ကမ္ဘာပျက်မည့်နေ့အတွက် ကြိုတင်တည်ဆောက်ထားသော ဘီလျံနာများ၏ ဗုံးခိုကျင်းများ

ကမ္ဘာ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းမျသာရှိတဲ့ ဒီလူချမ်းသာများရဲ့ မြေအောက်ဗုံးခိုကျင်းများကတော့ တမူကိုထူးခြားလှပပါတယ်။ကမ္ဘာပျက်တဲ့အခါ အသုံးပြုမယ့်မြေအောက်ဗုံးခိုကျင်းဆိုတာ ခေါက်ခုတင်တွေနဲ့ စည်သွတ်ဗူးတွေအပြည့်ထည့်ထားတဲ့ ကွန်ကရစ်အခန်းတစ်ခန်းပဲလို့ လူအများစုက တွေးလေ့ရှိပါတယ်။

ကမ္ဘာပျက်ဖို့ ခြိမ်းခြောက်မှုဟာ စစ်အေးတိုက်ပွဲ ခေတ်ကလိုပဲ ရှိနေဆဲလို့ အောက်မေ့ရပေမယ့် ယခုခေတ် လုံခြုံရေးအဆင်မြင့်ဗုံးခိုကျင်းတွေဟာ ၂၀ ရာစုခေတ်က ဗုံးခိုကျင်းတွေနဲ့ များစွာခြားနားပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီအတော်များများဟာ ကမ္ဘာလုံးဆိုင်ရာကူးစက် ရောဂါဆိုး၊ ဥက္ကာပျံ၊ ဒါမှမဟုတ် တတိယကမ္ဘာစစ်လို ဘယ်လိုအသက်အန္တရာယ်ရှိတာမျိုးကိုမဆို ကာကွယ်စောင့် ရှောက်ပေးနိုင်မယ့် ဗုံးခိုကျင်းတွေကို ဇိမ်ခံပစ္စည်းတွေ၊ အတွင်းပိုင်းပြင်ဆင်မှုမျိုးစုံတွေ ထည့်ပြီးဆောက်လုပ်ပေးနေရပါတယ်။

”ရှေးခေတ်က ဗုံးခိုကျင်းတွေဟာ သိပ်ပြီးဇိမ်မကျဘူး။ အဲဒါတွေက မီးခိုးရောင်တွေ၊ သင်္ဘော၊ ဒါမှမဟုတ် စစ်ဘက်သုံးပစ္စည်းလို သတ္တုတွေနဲ့ ဆောက်တယ်။ အဲ ဒီလိုငြီးငွေ့စရာပတ်ဝန်းကျင်ထဲမှာ လူသားမျိုးနွယ်ဟာ သက်ဆိုးမရှည်နိုင်ဘူး” လို့ အဆင့်မြင့်ဗုံးခိုကျင်းတွေ ကမ္ဘာတစ်ဝန်းမှာ တည်ဆောက်ပြီး စီမံခန့်ခွဲနေတဲ့ Vivos ကုမ္ပဏီရဲ့ စီအီးအို၊ အိမ်ခြံမြေစွန့်ဦးထွင်လုပ်ငန်းရှင်”ရောဘတ်ဗင်စီးနိုး” က ပြောပါတယ်။

ကမ္ဘာပျက်နေ့အတွက် ဝယ်လိုအား

Hedge Fund မန်နေဂျာတွေ၊ အားကစားကြယ်ပွင့်တွေနဲ့ နည်းပညာကုမ္ပဏီအရာရှိတွေအပါအဝင် ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေဟာ သူတို့မိသားစုနဲ့ အမှုထမ်းတွေကိုအတူထားရှိဖို့ လျို့ဝှက်ဗုံးခိုကျင်းတွေကို ကိုယ်တိုင်ဒီဇိုင်းထုတ်ချင်ကြပါတယ်။ (ဘီလ်ဂိတ်စ်ရဲ့ ခြံအားလုံးမှာ ဇိမ်ခံဗုံးခိုကျင်းတွေ ဆောက်ထားတယ်လို့လည်း ကောလာဟလထွက်နေပါတယ်။)

အလုပ်အပ်သူ စိတ်တိုင်းကျ ဒီဇိုင်းအတိုင်း မြေအောက်ဗုံးခိုကျင်းတွေ ဆောက်လုပ်ရောင်းချမှုဟာ ၂၀၁၅ ခုနှစ်နဲ့ယှဉ်ရင် ၂၀၁၆ ခုနှစ်မှာ ၇၀၀ ရာခိုင်နှုန်းအထိ တိုးလာပြီး အဲဒီနှစ် နိုဝင်ဘာလ သမ္မတသစ်ရွေးကောက်ပွဲ နောက်ပိုင်းမှာတင် ၃၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ တက္ကဆပ်ပြည်နယ်မှ Rising “S” Co. ရဲ့ အထွေထွေမန် နေဂျာ ဂယ်ရီလင့်ချ်က ပြောပါတယ်။

မျိုးဆက်ပေါင်းများစွာအထိ မပျက်စီးနိုင်တဲ့ ဒီဇိုင်းနဲ့ဆောက်ထားတဲ့ အဲဒီကုမ္ပဏီရဲ့သံမဏိဗုံးခိုကျင်းတွေထဲမှာ တစ်နှစ်စာ စားနပ်ရိက္ခာတွေပါရှိပြီး ငလျင်ဒဏ်လည်းခံနိုင်ပါသတဲ့။ တချို့က ဗုံးခိုကျင်းကို တစ်ယောက်တည်းသုံးချင်ပေမယ့် တချို့ကတော့ လက်တွေ့လောကနဲ့ မဝေးအောင် ရပ်ရွာအစုအဖွဲ့လိုက် ကမ္ဘာပျက်တဲ့နေ့ကို ဖြတ်ကျော်ချင်ကြပါတယ်။ ဒီလိုလုပ်ဖို့ကတော့ အသုံးမပြုတော့တဲ့ စစ်တပ်ပိုင်ဗုံးခိုကျင်းတွေနဲ့ ဒုံးပျံထားရှိတဲ့ မြေအောက်ကျင်းကြီးတွေ ဝယ်ယူဖို့လိုအပ်ပါတယ်။

တောင့်တင်းခိုင်မာစွာ ပြန်တည်ဆောက်ထားတဲ့ အဲဒီဗုံးခိုကျင်းတွေဟာ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မှုကိုခံနိုင်ရည်ရှိပြီး လျပ်စစ်ဓာတ်အားစနစ်၊ ရေသန့်စင်စနစ်တွေနဲ့ NBC ဆိုတဲ့ လေသန့်စင်စနစ်တွေ ပါဝင်ပါတယ်။ ဗုံးခိုကျင်းအများစုမှာ တစ်နှစ်၊ ဒါမှမဟုတ် တစ်နှစ်ကျော်ကျော်အထိ လုံလောက်တဲ့ စားနပ်ရိက္ခာတွေပါဝင်ပြီး ရိက္ခာပြန်ဖြည့်တင်းဖို့မြေမဲ့စိုက်ပျိုးနည်းနဲ့ စိုက် ပျိုးနိုင်တဲ့ ဥယျာဉ်တွေလည်းရှိပါတယ်။ ဒါအပြင် မြေအောက်မှာ ရေရှည်နေထိုင်ရေးအတွက် ဆရာဝန်မှအစ၊ ကျောင်းဆရာတွေအဆုံး အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပြည့်စုံစွာပါရှိတဲ့ အသိုက်အဝန်းတွေကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဖန်တီးပေးဖို့ ကြိုးစားနေပါ တယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း လစ်ဘရယ်ဝါဒီရော၊ ကွန် ဆာဗေးတစ်ဝါဒီတွေကပါ ဗုံးခိုကျင်းတွေ စိတ်ဝင်စားမှုတိုးပွားလာပြီး လွန်ခဲ့တဲ့ရက်သတ္တ ပတ်အနည်းငယ်အတွင်း မိမိတို့ရဲ့ဗုံးခိုကျင်းတွေ အကုန်ရောင်းလိုက်ရတယ်လို့ ဗင်စီးနိုးက ပြောပါတယ်။

အဆင့်မြင့်ဒီဇိုင်းဖြင့် ဖန်တီးသော နောဧရဲ့လှေကြီး

Vivos x Point ဆိုတဲ့ တောင်ပိုင်းဒါကိုတာပြည်နယ်၊ ဘလက်ဟေးလ်မြို့အနီးရှိ ဗုံးခိုကျင်းဟာ ၁၉၆၇ ခုနှစ်အထိ စစ်လက်နက်ပစ္စည်းသိုလှောင်ရုံအဖြစ် သုံးခဲ့တဲ့ စစ်ဘက်ဗုံးခိုကျင်း ၅၇၅ ကျင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ကျင်းတစ်ကျင်းမှာ လူဦးရေငါးထောင်စီနေထိုင်နိုင်ပြီး ပိုင်ရှင်တစ်ဦးလျင် ပြင်ဆင်မွမ်းမံစရိတ်ဒေါ်လာ ၂၅,၀၀၀ မှ ဒေါ်လာနှစ်သိန်းစီအထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ အဲဒီဗုံးခိုကျင်းကြီးမှာ မြို့ငယ်လေးတစ်မြို့အတိုင်း ဇာတ်ရုံ၊ စာသင်ခန်း၊ မြေမဲ့စိုက်ပျိုးရေးဥယျာဉ်၊ ဆေးခန်း၊ စပါ (Spa) နဲ့ အားကစားရုံ စတာတွေပါဝင်ပါတယ်။

Vivos Europa Oneဆိုတဲ့ ဗုံးခိုကျင်းကြီးကတော့ ဂျာမနီနိုင်ငံက စစ်အေးခေတ်က ခဲယမ်းဂိုဒေါင်ဟောင်းဖြစ်ပြီး ‘ခေတ်သစ်နောဧရဲ့လှေကြီး’ လို့ ကင်းပွန်းတပ်ပြီး ကြေညာထားပါတယ်။ ခိုင်ခံ့တဲ့ ကျောက်ဆောင် ကျောက်သားကိုထွင်းထားတဲ့ ဒီဗုံးခိုကျင်းကြီးမှာ အနည်းဆုံး စတုရန်းပေ ၂,၅၀၀ ကျယ်တဲ့ သီးသန့်အိမ် ၃၄ လုံး ပါဝင်ပါတယ်။ အဲဒီဗလာသက်သက်ဖြစ်တဲ့အိမ်တွေကို ဝယ်ယူသူ ပိုင်ရှင်က မိမိစိတ်တိုင်းကျ ဖြည့်စွက်မွမ်းမံအလှဆင်ရမှာပါ။ (ဥပမာ- တီဗီကြည့်ခန်း၊ ရေကူးကန်၊ အားကစားရုံ) အဲဒီအိမ်တွေဟာ မြေအောက်ရွက်သင်္ဘောတွေနဲ့ တူပြီး ပိုင်ရှင်တွေရဲ့ ကိုယ်ပိုင်ရွက်သင်္ဘော တည်ဆောက်ခဲ့တဲ့ ဒီဇိုင်းပညာရှင်တွေနဲ့ လက်သမားတွေကိုပဲ အလုပ် အပ်သင့်တယ်လို့ ဗင်စီးနိုးက ပြောတယ်။

”ဗုံးခိုကျင်းဝယ်သူအများစုဟာ အဆင့်မြင့် ဇိမ်ခံရွက်သင်္ဘောတွေပိုင်ကြတော့ သူတို့ဘယ်လိုပုံစံကြိုက်မှန်း သိပြီးသားဖြစ်တယ်။” အင်မတန်ကျယ်ဝန်းတဲ့ အဲဒီဗုံးခိုကျင်းကြီးထဲမှာ နေထိုင်သူတွေအနေနဲ့ စားသောက်ဆိုင်၊ ဇာတ်ရုံ၊ ကော်ဖီဆိုင်၊ ရေကူးကန်နဲ့ ဂိမ်းဆိုင်တွေသွားဖို့ ဓာတ်ရထားစနစ်လည်း ပါရှိပါတယ်။

”ဗုံးခိုကျင်းထဲမှာနေသူဟာ သူ့အိမ်ကို စွန့်ခွာသွားပေမယ့် သူ့အိမ်မှာပဲ ဆက်နေရသလို သက်သောင့်သက်သာဖြစ်အောင် ကျွန်တော်တု့ိက လုပ်ပေးထားပါတယ်။ ကျွန်တော်တို့ရောင်းတဲ့ ဗုံးခိုကျင်းတွေဟာ ဝယ်သူအတွက် အဆင့်မြင့်ဇိမ်ခံဒုတိယအိမ်တစ်လုံးလည်း ဖြစ်ပါတယ်” လို့ ယခုအခါ ဒုတိယမြောက် Survival Condo ကို အဲဒီနေရာ မှာ စတင်တည်ဆောက်နေပြီဖြစ်တဲ့ ဗင်စီးနိုးက ပြောပါ တယ်။ ”ဒီလက္ခဏာက ဝယ်သူတွေကို အသုံးစရိတ်အစား အရင်းပစ္စည်းတစ်ခုခုအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ခွင့် ပြုသလိုဖြစ်တယ်”

Survival Condo မှာ ကွဲပြားတဲ့ ဖွဲ့စည်းမှုတွေရှိပြီး စတုရန်းပေကိုးရာကျယ်တဲ့အိမ်မှအစ ဒေါ်လာ ၄.၅ သန်း တန် စတုရန်းပေ ၃,၆၀၀ ကျယ်တဲ့ နှစ်ထပ်ပင့်ဟောက်စ် တိုက်ခန်းအထိပါဝင်မှာပါ။

အန္တရာယ်ကျရောက်ဖို့ ကျိန်းသေလို့ပဲဖြစ်စေ၊ အပန်းဖြေဖို့ပဲဖြစ်စေ၊ ပိုင်ရှင်တွေဟာ ယင်းတို့ဝယ်ထားတဲ့ ဗုံးခိုကျင်းတွေကို အချိန်မရွေးအသုံးပြုနိုင်ပါတယ်။ ရေကူးကန်၊ ကုန်စုံဆိုင်၊ ပြဇာတ်ရုံ၊ အရက်ဆိုင်နဲ့ စာကြည့်တိုက်တွေလည်း ပါဝင်ပါတယ်။ ကွန်ဒိုအသင်းကြီးက နေထိုင်သူတွေအတွက် စည်းကမ်းထုတ်ထားပြီး အရေးပေါ်အခြေအနေမှာ ပိုင်ရှင်တွေဟာ တစ်နေ့ကို လေးနာရီ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

ရေရှည်စည်းစိမ်

တကယ်လို့ ကမ္ဘာပျက်ချိန်မှာ မိမိတစ်ယောက်တည်းနေမယ်၊ ဒါမှမဟုတ် မိမိစိတ်ကြိုက်ရွေးထားတဲ့ မိသားစု မိတ်ဆွေတွေနဲ့ အတူနေမယ်ဆိုရင် ‘ကမ္ဘာ့အကြီးဆုံး ဘီလျံနာဗုံးခိုကျင်း’လို့ ကြေညာထားတဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံ မှ The Oppidium ကို စဉ်းစားသင့်ပါတယ်။ အဲဒါဟာ တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုနဲ့ ချက်ကိုစလိုဗက်ကီးယား နိုင်ငံတို့က ၁၉၈၄ ခုနှစ်မှစပြီး ဆယ်နှစ်ကြာတည်ဆောက်ခဲ့တဲ့ ထိပ်တန်းလျို့ဝှက်ဗုံးခိုကျင်းကြီးဖြစ်ပါတယ်။ ယခု The Oppidium မှာ မြေပေါ်ခြံဝင်းနဲ့ စတုရန်းပေ ၇၇,၀၀၀ ရှိ မြေအောက်စခန်းကြီးတို့ ပါရှိပါတယ်။

မြေအောက်ဥယျာဉ်၊ ရေကူးကန်၊ Spa ၊ ရုပ်ရှင် ရုံနဲ့ ဝိုင်သိုလှောင်ရုံ စတာတွေ ပါဝင်မယ့် အဲဒီဗုံးခိုကျင်းမှာ အိမ်ဝယ်သူအပ်နှံတဲ့အတိုင်း တည်ဆောက်ပေးမယ်လို့ဆိုပါတယ်။ အဲဒီလို ဇိမ်ခံစရာပစ္စည်းတွေဟာ ဗုံးခိုကျင်းတွေအတွက် မလိုအပ်ဘူးလို့ တချို့က ယူဆကြပေမယ့် တည်ဆောက်သူတွေကတော့ အဲဒါတွေဟာ အသက်ဆက်လက်ရှင်သန်ရေးအတွက် သိပ်အရေးကြီးတယ်လို့ ဆင် ခြေပေးကြပါတယ်။”ဒီဗုံးခိုကျင်းထဲမှာ တစ်နှစ်၊ ဒါမှမဟုတ် အဲဒါ ထက်ပိုနေရမယ်ဆိုရင် သက်သောင့်သက်သာဖြစ်ဖို့ လိုမယ်ဗျ” လို့ ဗင်စီးနိုးက ပြောပါတယ်။

Ref : edition.cnn.com , Billionaire bunkers: How the 1% are preparing for the apocalypse ကို ဆီလျော်အောင် ပြန်ဆိုသည်။

နိုင်သီဟ