကြေးဇုန်၊ ဂျပန်နှင့်ဆွီဒင်တို့တွင် အတိုးနှုန်းများအနှုတ်ပြနေပြီဖြစ်သည်။ ဟားဗာ့ဒ်တက္ကသိုလ်မှ ကဲနက်ရိုဂေါ့ဖ်(Kenneth Rogoff)) နှင့် ESifhCitigroup (Bank) ၏ စီးပွားရေးပညာရှင်ချုပ် ဟောင်းဝေလမ်ဗွစ်တား (Willem Buiter) တို့က အတိုးနှုန်းများအား ၃ ရာခိုင်နှုန်း သို့မဟုတ် ၎င်း၏အောက်သို့သာမျော်မှန်းကြသည်။ ဤမျော်မှန်းချက်သည် အလွန်အခြေအမြစ်ကျသောမျော်မှန်းချက်ဖြစ်သည်။ ငွေကြေးသုံးစွဲမှု (spending) ကိုအားပေးခြင်းနှင့် ဤနှုန်းထားအတိုးချေးငွေ များထုတ်ပေးခြင်းများသည် နိုင်ငံအနှံ့ပြန့်နှံ့ရန် လိုအပ်သည်။ ငွေကြေးဈေးကွက်များ၊ ဘဏ်ချေးငွေများအပေါ် အတိုးပေးမှုများ၊ ဘဏ်တွင်ငွေစုဆောင်းမှုများသို့ ပြန့်နှံ့ရန်လိုအပ်သည်။

လူအများအပြားသည်လည်း ငွေများကို ဘဏ်များတွင်မထားတော့ဘဲ မွေ့ရာများအောက်တွင်သိမ်းထားကြလိမ့်မည်။ ဤအဆိုပြုချက်များကိုထိရောက်မှုရှိစေရန်အတွက် အခြေအမြစ်ကျသောပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လိုအပ်သည်။ ထိုသို့ပြုလုပ်ရန်အကြံဉာဏ်များ၊ နည်းလမ်းများရှိသည်၊ သို့သော်လည်း အကြမ်းဖက်ပြုလုပ်သည့်နည်းလမ်း(brute-force method)မှာ တန်ဖိုးမြင့်ငွေစက္ကူများအားဖျက်သိမ်းပစ်လိုက်ခြင်းဖြင့် တန်ဖိုးနိမ့်ငွေ စက္ကူအများအပြားကိုကိုင်တွယ်ကြရမည်။ အခက်အခဲဖြစ်လာမည်။ နောက်ဆုံးတွင်ငွေသားများသည် အလေးချိန် စီးသည့်သတ္တုပြားများဖြစ်လာမည့်နည်းလမ်းဖြစ်သည်။

အနှုတ်ပြသောအတိုးနှုန်းများသည် ဘဏ်များနှင့်ငွေကြေး စနစ်များအားပြဿနာတက်စေမည်။ ၂၀၁၈ ခုနှစ်စာတမ်းတစ်စောင်တွင် ပရင့်စတွန်တက္ကသိုလ်(Princeton University) မှ မားကတ်စ်ဘရွန်နာမေယာ(Markus Brunnermeier) နှင့် ယန်းကိုဘီ(Yann Koby)တို့က”ပြောင်းပြန်အတိုးနှုန်း” (reversal interest rate)ဟူ၍ရှိသည်။ ထိုနှုန်း၏အောက်တွင် အတိုးနှုန်းများကိုဖြတ်ချပါက ဘဏ်ချေးငွေများထုတ် ပေးခြင်းကိုအတားအဆီးဖြစ်လိမ့်မည်။ စီးပွားရေးကို တိုးတက်မှုမဖြစ်စေဘဲ ထိခိုက်မှုဖြစ်စေလိမ့်မည်ဟု ဆိုကြသည်။ အတိုးနှုန်းတစ်ခု၏အောက်ကျသွားပါက ဘဏ် များကလည်း ၎င်းတို့ထံတွင်ငွေအပ်နှံသူများအား အတိုးနှုန်းလျော့ချခြင်းသတင်းကို မပေးလိုကြ။ ငွေအပ်နှံသူများက ငွေများအားထုတ်ယူပြီး ပြိုင်ဘက်ဘဏ်များသို့ပြောင်း ရွှေ့အပ်ကြလိမ့်မည် ။အတိုးနှုန်းသည်အနှုတ်အလွန်အမင်းပြပါက ငွေသားမသုံးသည့်နိုင်ငံများတွင်တောင်မှ ဘဏ်အကျိုးအမြတ်များကိုထိခိုက်လိမ့်မည်။

အနှုတ်ပြသောအတိုးနှုန်းများကို လက်ခံသည့် အကြောင်းအချက်များရှိသည်။ ယခုဖြစ်ပွားနေသည့်ကပ် ရောဂါဆိုးကြောင့် ငွေသားကိုင်တွယ်မှုကျဆင်းလာသည်။ ရင်းနှီးငွေဈေးကွက်တွင် intermediation ခေါ် ရင်းနှီးပိုင်ဆိုင်မှုများသည့် လူများမှရင်းနှီးပိုင်ဆိုင်မှုနည်း သူများသို့ငွေများလွှဲပြောင်းပေးရခြင်းများဖြင့် ဘဏ္ဍာရေးတွင်ဘဏ်များသည်အရေးမပါတော့။ မစ္စတာဝေလမ် ဗွစ်တား (Willem Buiter) က မတည်ရင်းနှီးငွေဈေးကွက်မားသည်”ပြောင်းပြန်အတိုးနှုန်း”အဆိုကြောင့် ထိခိုက်မှုမရှိဟုဆိုသည်။ ဗဟိုဘဏ်ပုဂ္ဂိုလ်များက သူတို့၏ကိုယ်ပိုင်ဒစ်ဂျစ်တယ်ပိုက်ဆံကိုဖန်တီးဖို့ စဉ်းစားနေကြသည်။ ထိုဒစ်ဂျစ်တယ်ပိုက်ဆံဖြင့် ပြည်သူအများငွေအပ်နှံနိုင်သည်။

ဘဏ်စနစ်ကိုအသုံးပြုသည်ထက် ဗဟိုဘဏ်ကဤနည်းဖြင့် အပ်ငွေများအပေါ်အတိုးပေးခြင်း၊ ယူခြင်းများ တိုက်ရိုက်ပြုလုပ်နိုင်သည်။ အမေရိကန် ဒုတိယသမ္မတဟောင်းဂျိုးဘီဒန် (Joe Biden)က မဲဆွယ်ရာတွင် ပုဂ္ဂလိက ဘဏ်ငွေစာရင်းမရှိသူများအတွက် အစိုးရမှတိုက်ရိုက် ဝန်ဆောင်မှုပေးမည်ဟုပြောသည့် အကြံဉာဏ်နှင့်ဆင်တူသည်။

ကိုဗစ်အလွန်ကာလတွင် မူဝါဒချမှတ်သူများကအလားအလာ အန္တရာယ်များကို ချိန်ဆပြီးရွေးချယ်ရတော့မည်ဖြစ်သည်။ ရင်းနှီးပိုင်ဆိုင်မှုဈေးကွက်တွင် ဗဟိုဘဏ်ကပါဝင်ချယ်လှယ်မှု သို့မဟုတ်ပြည်သူ့ချေးငွေများ ကိုဆက်လက်တိုးမြှင့်မှု သို့မဟုတ်ငွေကြေးစနစ်ကိုပြုပြင် ပြောင်းလဲမှုတို့အနက် မည်သည့်ကိုရွေးချယ်မည်နည်း။ စီးပွားရေးပညာရှင်များက ထိုအခြေအမြစ်ကျသည့်ပြောင်းလဲမှုများဖြင့်ပင် မလုံလောက်မည်ကိုစိုးရိမ်ကြသည်။ ထိုထက်နက်နဲသောပြဿနာများရှိနေသေးသည်။ ဖွဲ့စည်းပုံပြုပြင်မှု (structural reform) ပြုလုပ်ဖို့လိုအပ်မည်ဟုဆိုကြ သည်။

ပရင်စတွန်တက္ကသိုလ်၊ ဟားဗာ့ဒ်တက္ကသိုလ်နှင့် ချီကာဂိုတက္ကသိုလ်များမှပုဂ္ဂိုလ်သုံးဦးက ”မညီမျမှုက စီးပွားရေးလိုအပ်ချက်ကို ပို၍ဖြစ်စေသည်” ဆိုသည့်အချက်ကို ချဲ့ထွင်စဉ်းစားကြသည်။ မညီမျမှုကြောင့် စီးပွားရေးကိုနှိုးဆွမပြုရန်လိုအပ်လာသကဲ့သို့ စီးပွားရေးကို နှိုးဆွမှုကြောင့် မညီမျမှုများပိုမိုဖြစ်စေနိုင်သည်ဟု ထိုပုဂ္ဂိုလ်များက ဆိုကြသည်။ အတိုးနှုန်းများလျော့ချမှုကြောင့် အိမ်ထောင်စုများ၊ ကုမ္ပဏီများကငွေများပို၍ ချေးယူလာကြမည် သို့မဟုတ် အစိုးရတွင်လိုငွေပြမှုများ ဖြစ်လာမည်၊ ထိုအချက်များကြောင့် နိုင်ငံများတွင်ပေးရန် ကြွေးများပိုမိုများလာလိမ့်မည်ဖြစ်သည်။ ပြည်သူပိုင်နှင့် ပုဂ္ဂလိကအကြွေးတင်မှုများသည် ချမ်းသာသောသူများအတွက် ဝင်ငွေများဖြစ်လာမည်။

မကြာသေးမီကဆယ်စုနှစ်များတွင်ဖြစ်ခဲ့သော အခြေအနေများမှာမညီမျမှုမြင့်မားခြင်း၊ အကြွေးနှင့်ဂျီဒီပီ အချိုးမြင့်မားခြင်းနှင့် အတိုးနှုန်းများနိမ့်ကျခြင်းတို့ဖြစ်ကြသည်။ ထိုအခြေအနေများက တစ်ခုကိုတစ်ခုပိုမိုကြီးမား ခိုင်မာစေသည်။ ထိုအခြေအနေများမှ လွတ်မြောက်ရန်ပြန်လည်မျဝေခြင်း (redistribution) နှင့်မညီမျမှုမြင့်မားခြင်းကိုလျော့ချခြင်းတို့ကဲ့သို့သော စံနှုန်းလျော့ကျသည့် မက်ခရိုစီးပွားရေးမူဝါဒကို ပြန်စဉ်းစားဖို့လိုလိမ့်မည်ဟုဆိုကြသည်။ မညီမျမှုမြင့်မားခြင်းဆိုသည်မှာယှဉ်ပြိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်။ တစ်ချို့သောဈေးကွက်များတွင် ကုမ္ပဏီကြီး၊ လုပ်ငန်းကြီးများက ၄င်းတို့၏ကုန်ပစ္စည်း များဖြင့်သာလွှမ်းမိုးထားပြီး စားသုံးသူများမှာ ရွေးချယ်စရာကုန်ပစ္စည်းများများစားစားမရှိ၊ ဈေးနှုန်းကလည်းမြင့်သည့်အခြေအနေမျိုးများရှိတတ်သည်။ ထိုသို့သောဈေးကွက်မျိုးကို Captive market ဟုခေါ်သည်။ Captive market ရှိသောလုပ်ငန်းကိုင်ငန်းကြီးများမှာ ရင်းနှီးမြှုပ်နှံမှုအများကြီးလုပ်ရန်မလို။ တစ်ချိန်တည်းတွင် ယှဉ်ပြိုင်မှုလည်း မရှိ။

ဟားဗာ့ဒ်တက္ကသိုလ်မှ အန်နာစတန်းဘာရီ (Anna Stansbury) နှင့်မစ္စတာဆန်းမား (Mr Summers) တို့ ရေးသားပြုစုသည့် စာတမ်းအသစ်တစ်စောင်တွင် ထိုမညီမျမှုမြင့်မားခြင်းနှင့်ပတ်သက်သည့် အမြင်ကိုပယ်ချလိုက်သည်။ မညီမျမှုမြင့်မားခြင်းသည် ယှဉ်ပြိုင်မှုမရှိသောကြောင့်ဖြစ်သည်ဟူသော အယူအဆအစား အလုပ်သမားများသည် အလုပ်သမားဈေးကွက်တွင် ဈေးဆစ်နိုင်သည့် အစွမ်းလျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟုဆိုပြန်သည်။ ၂၀၁၀ ပြည့်လွန်နှစ်များအထိ အမေရိကန်၏ စီးပွားရေးဦးတည်လမ်းကြောင်းများကိုကြည့်လျင် အလုပ်သမားများ၏ဝင်ငွေပါဝင်မှုမှာလျော့ကျခြင်း၊ အလုပ်လက်မဲ့နှုန်းနှင့်ငွေဖောင်းပွမှုလျော့ကျခြင်း၊ ကုမ္ပဏီများအကျိုး အမြတ်မြင့်မားလာခြင်းများကိုတွေ့နိုင်သည်။ အလုပ်သမားများထက် အလုပ်ရှင်များက ပိုက်ဆံပိုစုနိုင်ဖွယ်ရာရှိသည်။ ထို့အတွက် ထိုစာတမ်းရှင်နှစ်ဦးကအလုပ်သမား သမဂ္ဂများကိုပိုမိုရှင်သန်စေခြင်း သို့မဟုတ် အလုပ်သမားများ၏စွမ်းအားကိုမြှင့်တင်ပေးသည့် ကုမ္ပဏီအုပ်ချုပ်မှုအစီအစဉ်များကဲ့သို့သောမူဝါဒများကို လိုလားသည်။ သို့သော်လည်း ထိုမူဝါဒများကိုကျင့်သုံးပါက အလုပ်လက်မဲ့ နှုန်းမြင့်မားလာနိုင်သည့်အန္တရာယ်တစ်ခုကို သတိထားစဉ်းစားရမည်ဖြစ်သည်။ အလုပ်သမားများ၏စွမ်းအားများကိုမြှင့်တင်ခြင်းက ပို၍အလားအလာကောင်းသည်။ အလုပ်သမားများအနေဖြင့်ဈေးဆစ်နိုင်စွမ်းရှိရမည်။ ဆွဲဆောင်မှုမရှိသောအလုပ်အကိုင်အစီအစဉ်များကို စွန့်ခွာနိုင်စွမ်းရှိရမည်။

Financial Times သတင်းစာတွင် ပုံမှန်ရေးသားသူ မာတင်ဆန်ဘူ (Martin Sandbu)က သူ၏မကြာသေးမီက ထုတ်ဝေသောစာအုပ်တွင် အခွန်ကင်းလွတ်ခွင့်ရသောလုပ်အားခများအစား အားလုံးတူညီသည့်အခြေခံလစာများ ဖြင့်အစားထိုးရန်၊ နောက်တစ်နည်းမှာချမ်းသာသော နိုင်ငံ အများအပြားတွင် လျော့တိလျော့ရဲဖြစ်နေသည့် အလုပ်ခန့်ထားမှုဥပဒေ (Employment Law) ကို ပိုမိုတင်းကျပ် ရန်အကြံပြုသည်။ ကုမ္ပဏီများပေါင်းခြင်း(mergers) နှင့် ကုမ္ပဏီတစ်ခုက အခြားတစ်ခု၏ရှယ်ယာအများစု သို့မ ဟုတ် အားလုံးကိုဝယ်ယူခြင်း (acquisition) များအတွက် တင်းကျပ်သောစည်းမျဉ်းများသည်လည်း အထောက်အကူဖြစ်လိမ့်မည်။

ဥရောပရှိ အလုပ်သမားသန်းပေါင်းများစွာတို့သည် အစိုးရကထောက်ပံ့သော အစီအစဉ်များအရ ခွင့် ကာလအတွင်းလစာများရရှိခြင်း၊ သို့မဟုတ် ဆုတ်ကပ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသော ၁၀ ဦးတွင် ၇ ဦးသည် အလုပ်လက်မဲ့အာမခံထောက်ပံ့ငွေများကို အလုပ်လုပ်၍ရသည့် လစာထက်ပိုရခြင်းစသည်တို့ကို လွန်ခဲ့သည့် ၆လခန့်ကမစဉ်းစားမိခဲ့ကြ။ ထိုအချက်အရ စီးပွားရေးတွင်အစိုးရ၏ကဏ္ဍသည် ပိုမိုကြီးထွားလာဖွယ်ရာရှိသည်ကြောင်း Bank for International Settlements (BIS) ကပြောလိုက်သည်။

များစွာသောစီးပွားရေးပညာရှင်များကအစိုးရ၏ ဝင်ရောက်ပါဝင်မှုကိုလိုလားကြသည်။ သို့သော်လည်း အလားအလာအန္တရာယ်များကလည်းရှိနေသည်။ ကြွေးများဖြင့် ပိနေသည့်အစိုးရများက လိုငွေပြမှုများအတွက် ကြောက်ရွံ့နေစရာမလို။ ဗဟိုဘဏ်၏လွတ်လပ်မှုသည် လည်းကိစ္စမရှိ။ မစ္စတာစူဖီ (Mr Sufi)၊ မစ္စစတန်ဘာရီ (Ms Stanbury) နှင့် ၄င်းတို့၏ အပေါင်းအဖော်များဆိုသည့်အ တိုင်းမညီမျမှုအားပြန်လည်မျဝေခြင်း (redistribution) သည် စီးပွားရေးနှင့်ပတ်သက်သည့်စိုးရွံ့မှုများမှ ထိုးဖောက် ထွက်နိုင်မည်ဖြစ်သည်။ သို့သော်လည်း အခွန်များအလွန် အမင်းကောက်ခြင်းသည် အလုပ်အကိုင်ရရှိနိုင်မှု၊ စွန့်ဦးတီထွင်လုပ်ကိုင်မှုနှင့် ဆန်းသစ်တီထွင်မှုများကို အားနည်းစေမည်ဖြစ်သည်။

စီးပွားရေးနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားလာရခြင်းကိုက အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။လုပ်အားဈေးကွက်များကို တင်းကျပ်ခြင်းသည် ပြန်လည်မျဝေမှုလုပ်စရာမလိုဘဲ အလုပ်သမားများအား ဈေးဆစ်နိုင်စွမ်းပေးသည်ဟု အများစုကသဘောတူကြသည်။ ပြည်သူ့ကြွေးမြီများအား တန်းတူအလေးထားသုံးသပ်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်နိုင်သည့်အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုကိုဖြစ်စေမည်။ ပိုမိုဆန်းသစ်မှုများ၊ ပိုမို သက်သာသောငွေကြေးအရကြားဝင်ကူညီဖြေရှင်းခြင်း (intermediation)၊ ရုပ်ဝတ္ထုပိုက်ဆံရှိနေခြင်းက ထိန်းချုပ်မှုမဖြစ်စေသည့် ငွေကြေးမူဝါဒစသည်တို့ပါဝင်ပတ်သက် သည့်ဘဏ္ဍာရေးခေတ်သစ်တစ်ခေတ်ကို အစိုးရက စတင် နိုင်ပြီဖြစ်သည်။ စီးပွားရေးစံပုံစံဟောင်းသည်အသုံးမဝင်တော့။ ပြောင်းလဲမှုသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် လာနေပြီဖြစ်သည်။

Issue – November 2020