ကပ်ကာလအတွင်း ခေါင်းဆောင်များ၏ အမူအကျင့်ကောင်း ၄ မျိုး

စီးပွားရေးလုပ်ငန်းဆိုင်ရာခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုတွေဟာ ဒီလပိုင်းတွေမှာ သိသာထင်ရှားစွာ ပြောင်းလဲလို့လာခဲ့ပါပြီ။ COVID-19 မတိုင်မီက ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်တွေနဲ့ အမှုဆောင်အရာရှိချုပ်တွေဟာ ဆန်းသစ်တီထွင်မှု၊ ဝင်ငွေတိုးမြှင့်ရေးနဲ့ ဈေးကွက်ချဲ့ထွင်ရေးတွေကို အာရုံစိုက်အလေးထားဆောင်ရွက်ခဲ့ကြပါတယ်။

ခုချိန်မှာတော့ အဲဒီခေါင်းဆောင်တွေက အသုံးစရိတ်တွေထိန်းသိမ်းဖို့နဲ့ ငွေပေါ်လွယ်ဖို့ကိစ္စတွေအတွက် မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်အခြေအနေတွေဖြစ်နေပါတယ်။ ကုန်စည်စီး ဆင်းမှုကိစ္စတွေ၊ အဖွဲ့ဝင်အင်အားလျော့ချရတာတွေ၊ လုပ်ငန်းလည်ပတ်ဖို့အတွက် စိန်ခေါ်မှုတွေ စသဖြင့် ကြိုမမြင်နိုင်တဲ့ အတားအဆီးတွေကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဲဒီအရာတွေက ဒီခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ ဦးစားပေးအရာတွေကို ကြီးကြီးမားမားပြောင်းလဲပစ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီခေါင်းဆောင်တွေနဲ့ သူတို့အဖွဲ့ဝင်တွေဟာ ကျန်းမာရေးနဲ့လုံခြုံမှုကိစ္စရပ်တွေ၊ တစ်ယောက်နဲ့တစ်ယောက် အဝေးတစ်နေရာဆီကနေ အလုပ်လုပ်နိုင်ဖို့နဲ့ ဒီကပ်ကာလအတွင်းမှာ ကိုယ့်ရဲ့မိသားစုအသီးသီးကို ထောက်ပံ့နိုင်ဖို့ အစရှိတဲ့ ကိစ္စရပ်တွေအတွက် နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်နေရပါတယ်။

ဒါဟာ လွယ်ကူတဲ့အခါသမယတော့ မဟုတ်ပါဘူး။ ဒီခေါင်းတောင်တွေဟာ သူတို့ရဲ့ခေါင်း ဆောင်မှုနဲ့ပတ်သက်ပြီး လုံလောက်အောင် ပြင်ဆင်မထားတဲ့အပိုင်းတွေမှာ စာမေးပွဲစစ်ဆေးခဲ့ရဖို့ရှိပြီး ရဖို့ရှိတဲ့သင်ခန်းစာတွေက တန်ဖိုးကြီးသွားနိုင်ပါတယ်။ သူတို့ရဲ့အထက်လူကြီးတွေနဲ့ လုပ်ငန်းရှင်တွေဆီကနေ၊ ဒါမှမဟုတ် အခြားသောသူတွေဆီကနေ အလင်းပြခြင်း (Coaching) တွေခံယူဖို့ လိုအပ်လာနိုင်ပါတယ်။

အမှုဆောင်အရာရှိအဆင့်ရှိသူ ၂၁,၀၀၀ ကျော်ကို ခေါင်းဆောင်မှုဆိုင်ရာစစ်ဆေးမှုတွေ လုပ်ဆောင်ပေးခဲ့ရသမျ ကျွန်တော်တို့ SMART ရဲ့ သုတေသနအဖွဲ့ဝင်တွေ တွေ့ရှိလာခဲ့တာကတော့ ခက်ခဲတဲ့ကပ်ကာလကို ကျော်လွန်ရှေ့ဆက်နိုင်ဖို့အတွက် ခေါင်းဆောင်များနဲ့မိမိတို့ဦးဆောင်နေတဲ့အဖွဲ့ဝင်တွေ ကျင့်ကြံဖို့လိုအပ်တဲ့အမူအကျင့် လေးမျိုးရှိပါတယ်။ ခေါင်းဆောင်တွေက တိကျမှုထက် မြန်ဆန်မှုကို ဦးစားပေးဆုံးဖြတ်ချက်ချခြင်း၊ ရွေးချယ်မှုကို ရဲရဲရင့်ရင့်လုပ် ဆောင်ခြင်း၊ ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းခြင်းနဲ့ သက်ရောက်မူတိုင်းအတွက် မျက်ခြည်မပြတ်ခြင်းဆိုတဲ့ အချက်လေးချက်ကို လုပ်ဆောင်ဖို့လိုပါတယ်။ အောက်မှာ ဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ဒီအမူအကျင့်လေးမျိုးနဲ့ သက်ဝင်ပြီးသင့်ရဲ့ခေါင်းဆောင်တွေကို အလင်းပြခြင်း (Coaching) လုပ်ပေးတဲ့အခါမှာ သင့်ကိုလမ်းညွှန် မှုတွေပေးနိုင်ပါလိမ့်မယ်။

အမူအကျင့် ၁

တိကျမှုထက် မြန်ဆန်မှုကို ဦးစားပေးဆုံးဖြတ်ခြင်း

အခြေအနေတွေက နေ့စဉ်နဲ့အမျပြောင်းလဲနေပါတယ်။ နာရီနဲ့အမျပြောင်းလဲနေတယ်လို့တောင် ဆိုနိုင်ပါတယ်။ အကောင်းဆုံးသောခေါင်းဆောင်တွေကတော့ ရနိုင်သမျသတင်းအချက်အလက်တွေနဲ့ မြန်မြန်သွက်သွက် အလုပ်လုပ်ကြပါတယ်။ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို ခပ်မြန်မြန် စိစစ်တွက်ချက်ပြီး ယုံကြည်ချက်အပြည့်နဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပါတယ်။

ကပ်ကာလအတွင်းမှာ သိရကြားရတဲ့အရာတွေက မတန်တဆများနေပြီး သတင်းအချက်အလက် မပြည့်စုံတာတွေ၊ ကိုယ်စိတ်ဝင်စားတဲ့အရာနဲ့ ဦးစားပေးလုပ်ရမယ့်အရာ ရွေးချယ်ဖို့ ခက်ခဲတာတွေဖြစ်လာမယ်။ စိတ်လှုပ်ရှားခံစားမှုတွေလည်း မြင့်မားနေတတ်ပါတယ်။ ကြီးမားတဲ့အဖွဲ့အစည်းတွင်းမှာ အများသဘောကို ရယူရလေ့ရှိတဲ့သဘာဝအတိုင်း စိစစ်မှုတွေကြောင့် တုံ့ဆိုင်းခြင်းက ပိုပြီးဆိုးရွားတဲ့ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းဆောင်တွေဟာ ဒီလိုဆင်နွှဲမှုတွေကိုချိုးဖျက်ပြီး ကိုယ့်ရဲ့ကုမ္ပဏီအဖွဲ့အစည်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် လေ့ကျင့်ပြုစုပေးရခြင်းနဲ့အတူ အရေးအကြီးဆုံးကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်ပြီး ရေတိုရေရှည်အောင်မြင်မှုရရှိစေဖို့ လုပ်ဆောင်ရပါတယ်။ ဒီလိုလျင်မြန်တဲ့ ဆုံးဖြတ်ချက်ချဖို့အတွက် ရိုးရှင်းပြီးတိုင်းတာလို့ရတဲ့ မူဘောင်တွေကအရေးကြီးပါတယ်။

သင်နဲ့သင့်ရဲ့ခေါင်းဆောင်တွေ လုပ်ဆောင်ရမယ့်အရာတွေကတော့

– ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို သတ်မှတ်ထားရှိပါ။ အရေးကြီးဆုံး လုပ်ဆောင်ရမယ့်အရာသုံးခု သို့မဟုတ် ငါးခုကိုရွေးထုတ်ဖော်ဆောင်ပါ။ ကပ်ကာလ အစောပိုင်းအချိန်မှာ ဝန်ထမ်းတွေရဲ့လုံခြုံရေး ဘေးကင်းရေး၊ ဘဏ္ဍာရေးဆိုင်ရာငွေဖြစ်လွယ်မှု၊ ဝယ်သူများကိုဂရုစိုက်ရေးနဲ့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေး စတဲ့အချက်တွေ ပါဝင်နိုင်ပါတယ်။ ကိုယ်ရွေးထုတ်ထားတဲ့အရာတွေကို ရေးချမှတ်သားထားပါ။ အဲဒီအရာတွေကို ကိုယ့်ရဲ့ခေါင်းဆောင်တွေ အပြည့်အဝလိုက်ပါလုပ်ဆောင်စေပါ။ အမှန်တကယ် လုပ်ဆောင်တဲ့အချိန်မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေကို လုပ်သွားပါ။

– မှန်ကန်တဲ့ချိန်ဆမှုနဲ့ အတိုးအလျော့ပြုလုပ်ပါ။ သင်ရွေးထုတ်ထားတဲ့ ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေထဲကနေ ဘယ်လိုအဆင်မပြေမှုတွေ ဖြစ်လာနိုင်သလဲ။ အရေးပေါ်လုပ်ရမယ့်အရာနဲ့ အရေးတကြီးလုပ်ရမယ့်အရာတွေ ထိပ်တိုက်တွေ့နေသလား။ ဒီနေ့ ရှင်သန်ဖို့အရေးနဲ့ နက်ဖြန်အောင်မြင်ဖို့အရေး နှစ်ခုကြားက ရွေးချယ်မှု စသဖြင့်။

အကောင်းဆုံးသောခေါင်းဆောင်တွေကတော့ ဖြစ်နိုင်ခြေအားလုံးကို လိုက်ပြီးစဉ်းစားနေတာထက် သူတို့ရဲ့ဦးစားပေးလုပ်ဆောင်မယ့်အရာတွေကို အောင်မြင်မှုယန္တရားအဖြစ် အတိုးအလျော့ကို ချိန်ဆလုပ်ဆောင်နိုင်ဖို့ အားစိုက်လုပ်ဆောင်ကြပါတယ်။

– ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူကို ရွေးထုတ်ပါ။ သင့်ရဲ့စစ်မြေပြင်ဗဟိုထိန်းချုပ်စခန်းထဲမှာ ဘယ်သူကဘာလုပ်ပိုင်ခွင့်ရှိသလဲဆိုတာကို ဆုံးဖြတ်ချက်ချမှတ်ပါ။ ရှေ့တန်းမှာရှိနေတဲ့သူတွေ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခွင့်ပေးထားပါ။ ဘယ်အချိန်မှာ၊ ဘယ်သူ့ကို၊ ဘယ်လိုအခြေအနေရောက်ရင် သတင်းပို့ဖို့ လိုအပ်တယ်ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း အသိပေးထားပါ။ ဒီနေရာမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေကို အောက်ခြေပိုင်းတွေမှာ ပိုပြီးပေးထားရပါမယ်။

– ဆောင်ရွက်ချက်တွေအပေါ် ယုံကြည်မှုထားပါ။ အမှားအယွင်းတွေအတွက် အပြစ်ပေးစီရင်တာတွေမလုပ်ပါနဲ့။ လုပ်ဆောင်မှုခြေလှမ်းအမှားတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာစမ်းသပ်မူ တွေအရ ဘာမှမလုပ်ဖြစ်လိုက်တဲ့အခြေအနေက ပိုပြီးဆိုးရွားတဲ့ရလဒ်တွေကို ဖြစ်စေပါတယ်။

အမူအကျင့် ၂

ရွေးချယ်မှုကို ရဲရဲရင့်ရင့်လုပ်ဆောင်ခြင်း

သန်မာတဲ့ခေါင်းဆောင်တွေဟာ ပြောင်းလဲနေတဲ့အခြေအနေထက် ရှေ့ရောက်နေလေ့ရှိကြပါတယ်။ ခြားနားတဲ့အရင်းအမြစ်ကနေပြီး သတင်းအချက်အလက်တွေ၊ အကြံပြုချက်တွေကိုရယူတယ်။ သူတို့မသိတာကို မသိဘူးလို့ ဝန်ခံဖို့မကြောက်ဘူး၊ လိုအပ်တဲ့အချိန်မှာ ပြင်ပကကျွမ်း ကျင်သူတွေကို ဖိတ်ခေါ်ကြတယ်။

သင်နဲ့သင့်ရဲ့ခေါင်းဆောင်တွေ လုပ်ဆောင်ရမယ့် အရာတွေကတော့

– မလုပ်ရမယ့်အရာတွေကို ဆုံးဖြတ်ချက်ချပါ။ ကြီးမားပြီးအကုန်အကျများနိုင်တဲ့ အစီအစဉ်တွေ၊ အကျိုးဆက်ကို တွေးတောထားခြင်းမရှိတဲ့ ဦးစားပေးအစီအစဉ်တွေကို ရပ်တန့်ထားပါ။ မလုပ်ဖို့သင်ရွေးချယ်ထားတဲ့အချက်တွေကို လူသိရှင်ကြားချပြပါ။

– မနေ့က သင်မှတ်သားထားတဲ့ လုပ်ဆောင်မှုမှတ်တမ်းတွေကို လွှင့်ပစ်လိုက်ပါ။ မနေ့ကအထိ ရလဒ်ကောင်းတွေ ရစေတဲ့လုပ်ဆောင်မှုတွေဟာ အချိန်နဲ့အမျပြောင်းလဲနေတဲ့ အခြေအနေမျိုးမှာ ဒီနေ့အတွက် မသင့်တော်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးခေါင်းဆောင်တွေကတော့ ချိန်ညှိမှုတွေကို ခပ်မြန်မြန်လုပ်ဆောင်ပြီး နောက်ထပ်ရင်ဆိုင်တိုက်ပွဲဝင်ရမယ့် အစီအမံအသစ်တွေကို ဖော်ထုတ်ကြပါတယ်။

– ရှေ့တန်းမှာရှိနေ လုပ်ဆောင်နေသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုအားကောင်းပါစေ။ အသက်ရှင်ဖို့ အလားအလာရှိသူကို ဦးစားပေးကုစားရမယ့် အခြေအနေ (Triage Situation )မျိုးမှာ မြေပြင်အနေအထား လက်ရှိဖြစ်တည်မှုအခြေအနေကို တိတိကျကျသိရှိနိုင်ဖို့က အရေးပါပါတယ်။ ကုန်စည်ထုတ်လုပ်ပို့ ဆောင်ခြင်းလုပ်ငန်းကို လုပ်ဆောင်နေတာပဲဖြစ်ဖြစ်၊ စွန့်ပစ်ပစ္စည်းတွေကို စီမံလုပ်ကိုင်နေတဲ့ လုပ်ငန်းမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆေးဝါးကုမ္ပဏီမျိုးကို စီမံနေရတာပဲဖြစ်ဖြစ်၊ ခေါင်းဆောင်တွေအနေနဲ့ အခြေအနေအရ လိုအပ်တဲ့စစ်ဆေးမှုတွေကို ခပ်စောစောနဲ့ မကြာ ခဏလုပ်ဆောင်ပေးရပါမယ်။ အရေးပါတဲ့ နည်းလမ်းတစ်ခုကတော့ ဒေသခံခေါင်းဆောင်တွေနဲ့ လူသိများပြီး ကပ်ကာလနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဝယ်သူ၊ ရောင်းသူ၊ ဝန်ထမ်းနဲ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ရှယ်ယာရှင်တွေအားလုံး စိတ်သဘောထားတွေကို သေသေချာချာသိနားလည်ပြီး ပြန်ပြောပြနိုင်တဲ့သူတွေကို ချိတ်ဆက်ထားတဲ့ ကွန်ရက်အဖွဲ့မျိုး ထားရှိသင့်ပါတယ်။ နည်းပညာအကူအညီနဲ့ အဖွဲ့ဝင်အသီးသီးကို တစုတစည်းတည်းဖြစ်စေနိုင်ပါတယ်။ အဖွဲ့အတွင်းကိစ္စရပ်တွေ၊ အဖြေတွေ၊ ကြံဆမှုတွေနဲ့ အကောင်းဆုံးလုပ်ဆောင်မှုတွေကိုဝိုင်းပြီး တွေးတော အကြံဉာဏ်ရယူနိုင်ပါတယ်။ ထိထိရောက်ရောက်လုပ် ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ လှည့်ပတ်နေတဲ့ လုပ်ငန်းလည်ပတ်မှုအထဲမှာ ရှိနေတဲ့ အချက် အလက်တွေကိုရယူနိုင်တဲ့ ဧရိယာတိုင်တွေကို ထားရှိတတ်ကြပါတယ်။

အမူအကျင့် ၃

ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းခြင်း

အကောင်းဆုံးသော ခေါင်းဆောင်တွေဟာ မိမိတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုများစွာက ကိုယ်ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေရင်တောင် ကပ်ကာလအတွင်း ကိုယ့်တာဝန်ကိုယ်ယူတယ်။ ကိုယ့်ရဲ့အဖွဲ့နဲ့တစ်သားတည်းရှိနေဖို့ အာရုံစိုက်တယ်။ လုပ်ဆောင်မှုတွေကိုစောင့်ကြည့်ဖို့ အသစ်သောနည်းစနစ်တွေကို ထူထောင်တယ်။

သင်နဲ့သင့်ရဲ့ခေါင်းဆောင်တွေ လုပ်ဆောင်ရမယ့် အရာတွေကတော့

– နေ့စဉ်ဦးစားပေးလုပ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့မှတ်တမ်းကို မျက်ခြည်မပြတ်ဘဲ ထိန်းညှိလုပ်ဆောင်ပါ။ခေါင်းဆောင်တွေဟာ မိမိတို့ရဲ့ပထမဦးစားပေးလုပ် ဆောင်မယ့်အရာငါးခုကို တိုတိုရှင်းရှင်းမှတ်သားပြီး အဲဒီလုပ်ဆောင်မယ့်အရာတွေကို လိုက်လျောညီထွေမှု ရှိစေဖို့ ပြင်ဆင်ထားရပါမယ်။ ဒီဦးစားပေးလုပ်ဆောင် စရာတွေကို ဘယ်လိုလုပ်ဆောင်နေလဲဆိုတာကို နေ့တိုင်းမဟုတ်တောင် အပတ်စဉ်အချိန်မှန်ပြန်လည် ဆန်းစစ်မှုတွေ လုပ်ရပါမယ်။ မိမိရဲ့ခေါင်းဆောင် တွေက ဒီအချက်အလက်တွေကို တိုက်ရိုက်ရီပို့စ်တင်ဖို့လည်း သေချာလုပ်ဆောင်ရပါမယ်။ တစ်နေ့ ပြီးဆုံးသွားချိန် ဒါမှမဟုတ် တစ်ပတ်တာလုပ်ဆောင်မှုတွေအထဲက အလေးထားစရာအချက်တွေကို ပြန်လည်ဆန်းစစ် မှတ်တမ်းတင်ပါ။

– စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ဖို့အတွက် စွမ်းဆောင်ရည်အမှတ်ပေးစနစ်များ ထားရှိပါ။ တစ်ပတ်တာအတွက် အရေးကြီးဆုံးစနစ်သုံးခု ဒါမှမဟုတ် ငါးခုကို ရွေးချယ်ပြီး တစ်ခုချင်းစီအတွက် သင့်ရဲ့ခေါင်းဆောင်တွေကို ပြန်ပြီးအစီရင်ခံစေပါ။

– ကိုယ်ရောစိတ်ပါ တိုက်ပွဲဝင်ရန် အသင့်အနေအထားမှာ ရှိစေပါ။ ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းခြင်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ခေါင်းဆောင်တွေအနေနဲ့ အခြားသူတွေက တုန်လှုပ်ခြောက်ခြားနေတဲ့အချိန် ဖြစ်နေရင်တောင် ကိုယ်ကတော့အေးဆေးတည်ငြိမ် နေရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကျန်းမာစေတဲ့ အစားအစာတွေစားပေးရမယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေလုပ်ရမယ်။ တရားထိုင်တာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့ကျန်းမာရေးအတွက် အကောင်း ဆုံးဖြစ်မယ့်အရာတွေကို လုပ်ဆောင်ပေးရပါမယ်။ ကိုယ့်ရဲ့စွမ်းအင်တွေကို ချိန်ဆပြီးသုံးစွဲတတ်ရမယ်။ စိတ်ခံစားမှုကို ထိန်းသိမ်းပြီး ကိုယ့်ရဲ့ယန္တရားတစ်ခုလုံးကို သေချာကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။

အမူအကျင့် ၄

သက်ရောက်မှုတိုင်းအတွက် မျက်ခြည်မပြတ်ခြင်း

ခက်ခဲတဲ့ကာလအချိန်မျိုးမှာ ကိုယ့်ရဲ့အဖွဲ့ကို ဂရုစိုက်ပေးရတာထက်ပိုပြီး အရေးကြီးတဲ့အလုပ်မရှိပါဘူး။ ထိထိရောက်ရောက်လုပ်ဆောင်တတ်တဲ့ ခေါင်းဆောင်တွေကတော့ မိမိအဖွဲ့အစည်းတို့ရဲ့ အခြေအနေနဲ့ဦးတည်ချက်ကို ကောင်းကောင်းနားလည်ကြပါတယ်။ ဒါပေမဲ့ အဲဒါထက်ပိုပြီး ထိတွေ့နိုင်ဖို့၊ ကိုယ့်အဖွဲ့ဝင်တွေကို လှုံ့ဆော်ပေးနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေကြတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာလည်း အရေးကြီးတဲ့ ပန်းတိုင်သစ်ရည်မှန်းချက်အသစ် တွေကို ရှင်းရှင်းလင်းလင်း သေချာကျနစွာ ပြောဆိုလုပ်ဆောင်ကြပါတယ်။

ဒီနေရာမှာ ပိုပြီးဂရုစိုက်ရဖို့လိုအပ်တာကတော့ Covid-19 ကပ်ဆိုတာ ကျန်းမာရေးဆိုင်ရာကပ်ဘေးတစ်ခုဖြစ်ပေမယ့် စီးပွားရေးကပ်တစ်ခုအဖြစ် မီးကူးဖို့ရှိနေပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ အသစ်အသစ်သော ဦးစားပေးလုပ်ရမယ့်အရာတွေကို မကြာမကြာ ထပ်လောင်းဖြည့်စွက်ခြင်းအားဖြင့် ဖိအားတွေနဲ့ပြည့်နှက်နေပြီး ကပ်ဘေးကြာရှည်နိုင်တဲ့ အခြေအနေမျိုးမှာ စဉ်ဆက်မပြတ် ချိန်ညှိလုပ်ဆောင်မှုတွေကို သေသေချာချာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

သင်နဲ့သင်ရဲ့ ခေါင်းဆောင်တွေလုပ်ဆောင်ရမယ့်အရာတွေကတော့

– အဖွဲ့ဝင်တစ်ယောက်စီနဲ့ ချိတ်ဆက်မှုရှိရပါမယ်။ နေ့စဉ်အနည်းဆုံး ငါးကြိမ်လောက်အထိ အနီးကပ်ထိ တွေ့စစ်ဆေးမှုလုပ်ပေးပါ။ အဲဒီလုပ်မယ့်အချိန် ဇယားကိုပြက္ခဒိန်ပေါ်မှာ မှတ်သားထားပါ။ အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဦးစားပေးပြောဆိုဆွေးနွေးပါ။ ပြီးမှ အလုပ်ကိစ္စကိုပြောပါ။ တချို့ ခေါင်းဆောင်တွေကတော့ မိနစ် ၃၀ စာ ပေါ့ပေါ့ပါးပါးတိုက်ရိုက်သတင်းပို့ခြင်းကို ဇသသာကို အသုံးပြုပြီး အပတ်စဉ်လုပ်ဆောင်ပါတယ်။ အဖွဲ့ဝင်တွေက သူတို့ ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ပြောပြခြင်းနဲ့အတူ တစ်ပတ်တာအရေးကြီးတင်ပြစရာတွေကို တင် ပြကြပါတယ်။

– သင့်အဖွဲ့သားတွေကို ထဲထဲဝင်ဝင်သိနိုင်ဖို့ လုပ်ဆောင်ပါ။ ဆက်သွယ်မှုပြတ်သောက်သွားတဲ့အခါ ခေါင်းဆောင်တွေက အဖွဲ့သားတွေရဲ့အမြင်တွေ၊ အကြံပေးမှုတွေမရှိဘဲ လုပ်ဆောင်ကြရပါတယ်။ ဒီလိုအဖြစ်မျိုးက ဝေးကွာတဲ့လုပ်ငန်းခွင်မျိုးမှာ ဖြစ်နိုင်ဖို့များပြီး သတ်မှတ်စံနှုန်းထက်လျော့နည်းတဲ့ ရလဒ်မျိုးတွေ ရတတ်ပါတယ်။

– လိုအပ်သလို အကူအညီတောင်းခံပါ။ အကောင်းဆုံး ခေါင်းဆောင်တွေက အရာရာတိုင်းကို သူတို့တစ်ဦး တည်းမလုပ်နိုင်ဘူးဆိုတာကို သူတို့သိကြပါတယ်။ ကိုယ့်အဖွဲ့ရဲ့တည်ဆောက်ပုံကို သေချာခွဲခြားသိမှတ်ပြီး အဓိကလုပ်ဆောင်မှုတွေကို အကူအညီပေးမယ့်သူတွေကို သတ်မှတ်ရွေးချယ်ထားရှိပေးပါ။

– ကိုယ့်ရဲ့ဝန်ထမ်းကိုရော၊ ကိုယ့်ရဲ့ဝယ်သူတွေကိုပါ အာရုံစိုက်ပါ။ ကိုယ့်ရဲ့ဝယ်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် သူတို့ဆီကို ရောက်နိုင်ဖို့ကြိုးစားပါ။ ထိခိုက်မှုကင်းရှင်းဖို့ကိုတော့ ဦးစားပေးပါ။ သင့်ရဲ့ ဝယ်သူတွေအကြား သတင်းအချက်အလက်တွေကို ရယူပါ။ မှတ်တမ်းတင်ထားပါ။ ဆက်ဆံရေးကောင်းကို တည်ဆောက်ပြီး ယုံကြည်မှုပိုတိုးပွားစေနိုင်ဖို့အတွက် သင့်ရဲ့ဝယ်သူတွေကို အမှန်တကယ်ကူညီနိုင်မယ့် နည်းလမ်းတွေကို ကြံဆဖော်ထုတ်ပါ။ ဥပမာ အားဖြင့် သူတို့အတွက် အဆင်ပြေလွယ်ကူစေမယ့် ငွေပေးချေမှုအချိန်ဇယားကို ညှိနှိုင်းပေးပါ။ အခမဲ့ဝန်ဆောင်မှုပေးတာမျိုး၊ အစမ်းသုံးဝန်ဆောင်မှုမျိုး ဖန်တီးပေးပါ။

ကိုယ့်ရဲ့ဝန်ထမ်းအလုပ်သမားတွေကို အကူအညီပေးနိုင်ဖို့အတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ဦးဆောင်ပြီး ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးကို အလေးထားလုပ်ဆောင်ပေးပါ။ မုန်တိုင်းထန်တဲ့ကာလမျိုးမှာ စာနာရိုင်းပင်းခြင်းက အများကြီးခရီးပေါက်စေပါတယ်။ ရှေ့တန်းမှာ တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်နေရတဲ့ ဝန်ထမ်းမျိုးအတွက် လိုအပ်တဲ့ ကိရိယာအသုံးအဆောင်တွေကို ထောက်ပံ့မှုအပြည့် ပေးထားပါ။ (ထိတွေ့သတင်းထုတ်ပြန်ပေးရသူ၊ စာပို့ လုပ်ငန်း၊ အမှိုက်သိမ်းခြင်းစသည်။)

– အပြုသဘောဆောင်တဲ့ သတင်းကောင်းတွေကို စုစည်းပြီး သေချာသိအောင်ဖြန့်ဝေပေးပါ။ များစွာသော ကုမ္ပဏီတွေက အသက်ကယ်ခြင်း၊ ဆေးပစ္စည်းထုတ်လုပ်ခြင်း၊ ဈေးကွက်ကိုပိုပြီးထိထိရောက်ရောက် လည်ပတ်စေဖို့ ကူညီပေးခြင်း၊ ဒါမှမဟုတ် ပျော်ရွှင်စရာတွေကို ဖန်တီးပေးခြင်း အစရှိတဲ့ မြင့်မြတ်ကောင်း မွန်တဲ့ဦးတည်ချက်တွေနဲ့ ရပ်တည်နေကြပါတယ်။ သင့်ရဲ့ရည်မှန်းချက်က ဘာပဲဖြစ်နေပါစေ၊ သင့်ရဲ့သူရဲကောင်းတွေနဲ့ နေ့စဉ်အောင်ပွဲခံပါ။ ဒီလိုခက်ခဲချိန် မှာ ရိုးရိုးရှင်းရှင်းနေထိုင်ရင်း အကျိုးပြုနိုင်ခြင်းက သူရဲကောင်းပီသခြင်းပဲဖြစ်ပါတယ်။

ကပ်ကာလဦးဆောင်မှုအတွက် သင့်ရဲ့အဖွဲ့သားများကို သင်တန်းပေးခြင်း

ခေါင်းဆောင်အများကို ဦးဆောင်နေရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သင်ဟာ အမြဲတမ်းပြောင်းလဲနေတဲ့ အသစ်အသစ်သော ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို သတ်မှတ်အချိန်ကာလအတိုင်း တုံ့ပြန်လုပ်ဆောင်ရပါမယ်။ သင့်ရဲ့ ခေါင်းဆောင်မှုသက်ရောက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ဖို့လိုအပ်တဲ့ အသေးစားရင်းနှီးမြှုပ်နှံမှု တချိူ့ဖြစ်တဲ့ ကိုယ့်အဖွဲ့ကို အထောက်အပံ့ပေးတာ၊ COACHING လုပ်ပေးတာမျိုးကိုလည်း လိုအပ်သလို လုပ်ဆောင်နိုင်ပါတယ်။

ခက်ခဲတဲ့ကပ်ကာလဟာ သင့်ရဲ့ခေါင်းဆောင်တွေ ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကို လှစ်ဟပြပေး ပါလိမ့်မယ်။ ရုတ်တရက်တောက်လောင်လာတဲ့မီးကို ထိန်းချုပ်လိုက်နိုင်ပြီဆိုရင်တော့ ခဏလောက် ဝင်သက်ထွက် သက်လေးရှူရှိုက်ရင်း ဖြစ်ပျက်သမျကို ဘယ်သူကဘယ် လို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ဖြေရှင်းလိုက်တာလဲ၊ ဘယ်သူကတော့ဖြင့် ရုန်းကန်ရင်ဆိုင်ခဲ့ရသလဲ၊ အကြောင်းရင်းက ဘာတွေလဲဆိုတာကို တွေးကြည့်ပါ။ ကပ်ကာလအလွန်မှာ တာဝန်ပေးရမယ့်သူတွေနဲ့ အခန်းကဏ္ဍ ဘယ်လိုပြောင်းလဲ ရမယ်၊ သင့်ရဲ့အဓိကကျတဲ့ ခေါင်းဆောင်တွေဟာ အောင်မြင်မှုအတွက် နေရာမှန်မှာရှိနေရဲ့လားဆိုတာတွေ ကို စဉ်းစားကြည့်ပါ။ နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ လက်ရှိကပ်ဘေးကြုံတွေ့ရတဲ့ အချိန်မျိုးမှာရော၊ ကိုယ် မျော်လင့်တောင့်တနေတဲ့ မနက်ဖြန်ကို ဝင်ရောက်သွားနိုင် တဲ့အချိန်မှာရော ဘယ်လိုလူနဲ့ တစ်စားပွဲတည်းမှာ အလုပ်အတူလုပ်ချင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးလိုက်ပါ။

4 Behaviors That help leaders Manage a Crisis by Chrislicholos, Shorma Chattesjee Hayden and Chris Trendler ကိုပြန်ဆိုပါသည်။

စောဒေးဗစ်