ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းလက်လီအရောင်းလုပ်ငန်းကြီးက စတင်မိတ်ဆက်မယ့် NFTs marketplace

GameStop Corp က NFTs(Nonfungible Tokens) အတွက် marketplace တစ်ခုကိုတည်ထောင်ဖို့ ဌာနသီးသန့်ခွဲသွားဖို့ရှိပြီး ဒီဂျစ်တယ်ငွေကြေးထုတ်သူတွေနဲ့လည်း အကျိုးတူပူးပေါင်းသွားဖို့ရှိတယ်လို့ သေချာတဲ့သတင်းရပ်ကွက်ကနေ သတင်းတွေထွက်နေပါတယ်။ ဒီအတွက်လည်း ဂိမ်းလက်လီအရောင်းလုပ်ငန်းဖြစ်တဲ့ GameStop ရဲ့ စတော့တန်ဖိုးတွေက (စတော့အိတ်ချိန်းပြင်ပ အွန်လိုင်းစတော့ဈေးကွက်တွေထဲမှာ) ၂၇ ရာခိုင်နှုန်းလောက်တက်သွားခဲ့ပါတယ်။

ဒီသတင်းကို The Wall Street Journal(WSJ) က ပထမဆုံးတင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ကတော့ တရားဝင်ထုတ်ပြန်ချင်းမရှိသေးပါဘူး။ ဗီဒီယိုဂိမ်းအရောင်းလုပ်ငန်းဖြစ်တဲ့ GameStop အနေနဲ့ကုမ္ပဏီကို ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာဖြစ်ပြီး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ Ryan Cohen က Amazon.com Inc. အပါအဝင် ကုမ္ပဏီကြီးတွေက အမှုဆောင်တွေကိုခေါ်ယူခန့်ထားနေတာဖြစ်ပါတယ်။ အဓိကကတော့ လက်လီအရောင်းဆိုင်လုပ်ငန်းကနေ e-commerce လုပ်ငန်းဘက်ကို ပိုမိုရည်သန်ပြောင်းလဲလုပ်ကိုင်သွားဖို့လုပ်နေတာပါ။

WSJ ရဲ့သတင်းအရဆိုရင်တော့ ကုမ္ပဏီက သူတို့ရဲ့ NFTs Marketplace ပေါ်မှာ တချို့သော ဂိမ်းရေးဆွဲသူတွေကို သူတို့ရဲ့ NFTs တွေကိုတင်ပြီးရောင်းချဖို့ ချိတ်ဆက် ဆက်သွယ်နေတာဖြစ်ပြီး GameStop ရဲ့ NFTs Marketplace ပလက်ဖောင်းကိုတော့ ဒီနှစ်နှောင်းပိုင်းမှာ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

WSJ အရတော့ ကုမ္ပဏီအနေနဲ့ သူရဲ့ဒီNFT ကဏ္ဍဌာနသစ်မှာ ဝန်ထမ်းပေါင်း ၂၀ လောက်ခန့်ထားပြီး online hub တစ်ခုကိုတည်ဆောက်နေကာ ဒီအပေါ်ကနေ videogame တွေထဲက avatar ဝတ်စုံတွေ၊ လက်နက်တွေလို virtual စုဆောင်းနိုင်တဲ့ item တွေရဲ့ NFT တွေကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ကုန်သွယ်ခြင်းတွေလုပ်နိုင်မှာဖြစ်ပါတယ်။

GameStop ကတော့ သူ့ရဲ့ NFT website ကို ၂၀၂၁ ခုနှစ်ထဲမှာ မိတ်ဆက်ခဲ့ပြီး သူ့ပလက်ဖောင်းပေါ်ကို ဂိမ်းရေးသားသူတွေလာရောက်ရောင်းဝယ်ဖောက်ကားဖို့ ဖိတ်ခေါ်နေခဲ့တာလည်းဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာတုန်းက စတော့ရှယ်ယာတန်ဖိုးတွေကျဆင်းနေခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုရံပုံငွေစီမံခန့်ခွဲတဲ့ လုပ်ငန်း (Hedge Funds) တွေကတော့ GameStop ရဲ့ရှယ်ယာတွေက ဆက်ကျဖို့ပဲရှိတော့တယ်လို့ ပေါ်ပေါ်ထင်ထင်ပြောနေကြပြီး စတော့တွေကို shortselling လုပ်နေတုန်း Reddit (သတင်းဝဘ်ဆိုက်) နဲ့ Robinhood (စီးပွားရေးအကျိုးဆောင်ဝဘ်ဆိုက်)တွေပေါ်မှာ Redditor တွေက စတော့တွေကိုစုပေါင်းဝယ်ယူမှုတွေ လုပ်ခဲ့ရာက စတင်လိုက်တဲ့ hype ကြောင့် စတော့ရှယ်ယာတွေတန်ဖိုးမြင့်တက် ရုတ်ရုတ်သဲသဲရိုက်ခတ်စိတ်ဝင်စားမှုတွေရရှိခဲ့ပါသေးတယ်။ ဒါကြောင့် တန်ဖိုးထက်မတက်နိုင်တော့ဘူးလို့ တွက်ပြီး GameStop စတော့ရှယ်ယာတွေထုတ်ရောင်းခဲ့တဲ့ Hedge Fundတွေတော်တော်လေးထိသွားခဲ့ပါသေးတယ်။

GameStop Corp. ဟာ အမေရိကန် ဗီဒီယိုဂိမ်း၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းတွေနဲ့ ဂိမ်းနဲ့ဆက်စပ်အမှတ်တရပစ္စည်းအစုံ လက်လီအရောင်းလုပ်ငန်းဖြစ်ပြီး တက္ကဆက်ပြည်နယ် Grapevine မှာ ဌာနချုပ်တည်ရှိပါတယ်။ သူဟာ ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းလက်လီအရောင်းလုပ်ငန်းကြီးလည်းဖြစ်ပါတယ်။


(NFT (Non-fungible Token) ဆိုတာက စုဆောင်းလို့ရတဲ့ တန်ဖိုးတစ်စုံတစ်ရာရှိတဲ့ ဒီဂျစ်တယ် asset တစ်မျိုးပါ။ တန်ဖိုးရှိတဲ့ ထိတွေ့ကိုင်တယ်လို့ရတဲ့အနုပညာပစ္စည်းတွေလိုပါပဲ။ Non-fungible Token ဆိုတာက ဒီဂျစ်တယ်လယ်ဂျာမှာ သိမ်းထားတဲ့ ရွှေ့ပြောင်းလို့မရတဲ့ အချက်အလက်အစုဖြစ်ပါတယ်။ ဒီဂျစ်တယ်နည်းအရ သိမ်းဆည်းလို့ရတယ်၊ တန်ဖိုးလည်းရှိတဲ့ (ကမ္ဘာမှာတစ်ခုတည်းပဲရှိနိုင်တဲ့) အရာတိုင်းကနေ NFT တွေထုတ်လို့ရပါတယ်။ Bitcoin နဲ့ Ethereum တို့လို Cryptocurrency နဲ့လည်း ဆင်တူပါတယ်။ )

Ref : Bloomberg, CNA, Wikipedia, Internet